ပထမဦးဆုံးအကြိမ်အဖြစ်
အင်ဒိုနီးရှားနိုင်ငံ၌ လက်ခံကျင်းပမည့် ASEAN - Japan Cyber SEA Game သို့
ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကို ဖိတ်ခေါ်လိုက်သည် ဟု သိရသည်။
အသက် ၃၀ နှစ်အောက် Cyber Defence ကျွမ်းကျင်သူ လူငယ်များကို နိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်စေလွှတ်မည်ဖြစ်ပြီး ပြိုင်ပွဲ အတွက် ဝင်ရောက် ယှဉ်ပြိုင်လိုပါက မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ဆက်သွယ်နိုင်သည်ဟု သိရသည်။
အောက်တိုဘာလ ပထမအပတ်အတွင်း Cyber Defence ကျွမ်းကျင်သူ လူငယ် ၃ ဦးကို ရန်ကုန်မြို့ MICT Park ၌ JPCERT /cc မှ လာရောက် ရွေးချယ်မည်ဖြစ်ပြီး ဝင်ရောက် ရွေးချယ်ခံလိုပါက စက်တင်ဘာလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်မိတ္တူ နှင့်အတူ လျှောက်လွှာများ ပေးပို့ရမည်ဟု သိရသည်။
ရွှေးချယ်ခံရသော နိုင်ငံကိုယ်စားပြု Cyber Defence ကျွမ်းကျင်သူ အဖွဲ့သည် နိုဝင်ဘာလ ပထမ အပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံသို့ စရိတ်ငြိမ်း သွားရောက် ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲ၌ အနိုင် ရရှိခဲ့ပါက ဂျပန်နိုင်ငံသို့ သွားရောက်၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သင်တန်းများကို တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။
“နိုင်ငံအဆင့်ရွှေးချယ်ပြီးသွားရင် သူတို့ကို ထပ်ပြီးတော့ လေ့ကျင့် မှုတွေကို အသင်းချုပ်အနေနဲ့လည်း လုပ်ပေးသွားဦးမှာ”ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အတွင်းရေးမှူးဖြစ်သူ ဦးဇော်မင်းဦးကပြော သည်။
အဆိုပါပြိုင်ပွဲသည် ဇွန်လအတွင်း ဂျပန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သော ASEAN - Japan Information Security JWG အစည်းအဝေး ဆွေးနွေးချက်များ အရ ပေါ်ပေါက်လာသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဒေသတွင်းရှိ လူငယ်များ အနေဖြင့် ဆိုက်ဘာလုံခြုံရေးပိုင်းဆိုင်ရာ အသိအမြင်များ ကျွမ်းကျင် တိုးတက်လာစေရန် ရည်ရွယ်ထားသည်ဟု သိရသည်။
Credit internetjournal
Thiha Htike(THT)
Welcome From My Blog

0 comments:
Post a Comment