နောက်မှဝင်ရောက်လာမည့် အော်ပရေတာ အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ အားသာချက်ရှိမည် ဟုဆို




နောက်မှဝင်ရောက်လာမည့် အော်ပရေတာအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ အားသာချက်ရှိမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာ နောက်မှ ဝင်လာတဲ့သူအတွက် အားသာချက်ရှိတယ်။ Telenor, Ooredoo ဝင်တဲ့အချိန်မှာ ဒီထက်ပိုပြီး ခက်ခဲခဲ့တာပါ။ တာဝါဆောက်ဖို့ အတွက် အခက်အခဲ ရှိတယ်။ ဖိုက်ဘာချဖို့ အခက်အခဲရှိခဲ့တယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီအခက်အခဲတွေကို ပါဝင်ခဲ့ရတာပဲ။

တစ်နှစ်အချိန်ယူပြီးတော့ အခက်အခဲက လျော့သွားပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဘက်က ခွင့်ပြုချက်ပေးနေတာလည်း မြန်သွားပြီ။ အခုလောလောဆယ် ဖြစ်နေတာကတော့ ကျွန်တော်တို့နဲ့လည်း မဆိုင်၊ သူတို့နဲ့လည်း မပတ်သက်တဲ့ သဘာဝဘေးအန္တရာယ် ဖြစ်နေတယ်။

မုန်တိုင်းတို့၊ မြေပြိုတာတို့ကလွဲလို့ ကျန်တာ တော်တော် များများတော့ လွယ်ကူလာပါပြီ” ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒါရိုက်တာ ဦးသန်းထွန်းအောင် က ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံ၏ လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာကို ဖွဲ့စည်းမည်ဖြစ်ရာ အဆိုပါ ဆက်သွယ်ရေး အော်ပရေတာ၌ ပါဝင်နိုင်ရန် အမျိုးသား အများပိုင် ကုမ္ပဏီ ၁၇ ခုတို့က အဆိုပြုလွှာများ တင်သွင်းခဲ့ကြသည်ဟု သိရသည်။

“စတုတ္တ အော်ပရေတာ ဝင်လာတဲ့အချိန်မှာ သူတို့ကိုယ်တိုင်လုပ်ဖို့ နေရာတွေ ရှိကောင်း ရှိနိုင်တယ်။ သို့သော် တော်တော်များများက ရှိပြီးသား ဖြစ်တယ်။ ဒါက သူတို့အတွက် အားသာချက်ပဲ” ဟု ဆက်လက်ပြောကြားသည်။

လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာကို ဖွဲ့စည်းပြီးပါက နိုင်ငံခြား မိတ်ဖက် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကော်ပိုရေးရှင်းတစ်ခု အနေဖြင့် မိုဘိုင်းဖုန်းအပြင် အခြားသော ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေး ကွန်ရက်များ တစ်နိုင်ငံလုံး ဖြန့်ကြက်နိုင်ရန် အတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ အခြေခံ အဆောက်အဦ တည်ဆောက်ခြင်းဖြစ်ကြောင်း အော်ပရေတာများက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး အော်ပရေတာ လေးခု ထားရှိမည်ဟု ကြေညာထားပြီး ပြည်ပမှ ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုနှင့် ပြည်တွင်းမှ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုတို့ကို လိုင်စင် ပေးအပ်ထားပြီး ဖြစ်သည်။ တယ်လီကွန်းအော်ပရေတာ လုပ်ငန်းဆိုသည်မှာ Fixed Lines ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်း အပါအဝင် ဆက်သွယ်ရေးနှင့် ဆက်စပ်နေသော လုပ်ငန်းများ အားလုံးကို အပြည့်အဝ လုပ်ကိုင်ခွင့်ရရှိမည့် အနေအထားဖြစ်ကြောင်း သိရသည်။ လက်ရှိ အဆိုပါ တယ်လီကွန်း အော်ပရေတာလုပ်ငန်းများကို MPT, Telenor နှင့် Ooredoo တို့က လုပ်ကိုင်လျက်ရှိသည်။


Credit  internet journal
Thiha Htike(THT)
My Facebook Account Click

0 comments:

Post a Comment