SEA Games ဖွင့်ပွဲပိတ်ပွဲ ပါဝင်ခဲ့သည့် ကျောင်းသား ၈၀၀၀ ကျော်ကို GSM ဆင်းမ်ကတ်များ အခမဲ့ပေး



ရန်ကုန်၊ ဒီဇင်ဘာလ ၂၅

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဖွင့်ပွဲပိတ်ပွဲ အစီအစဉ်တွင် ပါဝင်ခဲ့သည့် ကျောင်းသား ကျောင်းသူ ၈၀၀၀ ကျော်ကို GSM ဆင်းမ်ကတ် တစ်ခုစီ အခမဲ့ ပေးခဲ့ကြောင်း ယင်းပြိုင်ပွဲ၏ ဖွင့်ပွဲပိတ်ပွဲ တာဝန်ခံ ဦးအောင်ဆန်းဦးက ပြောကြားသည်။

SEA Games ပြိုင်ပွဲ၏ ဖွင့်ပွဲပိတ်ပွဲ အစီအစဉ်တွင် ပါဝင်ခဲ့သည့် ကျောင်းသား ကျောင်းသူများသည် နေပြည်တော်ရှိ အားကစား လေ့ကျင့်ရေးစခန်းတွင် နှစ်လနီးပါးခန့် စခန်းသွင်း လေ့ကျင့်ခဲ့ရသော ကြောင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက GSM ဆင်းမ်ကတ်များ၏ ကုန်ကျစရိတ်ကို အကုန်ကျခံ၍ ဂုဏ်ပြု ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းမိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို ဒီဇင်ဘာလ ၂၃ရက်နေ့က ရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၁၅၀၀ တန် GSM ဆင်းမ်ကတ်များ ဖြစ်ကြောင်း ဖုန်းရရှိခဲ့သည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် တတိယနှစ် ကျောင်းသူတစ်ဦးက ဆိုသည်။

GSM ကတ်တွေတော့ ရပါတယ်။ ဒါပေမဲ့ စာချုပ်တော့ မပေးဘူး။ တကယ်လို့ ကတ်ပျောက်၊ ကတ်ပျက် ဖြစ်သွားရင် SEA Games အတွက်ပေးတဲ့ ကတ်လို့ပြောပြီး ပြန်လျှောက်ရုံပဲလို့ ပြောတယ်” ဟု ဖုန်းရရှိ ခဲ့သူ ကျောင်းသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံကပင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိသည့် (၇) ကြိမ်မြောက် မသန်စွမ်း SEA Games ပြိုင်ပွဲ၏ ဖွင့်ပွဲကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၄ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ (၂၇) ကြိမ်မြောက် SEA Games တွင် ပါဝင်ခဲ့သည့် ကျောင်းသား ကျောင်းသူ ၈၀၀၀ ကျော်အနက် စိတ်ပါဝင်စားသည့် ကျောင်းသား ကျောင်းသူ ၂၀၀၀ ကျော်ကို ရွေးချယ်ပြီး ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်၍ နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်ကြမည် ဖြစ်ကြောင်း SEA Games ဖွင့်ပွဲပိတ်ပွဲ တာဝန်ခံ ဦးအောင်ဆန်းဦးက ပြောဆိုသည်။

၁၅၀၀ တန် GSM ဆင်းမ်ကတ်များ၏ လက်ရှိ ပြင်ပပေါက်ဈေးသည် ကျပ်တစ်သိန်းခန့် ရှိသည်။

 
The Voice Weekly Myanmar


0 comments:

Post a Comment