Xiaomi ဆိုတာ


ပြည်တွင်းစမတ်ဖုန်း သုံးစွဲသူတွေကြားတွင် ရေပန်စားလျက်ရှိသည့် Xiaomi သည် တရုတ်နိုင်ငံဘေကျင်းမြို့တွင် အခြေစိုက်သော ပုဂ္ဂလိကပိုင် တရုတ်အီလက်ထရွန်နစ် ကုမ္ပဏီတစ်ခု ဖြစ်သည်။


ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်ဖြန့်ချိသူဖြစ်သည့် Xiaomi သည် စမတ်ဖုန်းများ၊ မိုဘိုင်း app များနှင့် လူသုံးကုန်အီလက်ထရွန်နစ်များကို ထုတ်လုပ်ရောင်း ချနေသည့် ကုမ္ပဏီဖြစ်သည်။ ၂၀၁၁ ခုနှစ် သြဂုတ်တွင် ကုမ္ပဏီ၏ ပထမဦးဆုံးစမတ်ဖုန်းကို ဖြန့်ချိ ရောင်းချပြီးသည့်နောက် Xiaomi ၏ ဈေးကွက် ရှယ်ယာက တရုတ်ပြည် မကြီးတွင် ပိုမိုမြင့်တက်လာခဲ့ပြီး အိမ်သုံးစမတ် ထုတ်ကုန်အပါဝင် လူသုံးကုန် အီလက်ထရွန်နစ်များကိုလည်း ချဲ့ထွင်လုပ်ဆောင်ခဲ့သည်။ ကုမ္ပဏီကိုတည်ထောင်သူနှင့် စီအီးအိုဖြစ်သူ လီဂျွန်သည် တရုတ်နိုင်ငံ၏ ၂၃ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ၂၀၁၄ ခုနှစ်တွင် စမတ်ဖုန်း သန်း ၆၀ ကျော် ရောင်းချထားသည်။ Xiaomi တွင် ဝန်ထမ်း ၈,၀၀၀ ကျော်ရှိပြီး အများစုမှာ တရုတ်ပြည်မကြီး၊ မလေးရှားနှင့် စင်ကာပူတွင် လုပ်ကိုင်နေသူများဖြစ်သည်။
ထို့အပြင် Xiaomi သည် အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်စသည့် နိုင်ငံများတွင်လည်း ဈေးကွက် ချဲ့ထွင်လျက်ရှိသည်။


IDC ၏ အဆိုအရ Xiaomi သည် ယခုအခါတွင် ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်လာခဲ့သည်။ Lenovo နှင့် LG မှာ စတုတ္ထနှင့် ပဉ္စမနေရာ၌ အသီးသီး ရပ်တည်နေသည်။ Samsung မှာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်နေပြီး Apple က ဒုတိယနေရာတွင် ရပ်တည်နေသည်။ ၂၀၁၄ ခုနှစ်တွင် Xiaomi သည် Samsung ကို ကျော်ဖြတ်ကာ တရုတ်နိုင်ငံ၏ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီ ဖြစ်လာခဲ့ကြောင်း IDC ၏ အစီရင်ခံစာ တွင်ဖော်ပြထားသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်တွင် Xiaomi သည် ရင်းနှီးမြှုပ်နှံသူများထံမှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ ရရှိခဲ့ပြီးနောက် ကမ္ဘာ့တန်ဖိုးအရှိဆုံး နည်းပညာ start-up ကုမ္ပဏီဖြစ်လာခဲ့သည်။ Xiaomi ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံကျော် အထိရှိလာခဲ့သည်။


သမိုင်းကြောင်း

Xiaomi ကို ၂၀၁၀ ခုနှစ် ဧပြီလ ၆ ရက်တွင် လူ (၈) ဦးမှ တွဲဖက် တည်ထောင်ခဲ့သည်။ ကနဦးတွင် စင်ကာပူအစိုးရပိုင် Temasek Holdings အပြင် တရုတ်စီးပွားရေး လုပ်ငန်း ငွေကြေးထောက်ပံ့ရေး အဖွဲ့များဖြစ်သည့် IDG Capital, Venture Partners နှင့် မိုဘိုင်းပရိုဆက်ဆာကုမ္ပဏီ Qualcomm တို့က ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၆ ရက်တွင် Xiaomi က ကုမ္ပဏီ၏ပထမဦးဆုံး Android အခြေခံ firmware ဖြစ်သည့် MIUI ကို တရားဝင်ဖြန့်ချိခဲ့သည်။ Xiaomi Mi1 စမတ်ဖုန်းကို ၂၀၁၁ ခုနှစ် သြဂုတ်လတွင် မိတ်ဆက်ကြေညာခဲ့သည်။ ၎င်းကို Xiaomi ၏ MIUI firmware နှင့် တင်ပို့ ရောင်းချခဲ့သည်။ အဆိုပါ firmware သည် Samsung ၏ TouchWiz နှင့် Apple ၏ iOS တို့ဖြင့် ဆင်တူသည်။


၂၀၁၂ ခုနှစ် သြဂုတ်လတွင် Xiaomi က Xiaomi Mi2 စမတ်ဖုန်းကို မိတ်ဆက်ခဲ့သည်။ ၎င်းဖုန်းတွင် Qualcomm ၏ Snapdragon S4 Pro APQ8064 ဖြစ်သော 1.5GHz quad-core Krait chip နှင့် 2GB RAM, Adreno 320 GPU တို့ကိုအသုံးပြုခဲ့သည်။ Mi2 စမတ်ဖုန်း ရောင်းချမှုနှုန်းသည် ၁၁ လအတွင်း အလုံးရေ ၁၀ သန်းကျော် ရှိခဲ့ကြောင်း ကုမ္ပဏီမှ ကြေညာခဲ့သည်။ Mi2 စမတ်ဖုန်းများကို အမေရိကန်၊ ဥရောပ၊ ယူကေ၊ သြစတြေးလျနှင့် နယူးဇီလန်ရှိ ကြိုးမဲ့စနစ်ဖုန်းကုမ္ပဏီ Mobicity မှ ရောင်းချခဲ့သည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် Xiaomi စီအီးအို လီဂျွန်က Android အခြေခံ ၄၇ လက်မ 3D စမတ်တီဗွီကို မိတ်ဆက်ပေးခဲ့သည်။


၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် Xiaomi က Mi3 ဖုန်းကို မိတ်ဆက် ကြေညာခဲ့သည်။ အဆိုပါဖုန်းတွင် Snapdragon 800 (MSM8974AB) နှင့် NVIDIA ၏ Tegra 4 chipset တို့ကို အသုံးပြုခဲ့သည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်တွင် Xiaomi က ပထမဦးဆုံး လက်လီစတိုးကို ဘေဂျင်းတွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ကြေ ညာခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် Xiaomi သည် တရုတ်နိုင်ငံ၏ လူသုံးအများဆုံး အမှတ်တံဆိပ်စာရင်းတွင် ပဉ္စမနေရာ၌ ရပ်တည်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် Xiaomi သည် စမတ်ဖုန်း ၁၈.၇ သန်း ရောင်းချခဲ့ရပြီး ၂၀၁၄ ခုနှစ် ပထမခြောက်လတွင် စမတ်ဖုန်း အလုံးရေ ၂၆.၁ သန်း ရောင်းချခဲ့ရသည်။


၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံပြင်ပ ဈေးကွက်ချဲ့ထွင်မှုကို စင်ကာပူ နိုင်ငံ၌စတင်မည်ဟု Xiaomi က ကြေညာခဲ့သည်။ အပြည်ပြည်ဆိုင်ရာဌာနချုပ်ကိုလည်း စင်ကာပူတွင် တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် ဒေသတွင်း ထုတ်ကုန်မိတ်ဆက်မှု အပါအဝင် လှုပ်ရှားမှုအားလုံးကို ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ Xiaomi Redmi နှင့် Mi3 ဖုန်းတို့ကို စင်ကာပူတွင် ဖေဖော်ဝါရီလ ၂၁ ရက်နှင့် မတ်လ ၇ ရက်တွင် အသီးသီး ပွဲထုတ် မိတ်ဆက်ပေးခဲ့သည်။


မတ်လ ၇ ရက်တွင် Xiaomi Mi3 ကို ၂ မိနစ်အတွင်း သတ်မှတ်ထားသည့် အရေအတွက် အကုန် ရောင်းချခဲ့ရသည်။ Xiaomi သည် စင်ကာပူပြီးနောက် မလေးရှား၊ ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံများသို့လည်း ဈေးကွက်ချဲ့ထွင်ခဲ့သလို အင်ဒိုနီးရှား၊ ထိုင်း၊ ရုရှား၊ တူရကီ၊ ဘရာဇီးလ်နှင့် မက္ကဆီကို နိုင်ငံများတွင်လည်း ဈေးကွက် ချဲ့ထွင်ရန် စီစဉ်ခဲ့သည်။


၂၀၁၄ ခုနှစ် မတ်လ ၁၇ ရက်တွင် Xiaomi စီအီးအို လီဂျွန်က RedmiNote ကိုမိတ်ဆက်ကြေညာခဲ့သည်။ Redmi Note တွင် ၅.၅ လက်မ HD displayနှင့် OGS နည်းပညာအပြင် MediaTek ၏ octa-core prceossor တို့ကိုအသုံးပြုခဲ့သည်။ Redmi Note ကို ဗားရှင်းနှစ်မျိုးဖြင့် ထုတ်လုပ်ခဲ့ပြီး ပထမ တစ်မျိုးမှာ 1GB RAM နှင့် 8GB internal storage ဖြစ်သည်။ ကျန်တစ်မျိုးမှာ 2GB RAM နှင့် 16GB internal storage ဖြစ်သည်။ 


အဆိုပါ phablet အမျိုးအစားကို မတ်လ ၁၉ ရက်တွင် Tencent မိုဘိုင်း application မှ တစ်ဆင့် ကြိုတင် မှာယူမှုပြုလုပ်နိုင်ရန်စီစဉ်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဧပြီလတွင် Xiaomi က mi.com ဒိုမိန်းသစ်ကို အမေရိကန်ဒေါ်လာ ၃.၆ သန်းဖြင့် စံချိန်တင် ဝယ်ယူခဲ့သည်။ Mi.com သည် တရုတ်နိုင်ငံတွင် ဝယ်ယူသမျှ ဒိုမိန်းများ အနက် ဈေးအကြီးဆုံးဒိုမိန်းဖြစ်လာခဲ့ကြောင်း Xiaomi ၏ စီနီယာအမှုဆောင် တစ်ဦးက အတည်ပြုခဲ့သည်။ Xiaomi သည် mi.com ကို xiaomi.com ၏ နေရာတွင် တရားဝင်ဝက်ဘ်ဆိုက်ဒိုမိန်းအဖြစ် အစားထိုးခဲ့သည်။ ၂၀၁၄ ခုနှစ် ဒုတိယသုံးလပတ်တွင် Xiaomi က ထုတ်ကုန် ၁၅ သန်း တင်ပို့ရောင်းချခဲ့ပြီး တရုတ်ဈေးကွက် ရှယ်ယာ ၁၄ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ကာ ထုတ်ကုန် ၁၃ သန်း ကျော်ရောင်းချခဲ့ရသည့် Samsung ထက်သာလွန်ခဲ့သည်။ ၂၀၁၄ ခုနှစ်ဇူလိုင်လတွင် Xiaomi မှ တင်ပို့ရောင်းချခဲ့သည့် ဖုန်းအရေအတွက် ၅၇.၃၅ သန်းရှိလာခဲ့သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် တယ်လီဗွီးရှင်း content တည်ဆောက်ခြင်း အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားခဲ့သည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုသည် ကုမ္ပဏီ၏ content များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့် ၎င်းဈေးကွက်ကို ဦးဆောင်နိုင်သူ ဖြစ်လာရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း Xiaomi မှ ဆိုခဲ့သည်။


၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် Morgan Stanley 
 မှ လေ့လာဆန်းစစ်သူ ဟောင်းရစ်ချတ်ဂျီ၏ ဟောင်ကောင်အခြေစိုက် All-Stars Investment Limited က အမေရိကန်ဒေါ် လာ ၁ ဘီလီယံကျော် တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုကို လက်ခံရရှိခဲ့ပြီးနောက် ကုမ္ပဏီ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံကျော် ရှိလာခဲ့ပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံး ပုဂ္ဂလိကပိုင် နည်းပညာ ကုမ္ပဏီများအနက် တစ်ခု ဖြစ်လာခဲ့သည်။
၂၀၁၅ ခုနှစ် ဧပြီလတွင် Xiaomi က အိန္ဒိယရှိ နာမည်ကျော် e-commerce ဆိုက်နှစ်ခုနှင့် offline retailer များမှတစ်ဆင့် Mi ထုတ်ကုန်များ ရောင်းချသွားမည် ဟုကြေညာ ခဲ့သည်။


Xiaomi ထုတ်ကုန်များ


မိုဘိုင်းဖုန်းများ

Xiaomi ၏ နာမည်ကျော် မိုဘိုင်းဟန်းဆက်အမျိုးအစားမှာ Xiaomi Mi series ဖြစ်သည်။ Mi series ၏ နောက်ဆုံး အမျိုးအစားမှာ Mi3 ၏ နေရာတွင်ဆက်ခံသည့် Xiaomi Mi4 ဖြစ်သည်။ ၎င်းကို တရုတ်ပြည်မကြီးတွင် စတင်မိတ်ဆက်ပေးခဲ့ပြီးနောက်ပိုင်းတွင် စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယတို့တွင် မိတ်ဆက်ပေးခဲ့သည်။ Xiaomi Mi3 တွင် Qualcomm Snapdragon 800 ကို အသုံးပြုထားပြီး benchmark testing app များဖြစ်သော Antutu, Quadrant နှင့် Geekbench တို့ဖြင့် စမ်းသပ်မှုများအရ ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်း အဖြစ် သတ်မှတ်ထားကြသည်။


Xiaomi ၏ အခြားနာမည်ကျော်မိုဘိုင်းဖုန်း အမျိုးအစားမှာ Redmi Note ဖြစ်သည်။ ၎င်းသည် phablet အမျိုးအစားဖြစ်ပြီး Redmi Series တွင် ဒုတိယမြောက်ဖုန်းဖြစ်သည်။ အိန္ဒိယတွင် Redmi Note ကို ဗားရှင်း နှစ်မျိုးဖြင့် ရရှိနိုင်သည်။ ပထမတစ်မျိုးက 3G အမျိုးအစားဖြစ်ပြီး ကျန်တစ်မျိုးမှာ LTE အမျိုးအစားဖြစ်သည်။


စမတ်ဖုန်း၏ ဆော့ဖ်ဝဲမှာ Android operating system ပေါ်တွင် အခြေခံထားသည့် MIUI ဖြစ်သည်။ Xiaomi ၏နောက်ဆုံးပေါ် ထုတ်ကုန်မှာ Xiaomi Mi4 ဖြစ်ပြီး ၎င်းကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် ဘေကျင်း၌ မိတ်ဆက်ပေးခဲ့သည်။ အဆပိုါ စမတ်ဖုန်းတွင် Qualcomm Snapdragon 801, 3GB RAM, 8-megapixel ကင်မရာ စသည်တို့ ပါဝင်သည်။


၂၀၁၅ ခုနှစ် ဇန်နဝါရီတွင် ဘေဂျင်း၌ပြုလုပ်ခဲ့သော အထူးပွဲတစ်ခု၌ Xiaomi က Mi Note နှင့် Mi Note Pro တို့ကို မိတ်ဆက်ပေးခဲ့သည်။ iPhone 6 နှင့် ယှဉ်ပြိုင်ရန် ထုတ်လုပ်ခဲ့သည့် Mi Note နှင့် Mi Note Pro တွင် ၅.၇ လက်မ display ပါဝင်ပြီး 2.5D နှင့် 3D ပါဝင်သည့် dual-glass ဒီဇိုင်းကို အသုံးပြုထားသည်။ Mi Note ကို အမေရိကတွင် မဝယ်ယူနိုင်သည့် အကောင်းဆုံး စမတ်ဖုန်းဟု အမေရိကန်အခြေစိုက် ပုံနှိပ်မီဒီယာ အချို့ ကညွှန်းဆိုခဲ့ကြသည်။


MiPad

Xiaomi MiPad သည် Xiaomi မှ မိတ်ဆက်ကြေညာခဲ့သည့် ပထမဦးဆုံး tablet ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သော Xiaomi New Product Launch Event တွင် ပထမဦးဆုံး မိတ်ဆက်ပေးခဲ့ပြီး NVIDIA Tegra K1 quad-core 2.3 GHz processor သုံးထားသည့် ပထမဦးဆုံး ထုတ်ကုန်ဖြစ်သည်။ ၎င်းကို ယွမ် ၁,၄၉၉ ဖြင့် တရုတ်ပြည်မကြီးတွင်ရောင်းချခဲ့သည်။ လက်ရှိတွင် အဆိုပါ tablet ကို အမေရိကန်ဒေါ်လာ ၃၀၀ ဖြင့် အွန်လိုင်းစတိုး အများအပြားတွင်ရရှိနိုင်သည်။


MIUI (operating system)

MIUI သည် open-source Android operating system ပေါ်တွင် အခြေခံထားပြီး စမတ်ဖုန်းများနှင့် tablet ကွန်ပျူတာများအတွက် ရည်ရွယ်ဖန်တီးထားသော Android firmware တစ်ခုဖြစ်သည်။


MiWiFi (network router)

၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်တွင် Xiaomi က MiWiFi ဟု ခေါ်သည့် network router တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ ၎င်းသည် လက်ရှိတွင် beta အဆင့်သာ ရှိသေးပြီး ရွေးချယ်ထားသည့် beta tester များသာ အသုံးပြုနိုင်သေးသည်။ အဆိုပါ network router တွင် NFC အထောက်အပံ့ပါဝင်ပြီး 1TB built-in hard drive တစ်ခုနှင့် Broadcom dual-core 1GHz CPU တို့ပါဝင်သည်။


MiTV (Smart TV line)

MiTV သည် Android အသုံးပြုထားသော Xiaomi ၏ စမတ်တီဗွီဖြစ်သည်။ ၎င်းကို ၂၀၁၃ ခုနှစ်တွင် မိတ်ဆက်ကြေညာခဲ့သည်။ နောက်ဆုံးပေါ်အမျိုးအစားမှာ ၅၅ လက်မ 4K Ultra HD Smart TV ဖြစ်သည်။ ၎င်းတွင် quad-core Cortex A-17 CPU, 8GB internal storage နှင့် wireless 8-speaker sounder ပါဝင်သည်။ တန်ဖိုးမှာ ၄,၉၉၉ ယွမ် (အမေရိကန်ဒေါ်လာ ၈၀၆) ဖြစ်သည်။


MiBox (set-top box)

Xiaomi MiBox သည် တယ်လီဗွီးရှင်းများအတွက် စမတ် set-top box တစ်ခုဖြစ်သည်။ Content ထောက်ပံ့သူများနှင့် သဘောတူညီမှု ရရှိထားပြီး user account နှင့် လစဉ်ကြေးပေးသွင်းရန် မလိုဘဲ ရုပ်ရှင်များနှင့် တီဗွီရှိုးများကို ကြည့်ရှုနိုင်သည်။ ၎င်းတွင် ပါဝင်သည့် USB port မှတစ်ဆင့် external hard disk ဖြင့် ချိတ်ဆက်ပြီး content များကို အသုံးပြုနိုင်သည်။ သို့သော်လည်း လိုင်စင်ကန့်သတ်ချက်များကြောင့် ၎င်းကို လက်ရှိတွင် တရုတ်ပြည်မကြီးတွင်သာ အသုံးပြုနိုင်သည်။


MiCloud (cloud storage service)
 
MiCloud သည် Xiaomi မှ ဖန်တီးထားသည့် cloud storage နှင့် cloud computing ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ ၎င်းဝန်ဆောင်မှုသည် သုံးစွဲသူများမှ ဆက်သွယ်မှုများ၊ မက်ဆေ့ခ်ျများ၊ ဓာတ်ပုံများနှင့် မှတ်စုများစသည့် အချက်အလက်များကို အဝေးထိန်းကွန်ပျူတာ ဆာဗာများပေါ်တွင် သိမ်းဆည်းကာ MIUI အသုံးပြုထားသည့် ထုတ်ကုန်များမှ download ပြုလုပ်နိုင် စေသည်။ အဆိုပါ ဝန်ဆောင်မှုတွင် သုံးစွဲသူက ၎င်းတို့၏ MIUI ထုတ်ကုန်များ၏ တည်နေရာကို ခြေရာခံနိုင်သလို alarm, lock နှင့် reset လုပ်နိုင်သည့် feature ပါဝင်သည်။


MiTalk (messaging service)

MiTalk သည် အင်တာနက် အခြေခံ cross-platform instant messenger mobile app ဖြစ်သည်။ ၎င်းကို Android နှင့် iOSတို့အတွက် ၂၀၁၁ ခုနှစ်တွင် ဖြန့်ချိခဲ့သည်။


MiPower Bank (external battery)

MiPower Bank သည် built-in external battery ပါဝင်သည့် ဘက်ထရီအားသွင်းစက်ဖြစ်သည်။ အဆိုပါ အားသွင်းစက်ကို အလူမီနီယံ ကိုယ်ထည်ဖြင့် တည်ဆောက် ထားပြီး 5200/10400/16000mAh ဘက်ထရီများဖြင့် ရရှိနိုင်သည်။ USB cable ကို အသုံးပြုထားသောကြောင့် Apple iPhone, iPad, Android smartphone/tablet များ အပါအဝင် USB အားသွင်းစနစ် အထောက်အပံ့ပေးသည့် မည်သည့် ထုတ်ကုန်ကိုမဆို အားပြန်သွင်းနိုင်သည်။ 5200/10400mAh တွင် USB port တစ်ခုတည်းသာ ပါဝင်ပြီး 16000mAh တွင် USB port နှစ်ခုပါဝင်သည်။ ထို့အပြင် ဆီလီကွန် ကိုယ်ထည်ဖြင့် ပြုလုပ်ထားသည့် 10400mAh battery bank ကိုလည်း Xiaomi က ဖြန့်ချိထားသည်။


Mi Band (fitness monitor & sleep tracker)

Mi Band ကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ကြေညာခဲ့သည်။ အမေရိကန် ဒေါ်လာ ၁၃ ဖြင့် ရောင်းချသည့် Mi Band သည် ဘက်ထရီသက်တမ်း ရက် ၃၀ ခံနိုင်ပြီး နာရီနှိုးစက် တစ်ခုကဲ့သို့ လုပ်ဆောင်နိုင်သလို ကျန်းမာရေးနှင့် အိပ်စက်ချိန်တို့ကို ခြေရာခံပေးနိုင်သည်။ ၎င်းတွင် ဖုန်းကို unlock လုပ်နိုင်သည့် လုပ်ဆောင်ချက်လည်း ပါဝင်သည်။



Ref : http://internetjournal.media/article/2374


0 comments:

Post a Comment