ဒီနေ့ခေတ် Smartphone အလွဲသုံးမှု


 

နေ့ခေတ် မြန်မာနိုင်ငံမှာ အပေါဆုံးနဲ့လူအကြိုက် အများဆုံး အသုံးအဆောင်ကို ပြပါဆိုရင်တော့ လူ တိုင်းနီးပါးရဲ့ လက်ထဲမှာရှိနေတဲ့ Smartphone aတွပဲ ဖြစ်ပါတယ်။
ဆက်သွယ်ရေး အော်ပရေတာတွေရဲ့ SIM ကတ်တွေ ဈေးကွက်ဝင်လာမှုနဲ့အတူ လူတိုင်းလူ တိုင်း ဖုန်းတစ်လုံးတော့ ကိုင်ထားကြပါတယ်။ ဒီနေရာမှာ ပြောစရာတစ်ခုတော့ ရှိလာပါတယ်။ အဲဒါကတော့ Smartphone အလွဲသုံးမှုပါ။ ဒီစာလုံးက လက်ရှိခေတ်စကား အနေနဲ့တော့ စိမ်းနေပါလိမ့်မယ်။ အကြောင်းကတော့ အလွဲသုံးမှုဆိုတဲ့စကားအနေနဲ့သုံးတာက မူးယစ်အလွဲ သုံးမှုဆိုတဲ့နေရာတစ်နေရာပဲ ရှိလို့ပါ။ ဒါပေမဲ့ မူးယစ်ဆေး ကလည်း စွဲတတ်သလို အခု Smartphone ကိုလည်း အလွဲသုံးမိလို့ကတော့ မှားတတ်ပါတယ်။


ကဲ . .ကျွန်တော့် ဆောင်းပါးလေးဆက်ပါ့မယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်က Smartphone ရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကိုပြောချင်ပါတယ်။ ရန်ကုန်လူထုအနေနဲ့ တော့ Smartphone ရဲ့ ဆိုလိုရင်းကို နားလည်သဘော ပေါက်ကောင်းပေါက်နိုင်ပေမယ့် နယ်ဘက်ကစာဖတ်သူ တွေအတွက်ရည်ရွယ်ပြီး အခုစာပိုဒ်လေးကို ထည့်ပြော လိုက်တာပါနော်။


Smartphone ဆိုတာကတော့ Touch စနစ်နဲ့ သုံးနိုင်တဲ့ဖုန်းတွေကိုပြောတာပါ။ Keypad စနစ်နဲ့မဟုတ်တဲ့၊ ခလုတ်နှိပ်ရတဲ့ဖုန်းမဟုတ်တဲ့ဖုန်းအားလုံးကို Smartphone လို့ ခေါ်ပါတယ်။ နည်း ပညာမြင့်ဖုန်းစနစ်တွေကို ဆိုလိုတာပါ။ 


ဒီဖုန်းတွေရဲ့ အားသာချက်ကတော့ အလွယ်ဆုံးဥပမာပေးရရင် Message ပို့ဖို့အတွက် စာရိုက်တာတောင်မှ Keyboard ကို မျက်နှာပြင်မှာ ခေါ်ပြီးရိုက်နိုင်တာဖြစ်ကာ Keypad တွေမှာလို စာလုံးတစ်လုံးအတွက် ခလုတ်တစ်ခုတည်းကိုပဲ မျှပြီးသုံးရတာမျိုး မဟုတ်ပါဘူး။ ထားပါတော့၊ ဒါက ကျွန်တော့်ရဲ့လိုရင်းမဟုတ်ပါဘူး၊ ဒီတော့ Smartphone ဆိုတာနဲ့ Keypad မဟုတ်တဲ့ ဖုန်းတွေဆိုတာကို နား လည်ထားပေးရင် ရပါပြီနော်။


ဒီနေ့ခေတ်လူငယ်အများစုမှာ ကိုင်ဆောင်သုံးစွဲနေ တဲ့ ဖုန်းအမျိုးအစားက Smartphone တွေပါ။ Keypad တွကို ကိုင်ရမှာရှက်တဲ့ လူငယ်တွေတောင်ရှိပါတယ်။ အ ကြောင်းကတော့ Keypad တွေမကောင်းလို့၊ အားနည်း လို့ဆိုတာထက် တန်ကြေးကြောင့်ပါ။ ဈေးကွက်မှာ Keypad ဖုန်းတွေက ဈေးနည်းနည်းနဲ့ရနိုင်သလို Smartphone တွေ ကတော့ ဈေးမြင့်ပါတယ်၊ ဒါပေမဲ့ လူငယ်တွေအများစု ကိုင်ဆောင်နေကြတဲ့ Smartphone အများစုကတော့ တန်ကြေးအနည်းဆုံး သိန်းဂဏန်း ဝန်းကျင်ကနေ နောက် ဆုံးပေါ်ဖုန်းတွေထိအောင် သိန်းနဲ့ချီတဲ့ ဖုန်းတွေလည်း ပါပါတယ်။


ဒီတော့ဟုတ်ပြီ၊ တန်ကြေးနည်းတာကို မသုံးချင်ဘူး၊ တန်ကြေးကြီးတာကို သုံးချင်တယ်၊ ဒီတော့ဘယ်နေရာမှာ သုံးမှာလဲ၊ အသုံးဝင်အောင်သုံးမှာလား ဆိုတဲ့ မေးခွန်း တွေ မေးလာစရာရှိပါတယ်။ ကျပ် ငါးသိန်းလောက်တန် ကြေးရှိတဲ့ Smartphone ကိုင်ထားတဲ့ လူငယ်တစ်ယောက် ကို ကျွန်တော်အဲဒီမေးခွန်းမျိုး မေးကြည့်ဖူးပါတယ်။ သူ့ အဖြေကတော့''ဒီဖုန်းက မြင်ကွင်းကျယ်တယ်လေ အစ်ကို ရဲ့၊ Video တွေ ကောင်းကောင်းကြည့်လို့ ရတယ်၊ နောက် ပြီး Screen ကျယ်တော့ Facebook သုံးရတာလဲ အဆင် ပြေတယ်၊ Style လဲ ကျတယ်''လို့ ပြန်ဖြေပါတယ်။ သူ့ အဖြေထဲမှာ ဒီလောက်တန်ကြေးကြီးဖုန်းတစ်လုံးကို ကိုင် ထားပြီး ဒီဖုန်းရဲ့ တန်ကြေးနဲ့တန်အောင် အကျိုးရှိရှိအသုံး ချမယ်ဆိုတဲ့ အဖြေတစ်ခုမှမပါပါဘူး။ 


အဲဒါက ယနေ့ ခေတ်လူငယ်တွေရဲ့ Smartphone အလွဲသုံးမှုပါ။
တလောလေးက ကျွန်တော်စာရေးနေတဲ့ စာပေတိုက် တစ်တိုက်က သတင်းထောက်လေးတွေ Smartphone တစ်လုံးစီ အရစ်ကျစနစ်နဲ့ ဝယ်လာကြပါတယ်။ ပျမ်းမျှ ပြောရရင်တော့ သူတို့ဝယ်လာတဲ့ ဖုန်းတစ်လုံးစီရဲ့တန်ကြေး က ကျပ် နှစ်သိန်းခွဲလောက်ရှိပါတယ်။ ဒီတော့ ကျွန်တော် က ''မင်းတို့တွေ ဘာသုံးဖို့ဝယ်လာတာလဲ''လို့ မေးကြည့် ဖြစ်ပါတယ်။ 


''ကင်မရာလေးကောင်းတာရယ် နောက်ပြီး လူတောတိုးဖို့ရယ်လေဆရာရဲ့''လို့ ဖြေသွားကြပါတယ်။ ဟုတ်ပါပြီ၊ သတင်းထောက်ဖြစ်တဲ့အတွက် ဖုန်းနဲ့တစ်ပါ တည်းပါတဲ့ ကင်မရာကောင်းတာကို ရွေးချယ်ဝယ်ယူတာ ကိုတော့ ကျွန်တော်အပြစ်ပြောစရာမရှိပါဘူး၊ ဒါပေမဲ့ လူတောတိုးဖို့ဆိုတဲ့ အဖြေနဲ့အတွေးကတော့ တော်တော် ကိုမှားနေတာပါ။ ''သူတို့တွေရဲ့ လစာဘယ်လောက်ပေး ရသလဲ''လို့ အဲဒီတိုက်က အယ်ဒီတာကို မေးကြည့်တော့ ''တစ်သိန်းစွန်းစွန်းပါပဲ''တဲ့။


ကိုယ်ရတဲ့ လခနဲ့မတန်အောင် Smartphone တစ် လုံးကို အလွဲသုံးနေကြပါတယ်။ ဒါက ကျွန်တော်နဲ့နီးစပ်တဲ့ အပိုင်းပါ။ ကျွန်တော်နေတဲ့ ရွှေပြည်သာမှာကိုပဲ အထည် ချုပ်ဝန်ထမ်းလေးတွေဆိုရင် လစာသိန်းဂဏန်းလောက် နဲ့သိန်းကျော်တန်တဲ့ Smartphone တွေကို ဝယ်နေ၊ သုံး နေကြတာ မျက်မြင်ဖြစ်ပါတယ်။ ဒီတော့ သူတို့တွေ ဘာ အတွက် Smartphone တွေ ဝယ်နေတာလဲ၊ အဖြေက တော့ အထက်မှာ သတင်းထောက်လေးတွေဖြေတဲ့ အဖြေ မျိုးပါ။ လူတောတိုးဖို့ ဖြစ်ပါတယ်။
''သူများက တစ်သိန်း တန်ဖုန်းကိုဝယ်ရင် ကိုယ်ကသူ့ထက်တန်ကြေးနည်းတာ တော့ ဝယ်လို့မဖြစ်ဘူး''ဆိုတဲ့ အတွေးက ဒီနေ့ခေတ်လူငယ် တိုင်းမှာ စွဲနေ၊ တွေးနေကြတာပါ။


ဒီအတွေးက မှားပါတယ်၊ ကိုယ်က ဖုန်းတစ်လုံးကို ဝယ်တော့မယ်ဆိုတာနဲ့ အဲဒီဖုန်းကို ဘယ်လိုအပိုင်းတွေ မှာသုံးမှာလဲ၊ ဘယ်လောက်ထိ အဆင့်မြင့်ဖို့ လိုအပ်သလဲ ဆိုတာ ကြိုတွေးထားသင့်ပါတယ်။ 


မဟုတ်ရင်တော့ ကိုယ့် ရဲ့ ချွေးနှဲစာကို ကိုယ်တိုင်ဖြုန်းတီးပစ်လိုက်တာနဲ့တူ နေမှာပါ။ ဒီနေ့ ကျွန်တော်တို့ ဖုန်းတွေကို သုံးနေကြတာက အချင်းချင်းကြားမှာ ဆက်သွယ်မှုရှိဖို့ပါ။ ပြိုင်ဆိုင်ဖို့ မ ဟုတ်ပါဘူး။ ပြီးတော့ အခုဆောင်းပါးက အခြေခံလူ တန်းစား အများပြည်သူတွေ အတွက် ရည်ရွယ်ပါတယ်။ ပြိုင် ဖို့ မစဉ်းစားပါနဲ့၊ အသုံးတည့်ပြီး အဆင်ပြေဖို့ဦးစားပေးပါ။ သင့်အနေနဲ့ဖုန်းပြောဖို့ သက်သက်လောက်ပဲဆိုရင် တန် ကြေးနည်း Smartphone အမျိုးအစားကိုဖြစ်စေ၊ Keypad အမျိုးအစားကိုဖြစ်စေ သုံးသင့်ပါတယ်။



ဒီနေရာမှာ လူငယ်တော်တော်များများက တန်ကြေး ရှိတဲ့ ဖုန်းကိုသုံးမှ အထင်ကြီးခံရမယ်လို့ ထင်နေကြပါတယ်။ ဒီအတွေးကလည်း မှားတယ်လို့ ဆိုပါရစေ။ တကယ်လို့ လူတစ်ယောက်အတွက် အရေးကြီးတာက အရည်အချင်း ပါ၊ အသုံးအဆောင်မဟုတ်ပါဘူး။ တကယ်လို့ အထက်မှာ ဥပမာပေးခဲ့တဲ့ သတင်းထောက်လေးတွေလိုများ လူတော တိုးဖို့အတွက် တန်ကြေးကြီးတဲ့ Smartphone ကို ကျွန် တော်ကိုယ်တိုင်လည်း ဝယ်ကိုင်ရမယ်ဆိုရင် မခက်လားဗျာ။ 


လက်ရှိ ကျွန်တော်သုံးနေတဲ့ Smartphone ဆိုရင် ကျပ် ၇ဝဝဝဝလောက်ပဲ တန်ပါတယ်။ Mail အဝင်စစ်ဖို့အ တွက်၊ လိုအပ်ရင် Browser ဖွင့်ဖို့အတွက်၊ ဖုန်းခေါ်ဆို လက်ခံဖို့အတွက်၊ Message ပို့ဖို့အတွက် အဆင်ပြေပါ တယ်။ ဒါဆို မပြီးဘူးလားဗျာ၊ ကျွန်တော်တို့က လူချမ်းသာ တွေ မဟုတ်ပါဘူး၊ ဒီတော့ ပြိုင်ဆိုင်ဖို့ကို အရင်ဆုံးမတွေး ပါနဲ့အသုံးတည့်ဖို့ကိုသာ ဦးစားပေးကြပါဗျာ။ ။


 ချစ်ဖေ(တောင်တွင်းမြေ)


‪#‎Democracytoday‬

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)


0 comments:

Post a Comment