အရည်အသွေးမြင့် တန်ဖိုးသင့်မိုဘိုင်း ထုတ်ကုန်များ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် Intel မှ ပူးပေါင်းဆောင်ရွက် သွားမည်ဟုဆို


အမေရိကန် အခြေစိုက်ကုမ္ပဏီ တစ်ခုဖြစ်သော Intel မှ  ၎င်း၏ OEMs (Original Equipment Manufacturers) နှင့် ODMs (Original Design Manufacturers) နည်းပညာအခြေပြု Solution များကို အသုံးပြု၍ အရည်အသွေးမြင့်မားပြီး တန်ဖိုးသင့်တင့်မှုရှိသော မိုဘိုင်းထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် ပြည်တွင်းရှိ တွဲဖက်လုပ်ကိုင် လိုသူများဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


"အိုင်တီနည်းပညာ ကနေရရှိနိုင်တဲ့ အခွင့်အလမ်းတွေ မြန်မာပြည်မှာ တိုးတက်များပြားလာနေ ပြီဖြစ်တဲ့အတွက် Intel အနေနဲ့ ပြည်တွင်းကနည်းပညာ ဖွံ့ဖြိုးတိုးတက်အောင်  လုပ်ဆောင်နေတဲ့ ပါတနာတွေနဲ့ ပူးပေါင်းပြီး ပညာရေးလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းငယ်တွေမှာ Intel ရဲ့ နည်းပညာတွေကို ထောက်ပံ့ပေးသွားဖို့ရှိပါတယ်။ ဒါ့အပြင်  အရည်အသွေးမြင့်မားမှုရှိပြီး တန်ဖိုးသင့်တင့်တဲ့ ထုတ်ကုန်တွေကို ပြည်တွင်းမှာတင် ထုတ်လုပ်နိုင်စေဖို့လည်း Intel ရဲ့ OEMs နဲ့ ODMs ထုတ်ကုန် တွေကို ရောင်းချပေးသွားမှာပါ" ဟု Intel Asia-Pacific & Japan မှ Vice President & General Manager Gregory M. Bryant က ပြောကြားခဲ့သည်။


Intel ၏ OEMs မိုဘိုင်းထုတ်ကုန် ပစ္စည်းများဖြစ်သော မိုဘိုင်းဖုန်း၊ Tablet ၊ Phablet ၊ AIO (All-in-ones) ၊ mini PC စသည့် ထုတ်ကုန်များကို ပြည်တွင်းရှိအိုင်တီ စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်တိုင်ထုတ်လုပ် နိုင်စေရန် Intel ၏ နည်းပညာအခြေပြု ထုတ်ကုန်များ၊ Solution များဖြင့် ထောက်ပံ့လုပ်ဆောင် သွားမည်ဖြစ် ကြောင်းသိရသည်။ ထို့ပြင် နည်းပညာများကို အသုံးပြု၍ စီးပွားရေးလုပ်ငန်းငယ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတွက်လည်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။


Intel သည် ၎င်း၏ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော KMD နှင့် တွဲဖက်၍ Intel အမှတ်တံဆိပ် Processor၊ Motherboard နှင့် Intel နည်းပညာအခြေပြု All-in-One PC ထုတ်ကုန်များကို ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ပြည်တွင်းပညာရေးကဏ္ဍ၊ အိုင်စီတီ ကဏ္ဍနှင့် စီးပွားရေးကဏ္ဍများတွင် နည်းပညာပိုမိုအသုံးပြု လာနိုင်စေရန်နှင့် ပိုမိုဆန်းသစ်သော နည်းပညာပိုင်း ထုတ်ကုန်များ ဖန်တီးထုတ်လုပ် လာနိုင်စေရန်အတွက် သီးသန့်အဖွဲ့တစ်ခု ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


Intel (NASDAQ: INTC) သည် ကမ္ဘာပေါ်တွင် ကွန်ပျူတာ စနစ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုတွင် ဦးဆောင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး ကွန်ပျူတာစနစ်သုံး စက်ပစ္စည်းများအတွက် လိုအပ်သော နည်းပညာများကို ဒီဇိုင်းထွင်တည်ဆောက် ပေးနေသော ကုမ္ပဏီလည်းဖြစ်သည်။ Intel သည် ကမ္ဘာ့ပထမဦးဆုံး "conflict-free" ဆက်နွယ်သက်ရောက်မှု (သို့မဟုတ်) အငြင်းပွားမှုကင်း ရှင်းသော microprocessor များကို ဈေးကွက်သို့ ထုတ်လုပ်ရောင်းချခဲ့ပြီး Intel, Intel Core, Intel Atom, Pentium, Celeron, Intel RealSense နှင့် Intel logo များအား အမေရိကန်နှင့် အခြားသော နိုင်ငံများရှိ Intel Corporation များ၏ မူပိုင်ခွင့်ယူထားသည်။

-ရဲထွဋ်ဝင်း

http://internetjournal.com.mm

0 comments:

Post a Comment