Android Wear စမတ်နာရီများကို iPhone နှင့် တွဲဖက် အသုံးပြုနိုင်မည်




နာမည်ကျော် search engine ကုမ္ပဏီကြီးဖြစ်သော Google သည် Android Wear အသုံးပြုထားသည့် စမတ်နာရီများကို Apple ၏ iPhone နှင့် တွဲဖက် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်။

အဆိုပါ အပြောင်းအလဲသည် Google ၏ စမတ်နာရီများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ကြီးမားသည့် အပြောင်းအလဲဖြစ်သည်။ ယခုကြေညာချက် မတိုင်မီက Samsung, Motorola နှင့် LG တို့မှ ထုတ်လုပ်သော Android Wear စမတ်နာရီများကို Android စမတ်ဖုန်းများဖြင့်သာ တွဲဖက်အသုံးပြုနိုင်ခဲ့သည်။ အဆိုပါ စမတ်နာရီများကို iPhone သုံးစွဲသူများ အသုံးပြုနိုင်ခြင်းကြောင့် Google က သုံးစွဲသူအများအပြားကို ယခင်ထက် ပိုမိုရရှိနိုင်မည့် အလားအလာရှိနေသည်။ Apple သည် ပြီးခဲ့သည့် သုံးလပတ်တွင် iPhone ၄၇.၅ သန်း ရောင်းချခဲ့သည်။

ထို့အပြင် Google ၏ အပြောင်းအလဲသည် iPhone ဖြင့်သာ သုံးနိုင်သော Apple Watch ထက် အခြားရွေးချယ်စရာများ ပိုမိုရရှိရန် ဆန္ဒရှိနေသည့် iPhone သုံးစွဲသူများအတွက် ဆွဲဆောင်မှုတစ်ရပ် ဖြစ်လာဖွယ်ရှိသည်။ Apple ၏ ပထမဦးဆုံး စမတ်နာရီသည် ယခုနှစ်တွင် ဈေးကွက်တင်ပို့ပြီး လအနည်းငယ်အတွင်း နာမည်အကျော်ကြားဆုံး စမတ်နာရီ ဖြစ်လာခဲ့ကြောင်း သုတေသနအဖွဲ့ Strategy Analytics မှ ဖော်ပြခဲ့သည်။

Google သည် စမတ်နာရီ ဈေးကွက်ထံသို့ ပြီးခဲ့သည့်နှစ်က Android Wear နှင့်အတူ ဝင်ရောက်ခဲ့သည်။ လက်ရှိတွင် Android Wear စမတ်နာရီများသည် သုံးစွဲသူ အများအပြားကို ဆွဲဆောင်နိုင်ခြင်း မရှိဘဲ ၂၀၁၄ ခုနှစ်တွင် အလုံးရေ ၇၂၀,၀၀၀ သာ တင်ပို့ရောင်းချခဲ့ရကြောင်း ဈေးကွက်သုတေသနအဖွဲ့ Canalys မှ ဆိုခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် Apple Watch ကို မိတ်ဆက်ပေးခဲ့ပြီးနောက် ၎င်း စမတ်နာရီကို စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပြီး စုစုပေါင်း ရောင်းချမှုနှုန်းမှာ ပြီးခဲ့သည့် သုံးလပတ်တွင် အလုံးရေ ၄ သန်းရှိခဲ့ကြောင်း Strategy Analtyics ၏ ကိန်းဂဏန်းများအရ သိရသည်။

လက်ရှိတွင် Android Wear နှင့် iPhone ကို အသုံးပြုသည့်အခါ ကန့်သတ်ချက်အချို့ရှိနေသေးကြောင်း၊ ဥပမာအနေဖြင့် Apple သုံးစွဲသူများသည် ၎င်းတို့၏ Android Wear စမတ်နာရီများကို Wi-Fi ကွန်ရက်မှ ချိတ်ဆက်နိုင်မည် မဟုတ်ကြောင်းနှင့် ဆယ်လူလာကွန်ရက်ကို အသုံးပြု၍သာ ချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ Apple သုံးစွဲသူများက Wi-Fi ဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည့် အချိန်ကာလကိုမူ Google မှ ပြောကြားခဲ့ခြင်း မရှိပေ။

ထို့အပြင် iPhone သုံးစွဲသူများသည် Google Play မှ Android Wear app ၄,၀၀၀ ခန့်ကိုလည်း အသုံးပြုနိုင်မည် မဟုတ်ပေ။

Android Wear စမတ်နာရီများကို iPhone နှင့် အသုံးပြုသည့်အခါတွင် notification များအားလုံးကို ဖော်ပြပေးမည် ဖြစ်သည်။

iPhone နှင့် ချိတ်ဆက်အသုံးပြုနိုင်မည့် ပထမဦးဆုံး Android Wear စမတ်နာရီမှာ မေလက ဖြန့်ချိခဲ့သော ဒေါ်လာ ၃၅၀ တန် LG Watch Urbane ဖြစ်သည်။
Huawei, Asus နှင့် Motorola တို့မှ အသစ်ဖြန့်ချိမည့် Android Wear နာရီများကိုလည်း iPhone ဖြင့် အသုံးပြုနိုင်မည်ဟု Google မှ ပြောကြားခဲ့သည်။

Android Wear စမတ်နာရီများကို တွဲဖက်အသုံးပြုရမည့် iPhone များသည် iOS 8.2 နှင့်အထက် အသုံးပြုထားသော iPhone 5 နှင့်အထက် ဖြစ်ရန် လိုအပ်သည်။ ထို့နောက် Apple App Store မှ Android Wear app ကို download ပြုလုပ်ကာ Google စမတ်နာရီများနှင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။

Ref: CNET
Credit  internetjournal
Thiha Htike(THT)


0 comments:

Post a Comment