Google Nexus 7 (ဒုတိယမျိုးဆက် - ၂၀၁၃ မော်ဒယ်)


Google Nexus 7 (ဒုတိယမျိုးဆက် - ၂၀၁၃ မော်ဒယ်)

Google ရဲ့ အသစ်စက်စက် ၇ လက်မအရွယ် Nexus 7 tablet ဟာ လက်ရှိဈေးကွက်တွင်းရှိ tablet များ အားလုံးထက် သာလွန်ကောင်းမွန်တဲ့ မျက်နှာပြင်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ဒီအချက် တစ်ခုတည်းနဲ့ iPad Mini ကို အနိုင်ယူ ကျော်ဖြတ်နိုင်ပါ့မလား။

ပြီးခဲ့တဲ့ နှစ်အတွင်းက ဈေးကွက်တွင်းကို ပထမဆုံး ရောက်ရှိလာတဲ့ Nexus 7 ဟာ အလွန်ကောင်းမွန်တဲ့ ၇ လက်မအရွယ် tablet တစ်ခုဖြစ်ပြီး လူကြိုက်လည်း များခဲ့ပါတယ်။ မူရင်း Nexus 7 ဟာ iPad Mini ကို ထိပ်တိုက်ယှဉ်ပြိုင်နိုင်တဲ့ တစ်ခုတည်းသော tablet လည်း ဖြစ်ခဲ့ပါတယ်။ Apple ကို အသေးစား iPad ထုတ်လုပ်ဖို့ ဖြစ်စေခဲ့တာလည်း Nexus 7 ပါပဲ။

ယခု ဒုတိယမျိုးဆက် Nexus 7 ကိုတော့ Google အနေနဲ့ အထူးတလည် အဆင့်မြှင့်တင်ထားပြီး ဒီဇိုင်းမှအစ စွမ်းဆောင်ရည်အဆုံး iPad Mini ထက် သာလွန်အောင် ဖန်တီးခဲ့ပါတယ်။ အဲဒီအချက်တွေ အထဲမှာမှ အထူးခြားဆုံးကတော့ iPad Mini ထက်ပင် သာလွန်ကောင်းမွန်တဲ့ မျက်နှာပြင်ရဲ့ ပုံထွက်စွမ်းရည်ပဲ ဖြစ်ပါတယ်။ iPad Mini ထက် ဒီဇိုင်းပိုင်းမှာ ပိုမိုလှပသေသပ်တယ်၊ မျက်နှာပြင်ပုံထွက် ပိုမိုကောင်းမွန်တယ်၊

စွမ်းဆောင်ရည်ပိုင်းမှာလည်း သာလွန်နေပြန်တယ်။ ဒါဆိုရင် iPad Mini ကို Nexus 7 အနေနဲ့ အလဲထိုးလိုက်ပြီးလား။ အသေးစိတ် လေ့လာကြည့်ရအောင်။

ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ

တိုတိုနဲ့ လိုရင်း ပြောရရင်တော့ Nexus 7 ရဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းတည်ဆောက် ထားပုံဟာ Super Good ပါပဲ။ ကြည့်လို့လဲလှ၊ ကိုင်တွယ်အသုံးပြု ရတာလည်း လွန်စွာမှကို အဆင်ပြေလှပါတယ်။ Hardware ပိုင်းမှာ ပြောစရာမရှိအောင် ကောင်းမွန်ပြီး အဆင့်မြင့်တဲ့ upscale ပုံစံထွက်ပါတယ်။ Android tablet တွေထဲမှာ Apple ရဲ့ Sexy ဒီဇိုင်းကို အမှန်တကယ် ယှဉ်နိုင်တဲ့ tablet လို့တောင် ခေါ်ဆိုနိုင်ပါတယ်။

Asus က ထုတ်လုပ်ပေးထားတဲ့ ဤ Nexus 7 ဟာ သုံးစွဲသူတွေ ထိတွေကိုင်တွယ် အသုံးပြုရမှာ အကောင်းဆုံးဖြစ်ဖို့ အလေးထားပြီး ဖန်တီးထားတာ သိသာလှပါတယ်။ ရာဘာနဲ့ ပြုလုပ်ထားတဲ့ နောက်ကျောပြင်ဟာ ကျစ်လစ်မှုရှိပြီး၊ အနာသပ်တွေဟာ မူရင်း Nexus 7 ထက် အနည်းငယ် ပါးလွှာပြီး အံဝင်ဂွင်ကျ ရှိတာကြောင့် လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ်အသုံးပြုရာမှာ လွတ်ကျမှာ စိုးရိမ်စရာ မရှိတော့ပါဘူး။ Menu ခလုတ်များဟာ တုန့်ပြန်မှု ကောင်းမွန်သလို နေရာချထားမှုဟာလည်း စနစ်ကျတာကြေင့် အသုံးပြုရ လွယ်ကူတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Gorilla Glass မျက်နှာပြင်ကို ဝန်ရံထားတဲ့ ဖုန်းရဲ့အနားကွပ်ဟာ ဖုန်းထိပ်ပိုင်းနဲ့ အောက်ခြေပိုင်းတို့မှာ ကြီးမားကျယ်ပြန့်သော်လည်း ၈.၆၅ မမ အထူသာရှိသည့် အရွယ်အစားနဲ့ ပေါ့ပါးလှတဲ့ အလေးချိန်ကြောင့် Nexus 7 ဟာ သေးသွယ်တဲ့ လက်ချောင်းရှိတဲ့ သုံးစွဲသများရဲ့ လက်ထဲမှာပင် အံဝင်ခွင်ကျ ဖြစ်နေမှာ သေချာပါတယ်။ အထူးသဖြင့် အိပ်ရာထဲ လှဲလျောင်းပြီး ရုပ်ရှင်ကြည့်ဖို့ ကောင်းမွန်တဲ့ tablet ပဲ ဖြစ်ပါတယ်။

ထူးခြားပြောင်မြောက်တဲ့ မျက်နှာပြင်

Nexus 7 ရဲ့ အဓိက အားသာချက်ကတော့ မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ Resolution ကို 1920 x 1200 အထိ မြှင့်တင်ပေးထားလို့ ဒီ ၇ လက်မအရွယ် မျက်နှာပြင်ရဲ့ ပုံထွက်သိပ်သည်းဆဟာ 323 ppi (pixels per inch) ရရှိမှဖြစ်ပါတယ်။ ဒါဟာ tablet တွေ အားလုံးထဲမှာ အမြင့်ဆုံးသော ပုံထွက်နှုန်းဖြင့်ပြီး iPad ရဲ့ Retina မျက်နှာပြင်ရဲ့ 264 ppi ထက် အပြတ်အသတ် သာလွန်နေပါတယ်။

Resolution သာမကပဲ Nexus 7 ရဲ့ မျက်နှာပြင်ပေါ်မှာ ပုံရိပ်တွေကို လွန်စွာ ကြည်လင်ပြတ်သားစွာနဲ့ သဘာဝအတိုင်း အရောင်အသွေး မှန်ကန်စွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဗီဒီယို ကြည့်ရှုရာမှာလည်း 1080p Full HD ပုံထွက်နှုန်းကို အပြည့်အဝ ခံစားနိုင်ပါလိမ့မယ်။

ကင်မရာနှင့် ဖျော်ဖြေရေးစနစ်

မူရင်း Nexus 7 မှာ နောက်ကျောပြင် ကင်မရာ မပါဝင်ခဲ့ပါဘူး။ ယခု ဒုတိယမျိုးဆက်မှာတော့ အသင့်အတင့် ကောင်းမွန်တဲ့ 5MP ကင်မရာကို ထည့်သွင်းပေးထားပြီး ရှေ့ဖက်ကင်မရာကတော့ မူရင်းအတိုင်း 1.2MP ရှိမှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေအရ Nexus 7 ရဲ့ ကင်မရာစနစ်ဟာ အဆင့်မြင့် စမတ်ဖုန်းတွေကို ယှဉ်နိုင်မှာတော့ မဟုတ်ပါဘူး။

ကင်မရာ ထိန်းချုပ်မှုစနစ်ဟာ Nexus 4 စမတ်ဖုန်းနဲ့ အတော်လေး တူညီမှု ရှိသော်လည်း HDR ဓာတ်ပုံများ ရိုက်ကူးနိုင်စွမ်း မရှိသလို LED Flash လည်း မပါဝင်တာကြောင့် အလင်းနည်းတဲ့ နေရာတွေမှာ ရိုက်ကူးဖို့ ခက်ခဲ့ပါလိမ့်မယ်။ ဓာတ်ပုံတွေဟာ ပုံထွက်ကောင်းမွန်ပြီး သဘာဝကျပေမယ့် အလင်းအမှောင် ထိန်းညှိမှုအပိုင်းမှာ အားနည်းတာက သိသာလှပါတယ်။

Google အနေနဲ့ Nexus 7 မှာ Stereo စပီကာများ တပ်ဆင်ပေးထားခြင်းကို ဝင့်ကြွားစွာနဲ့ ပြောကြားထားပါတယ်။ လက်တွေ့မှာလည်း စမ်းသပ်ဖူးသမျှ tablet တွေထဲမှာ အကောင်းဆုံး စပီကာများပဲ ဖြစ်ပါတယ်။ စပီကာ ၂ လုံးဟာ landscape အနေအထားမှာ ဘယ်၊ ညာ ၂ ဖက်မှာ ရှိနေမှာဖြစ်တာကြောင့် ရုပ်ရှင်ကြည့်ရာမှာ ကြည်လင်ပြတ်သားတဲ့ အသံကို နားဆင်နိုင်မှာဖြစ်ပြီး ကောင်းမွန်တဲ့ ပတ်လည်အသံစနစ် “အတု” လည်း ပါရှိပါတယ်။

စွမ်းဆောင်ရည်

အကောင်းဆုံး ၇ လက်မအရွယ် tablet အဖြစ် ရပ်တည်နိုင်ဖို့ Nexus 7 ရဲ့ စွမ်းရည်ပိုင်းကိုလည်း အထူးတလည် အဆင့်မြှင့်တင် ထားတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

Nexus 7 ဟာ Qualcomm ရဲ့ Snapdragon S4 Pro Quad-core ပရော်ဆက်ဆာနဲ့ 2MB RAM ကို ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ လျှပ်စီးအလား လျှင်မြန်တဲ့ စွမ်းဆောင်ရည်ကို ရရှိခဲ့ပါတယ်။ ၂၀၁၃ Nexus 7 ရဲ့ စွမ်းဆောင်ရည် အပိုင်းကို AnTuTu benchmark နဲ့ စမ်းသပ်ခဲ့ရာမှာ အမှတ် ၁၉၉၄၈ ရရှိခဲ့တာကြောင့် မူရင်း Nexus 7 ရရှိခဲ့တဲ့ ရမှတ် ၁၁၇၇၄ ထက် အပြတ်အသတ် သာလွန်နေခဲ့ပါတယ်။

မည်မျှပင် များပြားသည့် app များကို ဖွင့်ထားပြီး task အများအပြားအား တစ်ပြိုင်နက် ပြုလုပ်နေပါစေ၊ Nexus 7 ရဲ့ စွမ်းဆောင်ရည်ကတော့ ကျသွားခြင်း မရှိပါဘူး။ ဂရပ်ဖစ်မြင့် ဂိမ်းများဆော့ခြင်းနဲ့ HD ရုပ်ရှင် ကြည့်ရှုရာမှာ ထစ်ငေါ့ခြင်း လုံးဝမရှိပါဘူး။


ဘက္ကထရီ

ဘက္ကထရီသက်တမ်းနဲ့ မျက်နှာပြင်အရွယ်အစား + ပုံထွက်သိမ်းသည်းမှု တို့ဟာ တိုက်ရိုက် အချိုးကျပါတယ်။ မျက်နှာပြင်ကြီးလေ၊ ပုံထွက်နှုန်းကောင်းလေ ဘက္ကထရီစားလေပါပဲ။ Nexus 7 ကတော့ အဲဒီလို မဟုတ်ပါဘူး။ Tablet တွေထဲမှာ အကောင်းဆုံး မျက်နှာပြင်ကို ပိုင်ဆိုင်ထားသော်လည်း ယင်း၏ ဘက္ကထရီသက်တမ်းမှာ အံအားသင့်ဖွယ်ရာ ကောင်းမွန်လှပါတယ်။

သာမန်အသုံးပြုမှု ပုံစံဖြင့်ဆိုလျှင် ဘက္ကထရီသက်တမ်းမှာ ၁၁ နာရီခန့် ရရှိမှာဖြစ်ပါတယ်။ 720 HD ဗီဒီယိုတစ်ခုအား အသံထွက်နှင့် ရုပ်ထွက် အလယ်အလတ်တွင် ထားရှိပြီး ထပ်ခါတလဲလဲ ဖွင့်ခြင်းဖြင့် စမ်းသပ်ခဲ့ရာမှာတော့ ဘက္ကထရီဟာ ၇ နာရီနည်းပါး ခံတာကို တွေ့ရှိခဲ့ရပါတယ်။

နိဂုံး

iPad Mini အနေနဲ့ အရွယ်အစားအားဖြင့် ၀.၉ လက်မ ပိုမိုကြီးမားသလို App Store မှ ရရှိနိုင်သည့် app များဟာလည်း မကုန်နိုင်အောင် များပြားလှပါတယ်။

အခြားတစ်ဖက်မှာတော့ Nexus 7 ဟာ အကောင်းဆုံးသော မျက်နှာပြင်နဲ့ stereo စပီကာများကို ပိုင်ဆိုင်ထားပြီး ဖျော်ဖြေရေးအတွက် အထူးစီမံ ထုတ်လုပ်ထားတဲ့ tablet လို့တောင် ဆိုနိုင်ပါတယ်။ စာဖတ်မလား၊ ဂိမ်းဆော့မလား၊ ရုပ်ရှင်ကြည့်မလား။ ကြိုက်တာသာ ရွေးလိုက်ပါ။ Nexus 7 က အကောင်းဆုံး စွမ်းဆောင်ပေးပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ ဈေးနှုန်းပဲ ဖြစ်ပါတယ်။ မူရင်း Nexus 7 ထက် ၂၀၁၃ Nexus 7 ဟာ ဈေးနှုန်း အနည်းငယ် ပိုမိုများပြားသည်မှာ မှန်သော်လည်း iPad Mini ထက် ဈေးများစွာ သက်သာနေဆဲ ဖြစ်ပါတယ်။ ဒ့ါအပြင့် ၂၀၁၃ Nexus 7 ဟာ iPad Mini ကို ဒီဇိုင်းနဲ့ ဖွဲ့စည်းတည်ဆောက်မှုပုံစံ အပိုင်းများမှာ ထိပ်တိုက်ယှဉ်ပြိုင်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

iPad Mini ကို Apple အစွဲနဲ့ သုံးစွဲမယ် ဆိုရင်တော့ ဝယ်ယူလိုက်ပါ။ အဲလိုမဟုတ်ပဲ သင့်အနေနဲ့ အပြောင်းအလဲ လုပ်ချင်တယ်၊ အကောင်းဆုံး ဖျော်ဖြေရေး tablet တစ်ခုကိုလည်း လိုချင်တယ် ဆိုရင်တော့ Nexus 7 ဟာ လက်ရှိအချိန်မှာ အသင့်တော်ဆုံးပါပဲ။
 
 

0 comments:

Post a Comment