ဆက်သွယ်ရေး လိုင်စင်အတွက် ရွေးချယ်မခံရသည့် နိုင်ငံခြား ကုမ္ပဏီ အချို့ကို MPT က ပူးပေါင်းရန် ကမ်းလှမ်း


 Vodafone နှင့် Orange ကုမ္ပဏီများ အပါအ၀င် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လိုင်စင်အတွက် ရွေးချယ်မခံရသည့် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီ အချို့ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT က ပူးပေါင်းရန် ကမ်းလှမ်းထားကြောင်း နိုင်ငံတကာ သတင်းများအရ သိရသည်။

မြန်မာအစိုးရက ၎င်းကုမ္ပဏီများကို MPT ၏ လက်တံကုမ္ပဏီအဖြစ် ပုဂ္ဂလိက လုပ်ကိုင်ခွင့် ပြုမည်ဟု ကမ်းလှမ်းထားပြီး လက်ရှိ MPT တွင် လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်၊ စည်းမျဉ်းများနှင့် သီးခြားလုပ်ကိုင်ခွင့် ပြုမည်ဟု ဆိုသည်။

MPT က ကမ်းလှမ်းခဲ့သော ကုမ္ပဏီများတွင် Singtel ကုမ္ပဏီလည်း ပါဝင်နေပြီး Digicel ကုမ္ပဏီကိုမူ ကမ်းလှမ်းထားခြင်း ရှိ-မရှိ ရှင်းလင်းစွာ မသိရသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိရန် နိုင်ငံခြား ကုမ္ပဏီများကို ယခုနှစ်အတွင်း တင်ဒါခေါ်ခဲ့ပြီး အောင်မြင်သည့် ကုမ္ပဏီနှစ်ခုကို ပြီးခဲ့သည့် ဇွန် ၂၇ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

ဆက်သွယ်ရေးတင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီနှစ်ခုမှာ တယ်လီနော ကုမ္ပဏီနှင့် အော်ရီဒူး ကုမ္ပဏီတို့ဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ လုပ်ငန်းများ ဆောင်ရွက်ရန် စီအီးအိုများ ခန့်အပ်ပြီးဖြစ်ကာ လုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။
၎င်းကုမ္ပဏီ နှစ်ခုစလုံးက မြန်မာအစိုးရထံမှ ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိအပြီး ရှစ်လအတွင်း ဆင်းမ်ကတ်များ စတင်ရောင်းချကာ ၀န်ဆောင်မှုများ စတင်ပေးသွားမည်ဟု ဆိုထားသော်လည်း ယခုအချိန်အထိ အစိုးရက လိုင်စင်ချမပေး သေးကြောင်း သိရသည်။

၎င်းကုမ္ပဏီ နှစ်ခုမှာ ဆက်သွယ်ရေး တာဝါတိုင်များကို မျှဝေသုံးစွဲသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် တယ်လီဖုန်း သိပ်သည်းဆမှာ ၁၁ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိသေးသဖြင့် လာမည့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် တယ်လီဖုန်း သိပ်သည်းဆကို ၇၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၈၀ အထိ တိုးမြှင့်ရန် တယ်လီနော၊ အော်ရီဒူး၊ MPT နှင့် အခြား အော်ပရေတာ တစ်ခုတို့က ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ဆက်သွယ်ရေး ကွန်ရက်ကို တိုးချဲ့ရန် တာဝါတိုင်ပေါင်း ရှစ်သောင်းကျော်ကို စိုက်ထူသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာမှ သုတေသန အဖွဲ့အစည်း အချို့က ၂၀၁၅-၂၀၁၆ တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ ရာခိုင်နှုန်း ၅၀ ကျော်သို့သာ ရောက်ရှိနိုင်သေးကြောင်း ခန့်မှန်းထားသည်။
 Ref : WeeklyEleven 
 

0 comments:

Post a Comment