ထိုင်း၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့တွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် စင်ကာပူ အခြေစိုက် SingTel မှ မြန်မာနိုင်ငံတွင် မြှုပ်နှံလုပ်ကိုင်ရန် လာရောက်

       စင်ကာပူနိုင်ငံရှိ SingTel ရုံးအဆောက်အအုံ တစ်ခုကို တွေ့ရစဉ် (PHOTO:straitstimes.com)

ထိုင်း၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံများတွင် ဆက်သွယ်ရေး လုပ်ငန်းများလုပ်ကိုင်နေသည့် စင်ကာပူ အခြေစိုက် SingTel ဆက်သွယ်ရေး ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် ၀င်ရောက်မြှုပ်နှံ လုပ်ကိုင်ရန် လာရောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက်တွင် SingTel (Singapore Telecommunications Limited) မှ ကိုယ်စားလှယ်ဖြစ်သူ Mr. Gavin Wu Shiyuan က နေပြည်တော် ရုံးအမှတ် ၃၂ ရှိ ရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်၍ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

SingTel ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် တယ်လီကွန်းလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်အတွက် လျှောက်ထားခဲ့သည့် ကုမ္ပဏီများထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး လုပ်ကိုင်ခွင့် ရရှိခဲ့သည့် စာရင်းတွင် ပါဝင်လာခြင်း မရှိသော်လည်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီများဖြင့် ပူးပေါင်းကာ Network တိုးချဲ့မှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုလ်တု ဆက်သွယ်ရေးစနစ် တည်ထောင်ရန် အတွက် ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စင်ကာပူ အခြေစိုက် SingTel ကုမ္ပဏီသည် အရှေ့တောင်အာရှ၏ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံတို့တွင် အင်တာနက် ၀န်ဆောင်မှု၊ အိုင်တီနှင့် ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာများကို ၀င်ရောက် လုပ်ကိုင်နေပြီး ဒီဂျစ်တယ် တီဗွီ၊ ဖုန်းဟန်းဆက်နှင့် ဆက်သွယ်ရေး ပစ္စည်းများကို နိုင်ငံတကာမှ ကိုယ်စားလှယ်များဖြင့် ချိတ်ဆက်ကာ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

 
Ref : Eleven Media Group



0 comments:

Post a Comment