၂၀၁၄ အတွင်း ဖုန်းဆင်းကတ်၂၃ သန်းကျော် ရောင်းချမယ်လို့ အူရီးဒူးကုမ္ပဏီ ပြောကြား



 မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ အူရီးဒူး Ooredoo လက်ကိုင်ဖုန်း ဆင်းကတ်ပေါင်း ၂၃ သန်းကျော် ဒီနှစ် ၂၀၁၄ ခုနှစ်အတွင်း ရောင်းချဖို့စီစဉ်ထားတယ်လို့ အူရီးဒူးမြန်မာကုမ္ပဏီက ဒီကနေ့ ပြောလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်မှာကျင်းပတဲ့ အူရီးဒူးမြန်မာရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းပြန်ကြားရေးနဲ့ ဆက်ဆံရေးအရာရှိ မသီရိကြာညို က အခုလိုပြောခဲ့တာပါ။



 

"သြဂုတ်လ ၁၅ ရက်နေ့ကစပြီးတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ အနီးတဝိုက်မှာရှိတဲ့ မြို့ကြီး ၆၈ မြို့ကို ရောင်းချပေးသွားမှာဖြစ်ပါတယ်၊ အဲ့မှာတင်ရပ်သွားမှာ မဟုတ်ပါဘူး၊ ဒီနှစ်ကုန်မှာ ကွန်ရက်ကပိုပြီးတော့ ကျယ်ပြန့်လာမှာပါ၊ ၂၃.၂ သန်းကျော်အထိ ပြည်သူလူထုကို ဒီနှစ်ကုန်မှာ ကျမတို့ရဲ့ အဆင့်မြင့်နည်းပညာနဲ့ မိုးဘိုင်းဝန်ဆောင်မှု နည်းပညာကနေပြီးတော့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ပေးနိုင်တော့မှာပါ"
အူရီးဒူး ဆက်သွယ်ရေးလိုင်းကို အသုံးပြုသူတွေဟာ အူရီးဒူးဖုန်းအချင်းချင်းဆက်သွယ်ခ တစ်မိနစ်ကို ၂၅ ကျပ်နှုန်း၊ အူရီးဒူးဖုန်းကနေ တခြားဖုန်းလိုင်းတွေကို ဖုန်းဆက်သွယ်မယ်ဆိုရင် ၃၅ ကျပ်နှုန်း၊ စာတစ်စောင် ပို့မယ်ဆိုရင် ၂၅ ကျပ်နှုန်းနဲ့ Data ပို့မယ်ဆိုရင် 1MB ကို ၂၅ ကျပ်နှုန်းကုန်ကျမှာဖြစ်ပါတယ်။



 

ဒါ့အပြင် အင်တာနက် အသုံးပြုမယ့်သူတွေအတွက် ၀န်ဆောင်မှုပုံစံအမျိုးမျိုးကို စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ 3G အူရီးဒူး ဆက်သွယ်ရေးဖုန်းလိုင်းတွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးတွေမှာ လိုင်းတစ်လိုင်းကို မြန်မာကျပ်ငွေ ၁၅၀၀ နှုန်းနဲ့ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။


 

ဒီနေ့ သြဂုတ်လ ၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ စမ်းသပ်ကာလအတွင်း အခမဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ အခမဲ့ အင်တာနက် အသုံးပြုတာတွေကို ၀န်ဆောင်မှုပေးထားတယ်လို့လည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အူရီးဒူးမြန်မာ ကုမ္ပဏီက ပြောပါတယ်။


 

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဆက်သွယ်ရေးနဲ့ နည်းပညာကဏ္ဍမှာ ကာတာနိုင်ငံအခြေစိုက် အူရီးဒူး ဆက်သွယ်ရေးကုမ္ပဏီနဲ့ နော်ဝေးနိုင်ငံအခြေစိုက် တယ်လီနော ကုမ္ပဏီနှစ်ခုကို လုပ်ကိုင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။



RFA Burmese

0 comments:

Post a Comment