အမျိုးသမီးထဲက ပထမဆုံး ထွက်ရပ်ပေါက်ပုဂ္ဂိုလ် (သို့မဟုတ်) Lucy နှင့် ကုဏ္ဍလိနီ




အမျိုးသမီးထဲက ပထမဆုံး ထွက်ရပ်ပေါက်ပုဂ္ဂိုလ် (သို့မဟုတ်) Lucy နှင့် ကုဏ္ဍလိနီ

ခုတစ်လော သူငယ်ချင်းတွေ ကျွန်တော့်ကို လာလာမေးနေကြတာက Lucy အကြောင်းပဲ ဖြစ်ပါတယ်။
မင်းသမီးကို ရှေ့တန်းတင်ရိုက်တဲ့ အက်ရှင်ဇာတ်ကားတွေထဲမှာ 
Wanted နဲ့ Lara Croft ပြီးရင် သူဟာ အအောင်မြင်ဆုံးပါပဲ။ 
ကမ္ဘာတစ်ဝှမ်း ရုံတင်လက်မှတ်ရောင်းချရငွေ မြင့်မားခဲ့တဲ့ ဒီဇာတ်ကားကို
 မြန်မာပရိသတ်ကလည်း တစ်ခဲနက် အားပေးခဲ့ကြပါတယ်။ 
ELEVEN သတင်းစာကရေးတဲ့ review ကို ဖတ်ပြီး ကျွန်တော်လည်း
 စိတ်ဝင်စားတာနဲ့ ရုံမှာသွားကြည့်ခဲ့ာမို့ သိနေတာပါ။ 
ဇာတ်ကားက ထွက်တာ နည်းနည်းကြာသွားပြီဖြစ်တာကတစ်ကြောင်း၊
 ပေ့ခ်ျတွေကလည်း ရေးပြီးတင်ပြီးသွားပြီဖြစ်တာကတစ်ကြောင်းကြောင့် review မရေးတော့ပါဘူး။
သူငယ်ချင်းတွေနဲ့ ပြောဖြစ်တာလေးကိုပဲ ဆက်ရေးပြပါ့မယ်။

လူစီ ဘယ်သူလဲ...။

လူစီဟာ ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့မှာ ပညာသင်ကြားနေတဲ့ 
အသက် ၂၅ နှစ်အရွယ် အမေရိကန်ကျောင်းသူလေးပါ။ 
တစ်နေ့တော့ သူမြို့ထဲသွားတဲ့အချိန် သူ့ချစ်သူနဲ့ ဟိုတယ်တစ်ခုရှေ့မှာ ဆုံကြပါတယ်။ 
သူ့ချစ်သူက လက်ဆွဲသေတ္တာတစ်လုံးနဲ့ပါ။
 ကောင်လေးက လူစီကို ဒီလက်ဆွဲသေတ္တာယူပြီး ဟိုတယ်ထဲက လူတစ်ယောက်ဆီ ပို့ခိုင်းပါတယ်။ 
လူစီက ငြင်းပေမယ့် အတင်းအကြပ်စေလွှတ်တဲ့အတွက် ကြောက်ကြောက်နဲ့ပဲ သွားပို့ရပါတော့တယ်။

သေတ္တာထဲမှာက CPH4 လို့ခေါ်တဲ့ မူးယစ်ဆေးဝါးတွေ ပါလာတာပါ။ 
ဒီဆေးတွေကို ဥရောပက ဝယ်လက်ဆီပို့ရမှာပါ။ 
အဲဒိတော့ လူစီရဲ့ ဗိုက်ကိုခွဲပြီး ဆေးထုပ်ကို ဗိုက်ထဲထည့်ကာ
 လူစီကို ဥရောပလွှတ်ဖို့ စီစဉ်ပါတော့တယ်။ 
လူစီကို ခဏချုပ်ထားတဲ့အချိန် နှာဘူးကောင်က 
လူစီကို အကြောင်နှိုက်ပြီး အီစီကလီလုပ်ပါတယ်။
 ငြိမ်မခံတဲ့ လူစီကို လဒက ဒေါသထွက်ပြီး ခွဲထားတဲ့ဗိုက်ကို ပိတ်ပိတ်ကန်ပါတယ်။
 ဒီအခါ အထဲက CPH4 တွေ လူစီရဲ့ ခန္ဓာကိုယ်ထဲ ပျံ့နှံ့ကုန်ပြီး
 လူစီလည်း ပါဝါအထူးအဆန်းတွေ ရသွားပါတော့တယ်။

လူစီနှင့် ကုဏ္ဍလိနီ

လူစီရသွားတဲ့ ပါဝါအထူးအဆန်းတွေဟာ အံ့မခန်းပါပဲ။ 
ယုတ္တိမရှိဘူးလို့တောင် ဝိုင်းဝေဖန်ကြတဲ့အထိပါပဲ။
 တကယ်တော့ လူစီဟာ ကုဏ္ဍလိနီပွင့်သွားတာပါ။ 
ဒါဟာ ကျွန်တော်တစ်ယောက်တည်းရဲ့ ကိုယ်ပိုင်အမြင်ဖြစ်ပါတယ်။ 
ကျွန်တော် ဥာဏ်မှီသလောက် တွေးကြည့်တာပါ။ မှားတယ်ဆိုရင်လည်း 
ကျွန်တော်တစ်ယောက်တည်းနဲ့ပဲဆိုင်ပါတယ်။ 
ကုဏ္ဍလိနီကို ဆက်ရှင်းပြပါ့မယ်ခင်ဗျာ။

ကုဏ္ဍလိနီ (Kundalini)

ကုဏ္ဍလိနီဆိုတာ ယောဂကျင့်စဉ်က စကားလုံးဖြစ်ပါတယ်။ 
ခန္ဓာကိုယ်အတွင်းက ပိတ်လှောင်နေတဲ့ မဟာစွမ်းအားတစ်မျိုးပါ။
 ရှေးစာဆိုတွေအရဆိုရင် ကုဏ္ဍလိနီဟာ မြီးညှောင့်ရိုးထိပ်မှာ ရှိပါတယ်။ 
ကွိုင်တစ်ခုသဖွယ် ရစ်ပတ်နေပါတယ်။ 
ကျင့်စဉ်နဲ့ ဖွင့်လိုက်တဲ့အခါ လူဟာ အလင်းပွင့်သွားသလို ခံစားရပါတယ်တဲ့။
 ဦးခေါင်းထိပ်ကနေ အလင်းတန်းတွေ ပွင့်ထွက်ကုန်သလို ခံစားရပါတယ်တဲ့။
 ဒါဟာ ကုဏ္ဍလိနီပွင့်သွားတာပါ (Kundalini Awakening)။
 ချကရ (Chakra) တွေ ပွင့်ထွက်ကုန်ပြီး ခန္ဓာကိုယ်တစ်ခုလုံး 
ထူးဆန်းတဲ့ စွမ်းအားတွေ ရလာပါတော့တယ်။ 
ဘာကျင့်စဉ်နဲ့ ဖွင့်သလဲဆိုတော့ meditation (တရားထိုင်ခြင်း) နဲ့ပါ။ 
Yoga (ယောဂကျင့်စဉ်) နဲ့လည်း ဖွင့်ကြပါတယ်။ 
ဘာစွမ်းအားတွေ ရသွားသလဲဆိုတော့ နာမည်တပ်၍မရသော စွမ်းအားတွေပေါ့။ 
လူတွေစိတ်ကူးတောင် မယဉ်ဖူးတဲ့ စွမ်းအားတွေပေါ့။
 လူတွေ ယုတ္တိမရှိဘူးထင်တဲ့ စွမ်းအားတွေပေါ့။

နောက်တစ်နည်းအရ ကုဏ္ဍလိနီပွင့်တယ်ဆိုတာ 
လူဟာ မိမိဦးနှောက်ရဲ့ လုပ်ဆောင်နိုင်တဲ့စွမ်းအားကို ရာနှုန်းပြည့် အသုံးချသွားနိုင်တာပါ။
 ဦးနှောက်ကို ၁၀၀ ရာခိုင်နှုန်း ခိုင်းစေသွားနိုင်တာပါ။
 ကုဏ္ဍလိနီအကြောင်းကို ဆက်ပြီးလေ့လာချင်ရင်၊ သိချင်ရင်၊ 
တကယ်ပွင့်သွားတဲ့လူတွေ ရှိမရှိသိချင်ရင် 
ဆရာမောင်ကျောက်တိုင်ရဲ့ ကုဏ္ဍလိနီစာအုပ်ကို ဖတ်ကြည့်ကြပါ။
 အင်တာနက်မှာလည်း ရှာဖွေနိုင်ပါတယ်။

Lucy ဟာ ကုဏ္ဍလိနီပွင့်သွားတာလို့ ကျွန်တော်ပြောခဲ့ပါတယ်။ 
ဇာတ်လမ်းအဆုံးမှာလည်း လူစီဟာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် ဖြစ်သွားပါတယ်။ 
အမျိုးသမီးထဲက ပထမဆုံး ထွက်ရပ်ပေါက်ပုဂ္ဂိုလ်လို့ ဆိုရမယ် ထင်ပါတယ်။ 
အရာအားလုံးဟာ ဆက်စပ်နေတယ်လို့လည်း သူပြောသွားပါသေးတယ်။

သူငယ်ချင်းများ ကျွန်တော့်ကို ဝိုင်းမေးကြသော မေးခွန်းများ

အဲဒါဆို ကုဏ္ဍလိနီက တကယ်ရှိတယ်ပေါ့။
-ကျွန်တော်လည်း စာအုပ်ထဲဖတ်ရတာကို ပြန်ပြောပြတာပါ။ အသိချင်းဖလှယ်တဲ့သဘောပါပဲ။

တကယ်ရှိတယ်ဆိုရင်ရော အဲသလို ပွင့်ချင်လား။
-မပွင့်ချင်ပါဘူး။

ကုဏ္ဍလိနီရှိတယ်ဆိုတာကိုရော ယုံလား။
-ရှိနိုင်ပါတယ်။

လူစီနဲ့ ကုဏ္ဍလိနီ ဆက်စပ်နေတယ်လို့ ဘာလို့ပြောလဲ။
-ဒီဇာတ်ကားထဲမှာ ရိုက်ပြထားတာတွေက 
ကုဏ္ဍလိနီပွင့်တာနဲ့ ပုံစံချင်း လုံးဝနီးပါး တူနေလို့ပါပဲ။
 နောက်တစ်ချက်က အနောက်တိုင်းက သိပ္ပံပညာရှင်တွေက 
ကုဏ္ဍလိနီရှိတယ်လို့ လက်ခံထားကြတယ်။ 
တကယ်ပွင့်သွားတယ်ဆိုတဲ့ လူတွေကိုလည်း လေ့လာပြီး သုတေသနတွေလုပ်၊ 
ကျမ်းတွေပြုစုထားကြတယ်။ 
အနောက်တိုင်းက ဒီလိုဇာတ်ကားမျိုးကို ရိုက်ပြတယ်ဆိုတာက သိပ္ပံနည်းကျ လက်ခံထားလို့ပဲ။ 
လက်ခံထားလို့လည်း အဲဒိအတိုင်းရိုက်ထားတာ။

ဗုဒ္ဓဘာသာနဲ့ဆက်စပ်နေသလား။
-လုံးဝမဆက်စပ်ပါဘူး။ ကျင့်စဉ်ခြင်းတော့ တူကောင်းတူပါလိမ့်မယ်။ 
ရည်ရွယ်ချက်ခြင်းတော့ လုံးဝမတူနိုင်ပါဘူး။ 
ဗုဒ္ဓဘာသာက အနတ္တလမ်းစဉ်ပါ။ 
သူတို့က အတ္တလမ်းစဉ်ပါ။ 
ဗုဒ္ဓဘာသာက သံသရာက လွတ်မြောက်ဖို့ အားထုတ်တာပါ။ 
သူတို့က ပါဝါအတွက် အားထုတ်တာပါ။ 
သူတို့က ပါဝါလိုင်းပါ။

ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုတာကိုရော ယုံလား၊ တကယ်ရှိသလား။
-ယုံပါတယ်။ တကယ်လည်း ရှိနိုင်ပါတယ်။

ရဟန္တာတွေ ဈာန်အဘိညာဉ်ရသွားတယ်ဆိုတာကရော ကုဏ္ဍလိနီပွင့်သွားတာမျိုးပဲလား။
-လုံးဝမဟုတ်ပါဘူး။ 
တစ်ခြားဆီပါပဲ။ 
ကုဏ္ဍလိနီပွင့်တယ်ဆိုတာက ရုပ်သဘောဆန်ပါတယ်။ 
ပါဝါတွေရတယ်ဆိုတဲ့သဘောမျိုးပါ။
 ဆရာတော်ကြီးတွေ ရဟန္တာဖြစ်သွားတာက စိတ်တန်ခိုး ထက်မြက်သွားတာပါ။ 
စိတ်က အင်မတန်ကြည်လင်ပြီး တည်ငြိမ်သွားတာပါ။ 
အာရုံငါးပါးခံစားမှုလည်း မရှိတော့ပါဘူး။ 
တန်ခိုးရသွားတာ တစ်ခုတည်းတင်မဟုတ်ပါဘူး။

သူတို့မေးတာတွေကို ကျွန်တော်လည်း ဥာဏ်မှီသလောက် စဉ်းစားပြီး
 ဖြေပေးထားပါတယ်။ 
မှားနေရင်လည်း ခွင့်လွှတ်ပေးကြပါ။
 နောက်တစ်ခုက နောက်ဆုံးမေးခွန်းကို ကျွန်တော်ဖြေပေးခဲ့ပေမယ့် 
ကိုယ့်အဖြေကို ကိုယ် သိပ်သဘောမကျပါဘူး။ 
မှားနေရင်လည်း ပြင်ပေးကြပါခင်ဗျာ။

ကျွန်တော့်ရဲ့ ရုပ်ရှင်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။

ကျေးဇူးတင်ပါတယ်။












1 comments:

ကုဏ္ဍလိနီ ​မောင်​​ကျောက်​တိုင်​ စာအုပ်​ကိုဖတ်​ကြည့်​နိုင်​ပါတယ်

Post a Comment