ဒီတစ်ပတ် အတွက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ အသစ်ထွက်ရှိထားတဲ့ ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။

Rani ဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။ သူဟာ အိန္ဒိယအမျိုးသမီးတို့ရဲ့ ဓလေ့ထုံးစံအတိုင်း ပိပိပြားပြား ဖုံးဖုံးဖိဖိနဲ့ နေခဲ့တဲ့ ဗိုင်းကောင်းကျောက်ဖိ မိန်းကလေးတစ်ယောက်ဆိုပါတော့။ တစ်နေ့မှာတော့ သူ့ရဲ့ဘဝထဲကို Vijay ဆိုတဲ့ ကောင်လေးတစ်ယောက် ဝင်ရောက်လာခဲ့ပါတယ်။

Vijay ရဲ့ မိဘတွေနဲ့ Rani ရဲ့ မိဘတွေဟာ အလွန်အမင်းရင်းနှီးကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ တစ်နေ့တော့ Rani တို့ဆိုင်ကို လာလည်ရင်း သူတို့နှစ်ယောက် စဆုံမိကြပါတယ်။ Rani ကို မြင်မြင်ချင်း ချစ်မိသွားတဲ့ Vijay ဟာ နွားသိုးကြိုးပြတ်လို ပိုးပန်းပါတော့တယ်။ လှုပ်ကာများလာတော့ နဲ့သွားရှာတဲ့ ကျောက်တုံးလို Vijay ရဲ့ ကျားမာယာတွေထဲမှာ ဘာမှမသိရှာတဲ့ ရိုးရိုးအအ Rani တစ်ယောက် မျောပါသွားပါပြီ။ Rani ကို ချစ်စနိုးနဲ့ Vijay က ခေါ်ပါတယ်။ "My Queen" တဲ့။

ဘဝတိုးတက်ရာတိုးတက်ကြောင်းအတွက် Vijay တစ်ယောက် အင်္ဂလန်သွားပြီး ကြိုးစားပါတယ်။ ပြန်ရောက်လာတဲ့အခါမှာတော့ Rani နဲ့ Vijay တို့ လက်ထက်ဖို့ စီစဉ်ကြပါပြီ။ Rani အတွက်တော့ ဘဝဟာ ပျော်စရာအပြည့်နဲ့ ကြိုလင့်နေသလိုပါပဲ။ အချစ်ရဆုံးသောသူနဲ့ နှစ်ယောက်တစ်ကမ္ဘာ တည်ထောင်ရတော့မှာမို့ အပျော်ကြီးပျော်နေရှာပါတယ်။ မင်္ဂလာပွဲအတွက် လက်မှာ ဒန်းတွေ ဆေးစိုး။ ပန်းတွေကို သီကုံး။ ကဖို့အတွက် ကကွက်တွေစဉ်းစား။ များမကြာမီ ရောက်လာတော့မယ့် မင်္ဂလာပွဲကို သူ့ခမျာ ရင်တွေခုန်နေပါပြီ။

မင်္ဂလာပွဲ မရောက်ခင် နှစ်ရက်အလိုမှာ Vijay က Rani ကို ချိန်းပါတယ်။ လူကြီးတွေက ပြောတယ်။ ဒါဟာ နိမိတ်မကောင်းဘူးတဲ့။ မင်္ဂလာဆောင်ခါနီးမှာ သတို့သားနဲ့ သတို့သမီးတို့ ချိန်းတွေ့တာဟာ နိမိတ်မကောင်းဘူးတဲ့။ ဒါပေမယ့်လည်း ကောင်မလေးက သူအရမ်းချစ်ရပါသော ကောင်လေးတောင်းဆိုတာကို ဘယ်ငြင်းရက်ရှာမလဲ။

သူတို့နှစ်ယောက်တွေ့ကြတဲ့အခါ Vijay ပြောတာက Rani ကို သူ လက်မထပ်နိုင်ဘူးတဲ့။ ဘာအကြောင်းပြချက်မှ ရေရေရာရာမရှိဘဲ သူ့ကို ခါးခါးသီးသီးပဲ ငြင်းထုတ်နေပါတယ်။ ဘာပြန်ပြောလို့ ပြောရမှန်းတောင် မသိရှာတဲ့ Rani ဟာ Vijay ကို ထပ်တလဲလဲ တောင်းပန်ပါတယ်။ သူ့ဆန္ဒအတိုင်း အားလုံးဖြစ်အောင် လုပ်ပေးပါမယ်။ မင်္ဂလာပွဲကိုတော့ မဖျက်ပါရစေနဲ့ပေါ့။ ဒါပေမယ့် ကောင်လေးကတော့ အလျှော်ကွက်နင်းလိုက်ပါပြီ။

ရင်ကွဲနာကျပြီး အိမ်ကိုပြန်ရောက်လာတဲ့ Rani ခမျာ မိဘတွေကို ဘယ်လိုရှင်းပြလို့ ရှင်းပြရမှန်းတောင် မသိတော့ပါဘူး။ ဒါပေမယ့် မိဘချင်းအကြောင်းကြားထားတဲ့အတွက် Rani မိဘတွေက သိနေနှင့်ပါပြီ။ Rani တစ်ယောက် အခန်းတံခါးပိတ်လို့ တစ်ယောက်တည်း ငိုနေပါတော့တယ်။

နောက်နေ့မှာတော့ Rani ဟာ သူ့မိဘတွေကို ခွင့်တစ်ခုတောင်းပါတယ်။ အဲဒါကတော့ သူတို့နှစ်ယောက် လက်ထပ်ပြီးရင် သွားလည်ကြမယ်လို့ စီစဉ်ထားတဲ့ ပျားရည်စမ်းခရီးကို သူ တစ်ယောက်တည်း သွားမယ်တဲ့။ ဘယ်လိုမှ တားမရတဲ့အဆုံး Rani ကို တစ်ယောက်တည်းပဲ ပျားရည်စမ်းခရီး လွှတ်လိုက်ရပါတော့တယ်။ အဲဒိနောက် Rani တစ်ယောက် သူ စိတ်ကူးယဉ်ထားတဲ့ Paris ဆိုတဲ့ မြို့ကြီးကို တစ်ယောက်တည်း ပျားရည်စမ်းလိုက်တဲ့အခါ.....။

Queen ဟာ အသစ်ထွက်ရှိလာတဲ့ ဘောလိဝုဒ်ဟာသဇာတ်မြူးကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အထူးအောင်မြင်ခဲ့ပြီး ဝင်ငွေလည်း တော်တော်လည်း ကောင်းပါတယ်။ ပုံမှန် ဘောလိဝုဒ်ဇာတ်ကားတွေထဲကနေ ခွဲထွက်ပြီး ပုံစံအသစ်နဲ့ ပွဲထွက်လာတာပါ။ ဒီဇာတ်ကားလေးမှာ ကျွန်တော်တို့ အဓိက သတိထားမိရတာကတော့ "ချုပ်ခြယ်ခံထားရတဲ့ မိန်းကလေးတွေရဲ့ ဘဝ" ပါပဲ။

အိမ်တွင်းပဲ ပုန်းခိုင်းပြီး ဘာဆိုဘာမှ နားမလည်အောင် ထိန်းချုပ်ခံထားရတဲ့ မိန်းကလေးတစ်ယောက်၊ ပြင်ပလောကကို ပထမဆုံးအကြိမ် သူတစ်ယောက်တည်း ရောက်သွားတဲ့အခါ၊ ဘာတွေဖြစ်တတ်သလဲဆိုတာ ထောက်ပြထားပါတယ်။ ဘာသာစကားမတူ၊ လူမျိုးမတူ၊ ဓလေ့မတူ၊ စရိုက်မတူ၊ အစားအစာမတူ၊ ဘာဆိုဘာမှ မတူတဲ့ တိုင်းတစ်ပါး ပြင်သစ်ပြည်ကို အိန္ဒိယသူလေး ရောက်သွားတော့ ကပေါက်ထိကပေါက်ချာတွေ ဖြစ်ကုန်လို့။

ဟိုတယ်ဘေးဘက်အခန်းမှာ ကျားနဲ့မ တအီးအီးတအားအား အော်သံတွေကြားနေတာကို ရန်ဖြစ်တာလို့ ထင်တတ်တဲ့သူ၊ အနောက်တိုင်းသားတို့ထုံးစံအတိုင်း လွတ်လွတ်လပ်လပ် ဝတ်တာကို ကိုယ့်ယဉ်ကျေးမှုနဲ့တိုင်းပြီး အင်မတန်ရှက်တတ်တဲ့သူ၊ Vibrator ကို အနှိပ်စက်လို့ ထင်တဲ့သူ။ အဲသလိုမျိုး ကပေါက်ထိ ကပေါက်ချာတွေချည်းပါပဲ။

နောက်တစ်ခုပြောချင်တာက Queen မှာ အနောက်တိုင်းလူမှုထုံးစံကို တင်ပြထားပါတယ်။ အနောက်တိုင်းလူမှုဓလေ့တွေကို အထင်လွဲနေတာတွေ ဒီကားမှာကြည့်ပြီး ရှင်းလင်းသွားမှာပါ။ မိန်းကလေးတစ်ယောက် သူစိမ်းယောက်ျားလေးတွေနဲ့ တစ်ခန်းတည်းအတူနေတာဟာ ဘာမှမဖြစ်ပါဘူး။ သူတို့ဆီမှာ နှစ်ဦးသဘောတူမှ အလုပ်ဖြစ်ကြတာပါ။ အစိုးရိမ်လွန်ကဲနေစရာမလိုပါဘူး။ ဒါဟာ သူတို့ရဲ့ ဓလေ့ပါပဲ။ နေရာတိုင်းမှာ ကျား မ မခွဲခြားပါဘူး။ အဲသလိုနေရာကနေ အင်မတန်ရင်းနှီးတဲ့ သူငယ်ချင်းတွေတောင် ရသွားနိုင်ပါသေးတယ်။

Queen ဟာ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်တယ်လို့ပဲ ပြောပါရစေ။ ဘောလိဝုဒ်ဇာတ်ကားတွေ ကြိုက်တတ်တဲ့သူတွေကတော့ သဘောကျမှာပါ။ အသက်ကန့်သတ်ချက်တော့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဘောလိဝုဒ်ကားတွေအားလုံးဟာ R အဆင့်ထက် မပိုပါဘူး။ အခုတလော အသစ်ထွက်လာတဲ့ ဘောလိဝုဒ်ကားတွေ အကုန်ကောင်းတယ်ဗျ။ Queen, Hasee Toh Phasee, The Lunch Box အားလုံးမိုက်တယ်။ ကုလားကားကြိုက်ရင် လက်မလွတ်စေနဲ့ဗျို့။

720p ဒေါင်းရန် Movie Locos ကို နှိပ်ပါ။

ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။

0 comments:

Post a Comment