ကမ္ဘာ့အပါးလွှာဆုံးဖုန်းနဲ့ ဈေးကွက် ထိုးဖောက်မယ့် Huawei


                
တရုတ်နာမည်ကြီး ဖုန်းကုမ္မဏီ တခုဖြစ်တဲ့ Huawei (ဟွာဝေ) က သူ့ ရဲ့ အသစ်ထွက်ရှိလာတဲ့ ကမ္ဘာ့အပါးလွှာဆုံး Huawei Ascend P6 နဲ့ အတူ ကမ္ဘာ့ ဖုန်းဈေးကွက်မှာ အံ့အားသင့်အောင် လုပ်ဆောင်သွားခဲ့ပါတယ်။


Android အသုံးပြုထားတဲ့ Huawei Ascend P6 ဟာ ၆.၁၈ မီလီမီတာ အထူအပါးမျှသာရှိပြီး ပိုပြီးထူးခြားတာကတော့ ရှေ့ ဖက် မျက်နှာပြင်ကင်မရာက 5 megapixel ပါရှိလာတာကြောင့် Facebook နဲ့Instagram တို့မှာကိုယ်တိုင်ရိုက်ဓာတ်ပုံတင်ရတာနှစ်သက်သူများအတွက် အကြိုက်တွေ့စေမှာပါ။

တရုတ်ကုမ္မဏီ ရဲ့အဆိုအရတော့ ဒီဖုန်းက Huawei ရဲ့ နာမည်ကို ပိုမိုကျော်ကြားစေမယ့် အလှည့်အပြောင်းတစ်ခု ဖြစ်ပါတယ် တဲ့။

လန်ဒန်မှာပြုလုပ်ခဲ့တဲ့ ဖုန်းပြပွဲမှာ CCS Insight မှ ဒါရိုက်တာ ဘန်ဝူးထ်က “ဒီဖုန်းဟာ Huawei ထုတ်ခဲ့သမျှ ဖုန်းတွေထဲမှာ ဒီဇိုင်းအရကော၊ သုံးထားတဲ့ ပစ္စည်းတွေအရပါ အရည်အသွေးမှီပြီး ထူးခြားတဲ့ဖုန်းတစ်လုံးဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၁၈ လအတွင်း တရုတ် ဖုန်းကုမ္မဏီတွေဟာ ဥရောပဈေးကွက် ထိုးဖောက်ဝင်ရောက်ဖို့ နည်းပညာ နဲ့ ပစ္စည်းပိုင်းမှာ အဆင့်မီအောင်ကြိုးစားလာတာကိုတွေ့ ရပါတယ်။
 3G သာ ရတာမို့ ရောင်းချတဲ့အပိုင်းမှာတော့ အကန့် အသတ်ရှိနေအုံးမှာကတော့ ဒီဖုန်းရဲ့ အားနည်းချက်တခုပေါ့။
ဒါပေမယ့်  ဈေးပေါပြီး ပစ္စည်းကောင်းကြိုက်တဲ့သူများအတွက်တော့ မျက်စိကျစရာဖြစ်မှာပါပဲ” လို့ သူက ဆက်ပြောပါတယ်။

Huawei Ascend P6 ပါးလွှာတဲ့ဖုန်း
Huawei ကုမ္မဏီ က သူတို့ရဲ့ ဖုန်းအသစ်ဟာ ကမ္ဘာ့အပါးလွှာဆုံး ဖုန်းလို့ ဂုဏ်ယူ ၀ံ့ကြွားစားနဲ့ထုတ်ဖော် ကြေညာလိုက်ပါတယ်။
Huawei ဖုန်းဟာ အသစ်ထွက်ရှိပြီး နာမည်ကြီးနေတဲ့  HTC One လိုပဲ ၄.၇ လက်မ မျက်နှာပြင်အကျယ်ရှိပါတယ်။
ဒါပေမယ့် HTC One ထက်ပိုမို ပါးလွှာပါတယ်။

ဒါ့အပြင် ဒီဖုန်းဟာ iPhone 5 ထက်လည်း ပိုမိုပါးလွှာတယ်၊  ဒီဖုန်းမထွက်ခင် ကမ္ဘာ့အပါးလွှာဆုံးဖုန်းအဖြစ်အသိအမှတ်ပြုခံထားရတဲ့
Alcatel One Idol Ultra ထက်တောင် ပိုမိုပါးလွှာပါတယ် တဲ့။

အလေးချိန်မှာတော့ iPhone 5 နဲ့ Alcatel One Idol Ultra နှစ်ခုစလုံးထက် အနည်းငယ်ပိုလေးပါတယ်။

ကမ္ဘာသို့ ဈေးကွက်ချဲ့လာတဲ့ Huawei

Huawei ဟာ တရုတ်နိုင်ငံတွင်းမှာတော့ နာမည်ကြီး တံဆိပ်အမှတ်အသားတခုအဖြစ် ရပ်တည်နေပါတယ်။
၁၉၈၇ ခုနစ်မှာ စတင်တည်ထောက်ခဲ့တဲ့ Huawei  ဟာ  တရုတ်နိုင်ငံရဲ့  အကြီးဆုံး ဖုန်းထုတ်တဲ့ ကုမ္မဏီကြီးတခုဖြစ်လာခဲ့ပါပြီ။

၂၀၁၃ ရဲ့ ပထမ ၃လ ဖုန်းရောင်းချရမှုက ၉.၉ သန်း ရှိပါတယ်။
ဒါဟာ Samsung , Apple နဲ့LG တို့ပြီးရင် စတုတ္တ ချိတ်ကာ ကမ္ဘာ့ဖုန်းဈေးကွက်ကိုစတင်ခြိမ်းခြောက်လာခြင်းပါပဲ။



Huawei ရဲ့ ဈေးကွက်ချဲ့ထွင်ရေး အရာရှိ  ရှောင်ယန်က “လွန်ခဲ့တဲ့ ၇ နှစ်က Apple ကို ဒီလောက်နာမည်ကြီးပြီး အောင်မြင်မယ်လို့ ဘယ်သူမှမထင်ခဲ့သလို  လွန်ခဲ့တဲ့ ၅ နှစ်လောက်က အခုနာမည်ကြီးပြီးအရောင်းရဆုံးဖုန်းကုမ္မဏီဖြစ်နေတဲ့ Samsung ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှမထင်မှတ်ခဲ့ပါဘူး” လို့  ဥပမာပေးကာ Huawei ရဲ့ ဥရောပ နဲ့ကမ္ဘာ့ဈေးကွက်ထိုးဖောက်ဝင်ရောက်ရေးအကြောင်း အားတက်သရော ပြောဆိုသွားခဲ့ပါတယ်။

Huawei Ascend P6 ဖုန်း

Huawei Ascend P6 မှာ 8 megapixel rear camera ပါရှိပါတယ်။
တစ်နေ့ တစ်မျိုး မိမိကိုယ်ကို ဓာတ်ပုံရိုက်တာနှစ်သက်သူများအတွက်ကတော့  5  megapixel ရှိတဲ့ ကင်မရာပါရှိတာဟာ ဒီဖုန်းရဲ့ အားသာချက်တခုဖြစ်စေမှာပါ။
OS အနေနဲ့နောက်ဆုံးထွက်ရှိထားတဲ့ Android Jelly Bean 4.2.2 ကို  အသုံးပြုထားပါတယ်။
မှတ်ဥာဏ်သိုလှောင်မှုအနေနဲ့8 gigabytes of internal storage ပါရှိပြီး 32GB microSD cards တွေထပ်မံထည့်သွင်းလို့ ရပါတယ်။

အလုပ်လုပ်ဆောင်မှု မြန်ဆန်ဖို့ အတွက်ကတော့ 1.5GHz quad core processor ကိုအသုံးပြုထားတာပါ။

မြန်မာပြည်ဈေးကွက်မှာတော့ CDMA နဲ့GSM အသုံးပြုနိုင်တဲ့ Huawei ဖုန်းများဟာ ဈေးပေါတာကြောင့် ရောင်းကောင်းတဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ်။

နောက်ဆုံးထွက်ရှိလာတဲ့ Huawei Ascend ဖုန်းအမျိုးအစားတွေက ဒီဇိုင်း နဲ့နည်းပညာပိုင်းမှာပါ ပိုမိုကောင်းမွန်လာပါတယ်။
 ဒါ့အပြင် ဈေးနှုန်းလည်း သက်သာပါတယ်။

Huawei Ascend ဖုန်းတွေ မြန်မာပြည်မှာ အရောင်းသွက်မလားဆိုတာကတော့ စောင့်ကြည့်ဦးမှာ ဖြစ်ပါတယ်။

ကိုးကား။
http://www.bbc.co.uk/news/technology-22949159
http://www.techhive.com/article/2042321/huaweis-ascend-p6-smartphone-has-5megapixel-front-camera-to-watch-you-with.html

 Credit to: ဧရာဝတီ



0 comments:

Post a Comment