Million Dollar Arm



ဒီအပတ် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 
အသစ်ထွက်ရှိလာတဲ့ အတ္ထုပ္ပတ္တိဇာတ်ကား Million Dollar Arm ပဲ ဖြစ်ပါတယ်။

Biography ဇာတ်ကားတွေဆို လက်မလွတ်တဲ့ကျွန်တော်ဟာ
 ဒီဇာတ်ကားလေးကိုလည်း အမိအရ ကြည့်ခဲ့ပါတယ်။ 
ဒီဇာတ်ကားဟာ Rinku Singh နဲ့ Dinesh Patel ဆိုတဲ့ 
အိန္ဒိယတောသားလေးနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

အမေရိကန်မေဂျာလိဂ် ဘေ့စ်ဘောလောကဟာ အပြိုင်အဆိုင်ပြင်းထန်ပါတယ်။ 
နာမည်ကျော်ကစားသမားတွေဆို ကြေးကြီးပေးလို့ အလုအယက်ခေါ်ယူကြတာပါ။ 
လုပ်ခလစာတွေကို သန်းနဲ့ချီပေးလို့ စာချုပ်တွေ အတိုးအဝှေ့ချုပ်ယူကြတာပါ။
ငွေကြေးအင်အားမတောင့်တင်းတဲ့ အသင်းတွေဆို ဝယ်စရာကစားသမား မရှိသလောက်ပါပဲ။

 ဈေးကောင်းပေးမှ ပစ္စည်းကောင်းရတဲ့ သဘောမျိုးပါ။ 
အဲသလို အားထားရတဲ့ ကစားသမားမျိုးဆို ငွေပုံပေးမှ စာချုပ်ချုပ်နိုင်မယ့်အခါ
 ငွေပုံမပေးနိုင်တဲ့ သူတွေအဖို့ တစ်မျိုးတစ်ဖုံ ကြံစည်ရပါပြီ။ 
စကားဆက်မိလို့ ပြောရရင် Brad Pitt ရဲ့ Money Ball ကို 
ကြည့်ဖူးကြတဲ့သူတွေ ပိုသဘောပေါက်မှာပါ။ 
ဘယ်လောက်ထိ ရုန်းကန်ရသလဲဆိုတာကို နားလည်မှာပါ။

အဲသလို အခက်အခဲတွေကြုံလာရတဲ့နောက် 
J.B. Bernstein ဆိုတဲ့ agent ဟာ 
အကြံအစည်တစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်။ 
အိန္ဒိယကို သွားတယ်။ 
Million Dollar Arm ဆိုတဲ့ အစီအစဉ်ကို ကြေငြာတယ်။ 

အဲဒိအစီအစဉ်က ဘေ့စ်ဘောမှာ ဘောလုံးပစ်မယ့်သူ (pitcher) နေရာအတွက် လူသစ်ရှာတာပါ။ 
အရွေးခံရတဲ့သူကို အမေရိကန်ဒေါ်လာ ၁ သန်းပေးမယ်ဆိုတဲ့ အစီအစဉ်ပါ။ 
တစ်နိုင်ငံလုံးလှည့်လည်ပြီး လူရွေးပါတယ်။ 
စကာတင်ရွေးချယ်ပြီး အဲဒိထဲကမှ နောက်ဆုံး နှစ်ဦးသာ ရွေးချယ်ပါတယ်။ 
အဲဒိနှစ်ယောက်ကို အမေရိကကို ခေါ်သွားလို့ လေ့ကျင့်ပျိုးထောင်ပေးမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ တစ်နိုင်ငံလုံးက လူငယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ 
စကာတင်တွေရွေးပါတယ်။
 နောက်ဆုံး Rinku နဲ့ Dinesh တို့နှစ်ယောက် အရွေးချယ်ခံလိုက်ရပါတယ်။ 
အဲဒိနောက် သူတို့နှစ်ယောက်ကို အမေရိကခေါ်သွားလို့ 
pitcher ကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရင်းနဲ့....။

ဒီဇာတ်ကားမှာ အဓိကသတိထားပြီး ကြည့်စေချင်တာကတော့ 
ကိုယ်စမိတဲ့အလုပ်တစ်ခုကို ပြီးဆုံးအောင် တာဝန်ယူရဲတဲ့ စိတ်ဓာတ်ပါပဲ။ အရွေးချယ်ခံလိုက်ရတဲ့ကောင်လေးနှစ်ယောက်က တောသားလေးတွေပါ။ 
တကယ့်ကို ခေါင်တဲ့နေရာက ချာတိတ်လေးနှစ်ယောက်ပါ။ 
လူရည်လည်းမလည်ဘူး။ ခပ်နုံနုံ၊ ခပ်အအ။ မြို့မပြောနဲ့။ 
သူတို့ရွာအပြင်ဘက်တောင် ရောက်ဖူးတာမဟုတ်ဘူး။ 
အဲဒိနှစ်ယောက်ကို ယဉ်ကျေးမှုမတူ၊ ဘာသာစကားမတူ၊ ဘာဆိုဘာမှမတူတဲ့ 
မိုင်ထောင်ချီဝေးတဲ့နေရာဆီ ခေါ်သွားဖို့ဆိုတာ ပေါ့သေးသေးကိစ္စမဟုတ်။ 
အင်မတန်တာဝန်ကြီးပါတယ်။ 

ဒီကလေးနှစ်ယောက်၊ ရိုးရိုးသားသားချာတိတ်နှစ်ယောက် ပျက်စီးသွားရင်၊ 
သူတို့ဘဝတစ်ခုလုံး ရေစုံမျောသွားရင် လက်ညှိုးထိုးရမှာက ခေါ်သွားတဲ့သူကိုပါ။ 
စိတ်ဓာတ်တွေပျက်ပြားသွားရင်၊ မြို့ဆိုတာကို လန့်သွားရင်၊ 
လူတောတိုးရမှာ ကြောက်သွားရင် 
စသည် စသည်ဖြင့် အင်မတန် တာဝန်ကြီးပါတယ်။ 

ဒီလိုကိစ္စမျိုးကို ခေါင်းခံလုပ်ရဲတဲ့သတ္တိကိုတော့ အသိအမှတ်ပြုရမှာပါ။
 နောက်ပြီး ကောင်လေးနှစ်ယောက် ရိုးပုံအပုံလေးတွေလည်း ဇာတ်ကားထဲမှာ မြင်တွေ့ရမှာပါ။ 
ဇာတ်ကားအဆုံးမှာလည်း သူတို့ရဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုလေးတွေ ထည့်ပေးထားပါတယ်။
 သူတို့ အိန္ဒိယမှာ ဝင်ပြိုင်တုန်းက မှတ်တမ်းဗီဒီယိုတွေလည်း တွေ့ရမှာပါ။

ဒီလိုမျိုး ဇာတ်ကားတွေ ကြိုက်တတ်တဲ့ ကျွန်တော်ကတော့ ဒီဇာတ်ကားကို အမှတ်ကောင်းကောင်းပေးချင်ပါတယ်။ 
MoneyBall လောက် ဇာတ်မအေးတဲ့အတွက် ကြည့်ပျော်မယ် ထင်ပါတယ်။

ကျွန်တော့်ရဲ့ ရုပ်ရှင်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။



0 comments:

Post a Comment