iWatch မှာ ခန့်မှန်းထားသည်ထက် အချိန်စောစီးစွာ ထွက်လာနိုင်ဖွယ်ရှိ



Apple ၏ iWatch စမတ်နာရီသည် ခန့်မှန်းထားသည့် အောက်တိုဘာလထက် စောစီးစွာထွက်ရှိ လာနိုင်ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ Apple သည်စမတ်နာရီ ထွက်ရှိမည့် ပထမနှစ် တွင်ပင် အလုံးရေ သန်း ၅၀ ခန့်ကို တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း အထက်ပါ သတင်းဌာန ကဖော်ပြ သွားခဲ့သည်။

တရုတ် (တိုင်ပေ) ရှိ Quanta Computer ကုမ္ပဏီအနေဖြင့် ဇူလိုင်လမှစတင်၍ စမတ်နာရီအကြီးစား ထုတ်လုပ်မှုကို စတင်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းရင်းမြစ်များကလည်း အဆိုပါနာရီတွင် ၂.၅ လက်မ ထောင့်မှန်စတုဂံ display ပါဝင်လာဖွယ်ရှိ ကြောင်းပြောဆိုထားကြပြီး စမတ်နာရီ မျက်နှာပြင် ကို ဖောင်းကြွပုံစံ ဖန်တီးရန် ထင်ရှားအောင်ဒီဇိုင်း ပြုလုပ်ထားကြောင်းလည်း သိရသည်။ အဆိုပါနာရီတွင် touch interface နှင့် ကြိုးမဲ့အားသွင်းစနစ်တို့ ပါဝင်လာနိုင်ဖွယ်ရှိသည့်အပြင် သုံးစွဲသူ၏ သွေးခုန်နှုန်းစောင့်ကြည့်ပေးမည့် sensor လည်းပါဝင်လာဖွယ်ရှိသည်။

ယခုအခါတွင်လည်း Apple ၏ စမတ်နာရီထုတ်လုပ်မှု စတင်ရန် Quanta ကုမ္ပဏီအနေဖြင့် စမ်းသပ် ထုတ်လုပ်မှုများ စတင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။


-စိုးထက်

Ref : BGR Internet Journal အတွဲ (၁၅)၊ အမှတ် (၂၄)


0 comments:

Post a Comment