၁၅ ဒေါ်လာတန် စမတ်ဖုန်းသစ်ကို အိန္ဒိယတွင် ရောင်းချမည်




Xiaomi ကဲ့သို့သော စမတ်ဖုန်းကုမ္ပဏီများသည် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းသော စမတ်ဖုန်းများကို ရောင်းချကာ အောင်မြင်မှု ရရှိနေချိန်တွင် ကုမ္ပဏီနှစ်ခုက ဈေးသက်သာသော စမတ်ဖုန်း ထုတ်လုပ်ရန်အတွက် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ကနေဒါကုမ္ပဏီ DataWind နှင့် အိန္ဒိယ ဝန်ဆောင်မှုကုမ္ပဏီ Reliance Communications (RCom) တို့သည် ၉၉၉ ရူပီး (၁၅ ဒေါ်လာ) တန်ဖိုးရှိ စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ရန်အတွက် ပူးပေါင်းခဲ့ကြကြောင်း Economics Times မှ ဖော်ပြခဲ့သည်။

အဆိုပါဖုန်းတွင် Android ကို အသုံးပြုမည် မဟုတ်သော်လည်း Linux အခြေခံ operating system တစ်မျိုးကို အသုံးပြုဖွယ်ရှိပြီး 2G ချိတ်ဆက်မှုကိုသာ ထောက်ပံ့ဖွယ်ရှိသည်။ ၎င်းထုတ်ကုန်သစ်ကို ဒီဇင်ဘာလ ၂၈ ရက်တွင် အိန္ဒိယရှိ စတိုးများ၌ ရောင်းချဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

DataWind နှင့် RCom သည် အိန္ဒိယနိုင်ငံတွင် စမတ်ဖုန်းကို ပထမဦးဆုံး အဆင့်မြှင့်တင်သုံးစွဲလိုသူများထံ အထက်ပါဖုန်းကို ရောင်းချရန် ရည်ရွယ်ထားသည်။ ၂၀၁၄ ခုနှစ် စတုတ္ထသုံးလပတ်က ထုတ်ပြန်ခဲ့သော IDC ၏ သုတေသန အစီရင်ခံစာအရ နိုင်ငံအတွင်း ရောင်းချခဲ့သော ဟန်းဆက် ၆၅ ရာခိုင်နှုန်းသည် feature ဖုန်းများ ဖြစ်ကြောင်း သိရသည်။

DataWind သည် ဈေးသက်သာသော hardware များ ဖန်တီးရာတွင် လူသိများသည့် ကုမ္ပဏီဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် ၂၀၁၁ ခုနှစ်တွင် ၇ လက်မ Aakash tablet ကို အိန္ဒိယရှိ ကျောင်းများအတွက် ထုတ်လုပ်ခဲ့သည်။ ၎င်း tablet များကို DataWind က အမေရိကန်တွင် ၃၇.၉၉ ဒေါ်လာဖြင့် ရောင်းချခဲ့သည်။

လက်ရှိတွင် ၎င်းကုမ္ပဏီမှ ထောက်ပံ့ထားသော ဈေးအသက်သာဆုံး ဖုန်းမှာ ၁,၉၉၉ ရူပီး (၃၀ ဒေါ်လာ) ဖြစ်သည်။ ပြိုင်ဘက်များနှင့် နှိုင်းယှဉ်လျှင် Xiaomi က Redmi ဖုန်းများကို ၁၅၀ ဒေါ်လာ ဝန်းကျင်ဖြင့် လည်းကောင်း Micromax က ဒေါ်လာ ၃၀ မှ ၁၅၀ အတွင်းရှိ စမတ်ဖုန်းများကို လည်းကောင်း အသီးသီး ရောင်းချလျက်ရှိသည်။

DataWind အမှုဆောင်အရာရှိချုပ် ဆွန်နစ်ဆင်းတူလူက “ကျွန်တော်တို့အနေနဲ့ ၁,၀၀၀ ရူပီးအောက် တန်ဖိုးရှိတဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်ဖို့ ပစ်မှတ်ထားထားပါတယ်။ ဒီစမတ်ဖုန်းသစ်က ကွဲပြားတဲ့ Linux ဗားရှင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ သုံးစွဲသူတွေအနေနဲ့လည်း အခမဲ့အင်တာနက်ကို ၁၂ လအကြာ သုံးနိုင်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

Ref: CNET
Credit internetjournal

သီဟထိုက်
My Facebook Account Click




0 comments:

Post a Comment