MPT ဆင်းမ်ကတ် ၁၀ သိန်းကို အောက်တိုဘာလ၌ ဈေးကွက်အတွင်း ထပ်မံဖြန့်ချိမည်


ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်အတွင်းသို့ လာမည့်အောက်တိုဘာ လအတွင်း၌ ဆင်းမ်ကတ် အရေအတွက် ဆယ်သိန်းထပ်မံ ရောင်းချသွားမည် ဖြစ်ကြောင်း MPT မှသတင်းရရှိသည်။
ယခုလက်ရှိ အချိန်တွင် MPT ဆင်းမ်ကတ် အသစ်များသည် ဈေးကွက်အတွင်း၌ ၁၅ သိန်းရောက်ရှိနေပြီဖြစ်ပြီး သုံးစွဲသူအရေအတွက်မှာ ၇ သိန်းကျော်ရှိနေပြီ ဖြစ်သည်။ MPT ကုမ္ပဏီအနေဖြင့် ယခုလ ၁ ရက်နေ့မှစတင်၍ ၎င်းတို့၏ အမှတ်တံဆိပ်အသစ် ဆင်းမ်ကတ်များကို ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ စက်တင်ဘာ တစ်လလုံးတွင် သုံးစွဲသူပေါင်း ၇ သိန်းကျော်ရှိလာခြင်း ဖြစ်သည်။
၂၀၁၄ အောက်တိုဘာလတွင် MPT ဆင်းမ်ကတ်အရေအတွက် ဆယ်သိန်းကို ဈေးကွက်အတွင်း ထပ်မံချထားပေးချိန်တွင် မှောင်ခိုဈေးကွက်ကို ထိန်းချုပ်သွားမည်ဖြစ်ပြီး ကုမ္ပဏီ၏သတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချသည့် အရောင်းဆိုင်များရှိပါက ဆင်းမ်ကတ်ခွဲတမ်း ချပေးခြင်းမှ ရပ်ဆိုင်းမည်ဖြစ်ကြောင်းလည်း အဆိုပါ ကုမ္ပဏီထံမှ သတင်းရရှိသည်။
ယခင်အစိုးရဌာန အဖြစ်မှပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ပုဂ္ဂလိကအဖြစ် လုပ်ကိုင်လာသည့် MPT ဆက်သွယ်ရေး ကုမ္ပဏီသည် ဈေးကွက်အတွင်း၌   အမှတ်တံဆိပ်အသစ် ဆင်းမ်ကတ်များကို ယခင်မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအမည်ဖြင့် လုပ်ကိုင်ခဲ့စဉ်က သတ်မှတ်ခဲ့သည့် နှုန်းထားများဖြင့်သာ ဆက်လက်ကောက်ခံမှု ပြုလုပ်လာခြင်းဖြစ်သည်။
အဆိုပါ နှုန်းထားများမှာ MPT ဖုန်းအချင်းချင်း သော်လည်းကောင်း၊ MPT မှ အခြားဖုန်းများသို့ ခေါ်ဆိုလျှင် သော်လည်းကောင်း တစ်မိနစ်လျှင် ၂၅ ကျပ်ဖြစ်ပြီး၊ တစ်မိနစ် ကျော်လွန်သွားပါက ၆ စက္ကန့်လျှင် တစ်မိနစ်နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်သည်။ မိုဘိုင်းဖုန်းအသုံးပြုမှု အနည်းပါးဆုံး အချိန်ဖြစ်သည့် ည ၁၁ နာရီမှ မနက် ၇ နာရီအချိန်ထိ ဖုန်းခေါ်ဆိုမှုများကိုမူ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ဆက်လက်ကောက်ခံ နေခြင်းဖြစ်သည်။ စာတိုပေးပို့ခ နှုန်းထားများသည်လည်း ယခင်အတိုင်းတစ်စောင်လျှင် ၂၅ ကျပ်ဖြစ်သည်။
ထို့အပြင် မိုဘိုင်းအင်တာနက် မြန်နှုန်းများသည် ယခင်အတိုင်း နှေးကွေးနေဆဲ ဖြစ်သော်လည်း GSM  ဖုန်းများအတွက် တစ်မိနစ်လျှင် ၂ ကျပ်နှင့် CDMA 800 MHz နှင့် WCDMA မိုဘိုင်းဖုန်းများအတွက် တစ်မိနစ်လျှင် ၄ ကျပ်ဖြင့်သာ ဆက်လက်ကောက်ခံနေပြီး အင်တာနက် အသုံးပြုရန်အတွက် ကနဦးတပ်ဆင်ခ ကျပ်တစ်သောင်းကို ပေးသွင်းရဦးမည်ဖြစ်ကြောင်း သိရသည်။
“ဒါပေမဲ့ အခုလို အခြေအနေအသစ်မှာ အရင်တိုင်းပဲဆိုတာ စိတ်ပျက်ဖို့အရမ်း ကောင်းပါတယ်" ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းအသုံးပြုသူ တစ်ဦးကဆိုသည်။
ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းထုတ်လုပ်ထားသည့် MPT အမှတ်တံဆိပ် ဆင်းမ်ကတ်များသည် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီများနှင့်အပြိုင် လုပ်ကိုင်လာခြင်း ဖြစ်သော်လည်း သုံးစွဲသူများအတွက် ဝန်ဆောင်ခနှုန်းထားများကို ပြင်ဆင်လျှော့ချပေးခြင်း မရှိသည့်အပြင် မိုဘိုင်းအင်တာနက် အမြန်နှုန်းများလည်း တိုးတက်ကောင်းမွန် လာခြင်းမရှိသည့်အတွက် ဝေဖန်မှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းဖုန်း သုံးစွဲသူများထံမှ သိရသည်။
-ယုဇနကိုကို

Internet Journal


0 comments:

Post a Comment