ပြည်တွင်းတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်
လိုင်စင်ရကုမ္ပဏီတစ်ခုဖြစ်သော နော်ဝေနိုင်ငံအခြေစိုက်
တယ်လီနောကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်းကတ်များ စတင်ရောင်းချရာတွင်
မိုဘိုင်းဖုန်းခေါ်ဆိုခများအတွက် ကြိုတင်
ငွေဖြည့်စနစ် Prepaid ကတ်စနစ်ဖြင့် အသုံးပြုသွားပြီး နောက်ပိုင်းတွင် ဘဏ်ဖြင့် ချိတ်ဆက်ပြီး အသုံးပြုသွားမည်
ဖြစ်သည်ဟု တယ်လီနော၏ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Jon Fredrik Baksaas က စက်တင်ဘာ ၂၇ ရက်က ပြောသည်။
၎င်းအနေဖြင့် ယင်းသို့ပြောကြားခြင်းမှာ ပြည်တွင်းသို့ရောက်ရှိစဉ်က စက်တင်ဘာ ၂၇ ရက်တွင် မီဒီယာ အချို့နှင့် ကုန်သည်ကြီးများဟိုတယ်၌ သီးသန့်တွေ့ဆုံစဉ်ကဖြစ်သည်။
တယ်လီနောအနေဖြင့် မိုဘိုင်းအော်ပရေတာလုပ်ကိုင်ခွင့်လိုင်စင် တရားဝင်စတင်ချထားပေးသည့်အချိန်မှ ရှစ်လ အတွင်း မိုဘိုင်းဆင်းကတ်များ စတင်ရောင်းချပေးနိုင်ရန် ပြုလုပ်သွားမည်ဟုလည်း ၎င်းကထပ်လောင်း
ပြောကြားသည်။
Mr.Jon Fredrik Baksaas က “လက်ရှိမှာတော့ Station တွေကို ဘယ်မှာထားမယ်ဆိုတဲ့နေရာတွေကို လိုက်ကြည့်
နေတယ်။ လိုင်စင်စရတာနဲ့ Roll Out စလုပ်နိုင်အောင် စီစဉ်နေတာပါ”ဟု ဆိုသည်။ လက်ရှိတွင် တယ်လီနော အနေဖြင့် သတ်မှတ်ထားသော မိုဘိုင်းဖုန်းခေါ်ဆိုခကို တစ်မိနစ် ၂၅ ကျပ် သတ်မှတ်ချက်မှာ ပဏာမ သတ်မှတ်ချက် သာဖြစ်ပြီး နောက်ပိုင်းတွင် လူတိုင်းခေါ်ဆိုနိုင်မည့် သက်သာသည့် ဈေး နှုန်းဖြစ်စေရမည်ဟု Mr.Jon Fredrik Baksaas က ကတိပေးပြောကြားခဲ့သည်။
၎င်းက “ဖုန်းခေါ်ဆိုက တစ်မိနစ် ၂၅ ကျပ်က ယာယီသတ်မှတ်ချက်ပါ။ ဆက်သွယ်ရေး ၀န်ကြီးဌာနနဲ့ လိုင်စင်သဘော တူညီချက်ရရှိပြီးတာနဲ့ အကုန်လုံးကိုတွက်ချက်ပြီး သတ်မှတ်ပေးပါမယ်။ လူတိုင်းအသုံး ပြုနိုင်မယ့် သက်သာမယ့်
ဈေးနှုန်းမျိုးဖြစ်စေရပါမယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် အော်ပရေတာလုပ်ငန်းများ လုပ်ကိုင်ရန်အတွက်လည်း Huawei နှင့် Ericsson ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ပြီး Huawei ၏ နည်းပညာနှင့်သတင်း အချက်လုံခြုံရေးကိစ္စရပ်များကို ယုံကြည်သည်ဟု လည်း တယ်လီနောဥက္ကဋ္ဌက ဆိုသည်။
တယ်လီနောဥက္ကဋ္ဌ Mr.Jon Fredrik Baksaas က “Huawei က အမေရိကန်မှာ လုံခြုံရေးကိစ္စရပ်တွေနဲ့ နုတ်ထွက် သွားတယ်ဆိုတာ နိုင်ငံရေးနဲ့ တခြားအကြောင်းပြချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တယ်လီနောအနေနဲ့ ကတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘယ်လိုအချက်မှ မပါဝင်ဘူး။ နော်ဝေမှာလုပ်ကိုင်နေတဲ့ တယ်လီနောလုပ်ငန်းတွေ မှာလည်း Huawei နဲ့ တွဲလုပ်ထားတာပဲ။ နောက်ကမ္ဘာမှာ Huawei နဲ့ Ericsson က ကမ္ဘာမှာ နာမည်ကြီးတဲ့ နည်းပညာ ကုမ္ပဏီတွေပါ”ဟု အဆိုပါ တွေ့ဆုံမှုတွင် မဇ္ဈိမ၏မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်သည့်အခါ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အပေါ် စိုးရိမ်စိတ် မရှိ
ကြောင်းနှင့် လတ်တလောတွင် ပြည်လည်အသုံးပြုနိုင်သည့်စွမ်းအင်နှင့် ဒီဇယ်အင်ဂျင်များကို အသုံးပြုသွားမည်
ဖြစ်ပြီး နောက်ပိုင်းအစိုးရက လျှပ်စစ်စွမ်းအင်ရလာသည့်အခါ အဆင်ပြေသွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ပြည်တွင်းတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် တယ်လီနောကုမ္ပဏီ နှင့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီတို့ကို ရွေးချယ်ထားခြင်းဖြစ်သည်။
Ref : မဇ္ဈိမ

0 comments:
Post a Comment