ကိုးမဲ့စနစ်ချိတ်ဆက်မှု မြန်နှုန်းမြှင့်တင်ပေးမည့် Artemis ၏ pCell နည်းပညာကို Nokia စမ်းသပ်မည်







မိုဘိုင်းနှင့် အင်တာနက်တွင် တီထွင်ဆန်းသစ်မှုအချို့အတွက် လူသိများသော စွန့်ဦးတီထွင်သူ စတီဗ်ပါလ်မန်းက ပြီးခဲ့သည့်နှစ်တွင် ပွဲထုတ်မိတ်ဆက်ပေးခဲ့သော ၎င်း၏ pCell နည်းပညာကို ယခုအခါ Nokia နှင့် စမ်းသပ်လုပ်ဆောင်ရန် သဘောတူညီမှု ရရှိခဲ့သည်။

ကြိုးမဲ့စနစ်ချိတ်ဆက်မှု အမြန်နှုန်း မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထားသည့် pCell နည်းပညာကို Artemis Networks ဟုခေါ်သော ပါလ်မန်း၏ ကုမ္ပဏီမှ တီထွင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၎င်းနည်းပညာကို လာမည့်နှစ်မှ စတင်ကာ စမ်းသပ်ရန် Nokia နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ ကြေညာခဲ့သည်။

သဘောတူညီမှုအရ Nokia နှင့် Artemis တို့သည် မိုဘိုင်းထုတ်ကုန် အများအပြား သုံးစွဲသော အားကစားကွင်းကဲ့သို့သော နေရာများ၌ ၎င်းနည်းပညာ အလုပ်လုပ်နိုင်ကြောင်း သက်သေပြနိုင်ရန်အတွက် ကြိုးမဲ့စနစ်ဝန်ဆောင်မှု ကုမ္ပဏီများနှင့် အတူတကွ လုပ်ဆောင်မည်ဖြစ်သည်။

pCell နည်းပညာသည် လက်ရှိ 4G LTE ကွန်ရက်များ အသုံးပြုသော wireless spetrum ထက် အဆ ၅၀ ခန့် ထောက်ပံ့ပေးနိုင်ကာ လက်ရှိ Apple နှင့် Android စမတ်ဖုန်းများဖြင့် အလုပ်လုပ်နိုင်သည်ဟု ဆိုသည်။ ၎င်းနည်းပညာသည် လက်တွေ့စမ်းသပ်ခန်းတွင် အလုပ်လုပ်သော်လည်း လက်တွေ့စမ်းသပ်ခန်း ပြင်ပတွင်ပါ အလုပ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။

“လက်တွေ့စမ်းသပ်ခန်းမှာ ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ ဒါက အလုပ်ဖြစ်မယ့်ပုံပါပဲ။ နောက်တစ်ဆင့်မှာ ကျွန်တော်တို့က ဒီနည်းပညာ အလုပ်ဖြစ်တယ်ဆိုတာကို လက်တွေ့ပြသသွားမှာပါ။ ရာနှုန်းပြည့် မသေချာပေမယ့် အလုပ်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု Nokia Networks ၏ နည်းပညာအရာရှိ အကြီးအကဲဖြစ်သူ ဟိုဆေမိုအင်က Re/Code နှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အကယ်၍ အဆိုပါ နည်းပညာ စမ်းသပ်မှု အောင်မြင်ခဲ့ပါက မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီများအနေဖြင့် ထောင်ပေါင်းများစွာသော ချိတ်ဆက်မှုများ တစ်ပြိုင်နက် ထောက်ပံ့ပေးရန်အတွက် အားကစားကွင်းကဲ့သို့သော နေရာ အနီးတစ်ဝိုက်တွင် ဆဲလ်တာဝါများ ပိုမိုစိုက်ထူရန် လိုအပ်တော့မည် မဟုတ်ပေ။

Ref: TechTimes
Credit internetjournal

သီဟထိုက်
My Facebook Account Click


0 comments:

Post a Comment