(က) စစ်မဖြစ်မီကာလမှ စစ်ပြီးကာလအထိ
တယ်လီဖုန်းကို Alexander Graham Bell မှ ၁၈၆၇ ခုနှစ်တွင် စတင်တီထွင်ခဲ့ပါသည်။ ရန်ကုန်မြို့တွင် တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို Oriental Telephone and Electric Co. မှ ၁၈၈၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ၁၈၈၈ ခုနှစ်တွင် မော်လမြိုင်မြို့နှင့် စစ်တွေမြို့တို့တွင် တယ်လီဖုန်း ဆက်သွယ်ရေးကို စတင် တည်ထောင်ခဲ့သည်။ ၁၉၁၀ ခုနှစ်တွင် ရန်ကုန်မြို့၌ တယ်လီဖုန်းပေါင်း ၁၃၀၀ ခန့်ကို တပ်ဆင်အသုံးပြုလျက် ရှိကြောင်း သိရပါသည်။ ၁၉၂၃ ခုနှစ်မှ စတင်၍ မြို့အချင်းချင်း တယ်လီဖုန်း ဆက်သွယ်မှုအဖြစ် ရန်ကုန်နှင့် ပဲခူးမြို့များကို စတင်ဆက်သွယ် ခဲ့ပါသည်။

၁၉၃၆ ခုနှစ်တွင်
ရန်ကုန်-ပုသိမ်နှင့် ရန်ကုန်-မန္တလေး-မေမြို့(ပြင်ဦးလွင်)
တယ်လီဖုန်းဆက်ကြောင်းများကို ပြည်နှင့် ရေနံချောင်းတို့မှတစ်ဆင့်
တည်ဆောက်ခဲ့ပါသည်။ ၁၉၃၇ ခုနှစ် မတ်လတွင် တည်ဆောက်ပြီးစီးခဲ့သော
ကြေးနန်းလိုင်းများကို အသုံးပြု၍- ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ သထုံ၊
မော်လမြိုင်၊ ဘားအံ၊ မြဝတီ၊ ရေး၊ ကံပေါက်၊ ထားဝယ်၊ ကျောက်မဲတောင်- မအူပင်၊
ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ၊ မြောင်းမြ၊ လပွတ္တာ၊ပုသိမ်၊
ကံကြီးဒေါင့်၊ ကျောင်းကုန်း၊ကျုံပျော်၊ ငသိုင်းချောင်း၊
ဟင်္သာတ-ဝါးနက်ချောင်း၊ တိုက်ကြီး၊ ဥက္ကံ၊ လက်ပံတန်း၊ ပေါင်းတည်၊ ပြည်၊
အောင်လံ (မြေထဲ)၊ သရက်၊ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ ပခုက္ကူ၊ မြင်းခြံ၊
မိတ္ထီလာ၊ သာစည်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ မုံရွာ၊ အလုံ၊ ရွှေဘို-
မေမြို့၊ ကျောက်မဲ၊ နမ့်ဆမ်၊ သီပေါ၊ နန်းမျှော်၊ လားရှိုးမြို့များသို့
တယ်လီဖုန်းဆက်ကြောင်းများ ရရှိစေခဲ့ပါသည်။
၁၉၂၄ ခုနှစ်တွင် Oriental Telephone and Electric Co. rS Rangoon Telephone Co. (ရန်ကုန်တယ်လီဖုန်းလုပ်ငန်း) ဟု အမည်ပြောင်းကာ အစိုးရထံမှ လိုင်စင်ယူ၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၀ ပြည့်နှစ်အထိ စစ်မဖြစ်မီ ကာလအတွင်း တယ်လီဖုန်း အိတ်ချိန်းပေါင်း ၁၃၁ လုံး ရှိခဲ့ပြီး၊ ၁၉၃၈ ခုနှစ် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် တယ်လီဖုန်းပေါင်း ၄၄၉၉ လုံး ရှိခဲ့ကြောင်း သိရပါသည်။ အင်္ဂလိပ်များ ရန်ကုန်မှ ဆုတ်ခွာချိန် ၁၉၄၂ ခုနှစ်၊ မတ်လ ၇ရက်နေ့တွင် ရန်ကုန်တယ်လီဖုန်း အိတ်ချိန်းများနှင့် အခြားဆက်သွယ်ရေး စာရင်းများကိုပါ ဖျက်ဆီးသွားကြောင်း သိရပါသည်။ ဂျပန်များ ဝင်ရောက်အုပ်ချုပ်ချိန်တွင် တယ်လီဖုန်း ဆက်သွယ်မှုကို အရေးကြီးသော အစိုးရနှင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းများအတွက် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများ အကြား ပြန်လည်ထူထောင် သုံးစွဲလာခဲ့ပါသည်။
(ခ) စစ်ပြီးကာလ ၁၉၆၂ ခုနှစ် မတ်လအထိ
ဂျပန်များ ဆုတ်ခွာသွားပြီးနောက် မြန်မာပြည်အစိုးရသည် တယ်လီဖုန်းဆက်သွယ်မှု လုပ်ငန်းကို ပြန်လည်ထူထောင်ခဲ့ရာ ရန်ကုန်-မန္တလေး-ကလေးဝမှတစ်ဆင့် အိန္ဒိယသို့ ဆက်သွယ်နိုင်ခဲ့ပါသည်။ မြန်မာပြည် လွတ်လပ်ရေးရရှိသည့် အချိန်မှ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းကို ပြည်တွင်းသောင်းကျန်းမှုကြောင့် ပျက်စီးမှုအပါအဝင် ပြန်လည်ထူထောင်ခဲ့ပါသည်။ ၁၉၆၁-၆၂ ခုနှစ်အထိ တယ်လီဖုန်း အိတ်ချိန်းပေါင်း ၈၀ နှင့်၊ တယ်လီဖုန်းပေါင်း ၁၄၇၅၄ ကို တပ်ဆင်နိုင်ခဲ့ကြောင်း သိရပါသည်။ ခေတ်မီ ဆက်သွယ်ရေးကို တပ်ဆင်ရန်အတွက် ရန်ကုန်မြို့တွင် လက်သုံးတယ်လီဖုန်းစနစ်မှ အလိုအလျောက် တယ်လီဖုန်းစနစ်သို့ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်း ပြောင်းလဲ တပ်ဆင်နိုင်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းအတွက် ရန်ကုန်မြို့တွင် မောင်ထောင်လေးလမ်း၊ ဟံသာဝတီ၊ တာမွေ၊ အင်းစိန် ခေတ်မီ အော်တိုအိတ်ချိန်းများကို တပ်ဆင်ခဲ့ပါသည်။

(ဂ) ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ
ရန်ကုန်မြို့တွင် ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်း ပြောင်းလဲတပ်ဆင်ခဲ့သော အော်တိုအိတ်ချိန်း ၄ လုံးကို ၁၉၆၂-၆၃ ဘဏ္ဍာရေးနှစ် အတွင်း ပြီးစီးအသုံးပြုနိုင်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် မရမ်းကုန်း အော်တိုအိတ်ချိန်းကို တပ်ဆင်ခဲ့ရာ ၁၉၆၅ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ရန်ကုန်မြို့တွင် အော်တိုအိတ်ချိန်းများ စတင်အသုံးပြုလာချိန်မှစ၍ တယ်လီဖုန်းခေါ်ဆိုခများကို ပုံသေနှုန်းမှ တစ်ခါခေါ်၊ မီတာတစ်ထစ်တက်သည့် စနစ်သို့ ပြောင်းလဲကောက်ခံခဲ့ရာ တယ်လီဖုန်းသုံးစွဲသူများ၏ ငွေကုန်ကြေးကျမှု အပေါ် စိုးရိမ်မှုကြောင့် ၁၉၆၃ ခုနှစ်တွင် ရှိခဲ့သော တယ်လီဖုန်းဦးရေ ၁၇၂၄၅ လုံးမှ ၁၉၆၄ ခုနှစ်တွင် ၁၅၆၃၁ လုံးသို့ ကျဆင်းသွားခဲ့ပါသည်။ သို့သော် အော်တိုတယ်လီဖုန်း သုံးစွဲရာတွင် လွယ်ကူမှု အကျိုးကျေးဇူးများကို သိရှိလာသောအခါ သုံးစွဲသူ တဖြည်းဖြည်းများလာပြီး၊ ၁၉၆၇ ခုနှစ်တွင် တယ်လီဖုန်းအလုံးပေါင်း ၂၁၄၄၄ လုံးသို့ သိသိသာသာ တိုးတက်လာခဲ့ကာ ယနေ့တိုင် ဆက်တိုက် တယ်လီဖုန်းဦးရေ တိုးတက်လျက် ရှိပါသည်။
၁၉၆၆ ခုနှစ်မှ ၁၉၇၆
ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်း အိတ်ချိန်းအသစ်
တပ်ဆင်ခြင်း မရှိခဲ့သော်လည်း မန္တလေးအပါအဝင် မြို့နယ်များ၌
လက်သုံးတယ်လီဖုန်းအိတ်ချိန်း အရေအတွက်မှာ ၉၃ လုံးမှ ၁၃၄ လုံးအထိ
တိုးတက်ခဲ့ပါသည်။ တယ်လီဖုန်းအရေအတွက် သိသိသာသာ တိုးတက်လာခြင်းမှာ
ရန်ကုန်မြို့တွင် တပ်ဆင်ထားသော အော်တိုအိတ်ချိန်းများ၏ လိုင်းပမာဏအရ
တယ်လီဖုန်းအသစ်များ တပ်ဆင်ခြင်းက အဓိကဖြစ်ခဲ့ပါသည်။ ပထမဆက်သွယ်ရေး
ဖွံ့ဖြိုးမှုစီမံကိန်းကို ၁၉၇၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ၁၉၈၀
ပြည့်နှစ်ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကိုယ်တိုင်လှည့် ရပ်ဝေး တယ်လီဖုန်း
ဆက်သွယ်ရေးစနစ်ကို စတင်အသုံးပြုခဲ့ခြင်း၊ အခမ်းအနားဖွင့်လှစ်ခြင်းဖြင့်
လုပ်ငန်းပြီးဆုံး အကောင်အထည် ဖော်နိုင်ခဲ့ပါသည်။
အဆိုပါ ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း အောတိုအိတ်ချိန်းများ
တပ်ဆင်ရေး အစီအစဉ်တွင် ရန်ကုန်မြို့၌ ဗိုလ်ဆွန်ပက်လမ်း (မောင်ထော်လေးလမ်း)
နယ်မြေတွင် လိုင်း ၅၆၀၀၊ သင်္ဃန်းကျွန်းနယ်မြေတွင် လိုင်း ၁၀၀၀၊
မင်္ဂလာဒုံနယ်မြေတွင် လိုင်း ၆၀၀၊ အိတ်ချိန်း ၃ လုံးကို
တပ်ဆင်ပြီးစီးခဲ့ပါသည်။ နယ်မြို့များဖြစ်သော မန္တလေးမြို့တွင် လိုင်း ၃၀၀၀
ဆန့် တစ်လုံး၊ မော်လမြိုင်နှင့် ပုသိမ်မြို့တို့တွင် လိုင်း ၁၀၀၀
ဆန့်တစ်လုံးစီ၊ ပဲခူး-စစ်တွေ-ပြည်-တောင်ကြီး-မိတ္ထီလာ-မကွေးမြို့တို့တွင်
လိုင်း ၆၀၀ ဆန့် တစ်လုံးစီနှင့် တောင်ငူ-လားရှိုး-မြစ်ကြီးနားမြို့များတွင်
လိုင်း ၄၀၀ ဆန့် တစ်လုံးစီကို တပ်ဆင်ခဲ့ပါသည်။ ထို့ကြောင့်
ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း မြို့ကြီး ၁၃ မြို့၌
အော်တိုအိတ်ချိန်း ၁၅ လုံးကို တပ်ဆင်ခဲ့ပါသည်။
ထို့ပြင်
ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း မြို့တစ်မြို့မှ တစ်မြို့သို့
အလိုအလျောက် ဆက်သွယ်နိုင်ရန် ပြည်တွင်း အလိုအလျောက် ထပ်ဆင့်အဝေးဆက်
အိတ်ချိန်း ၂ လုံးကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လိုင်း ၈၀၀
ဆန့်နှင့် လိုင်း ၆၀၀ ဆန့် အသီးသီး တည်ဆောက်ခဲ့ပါသည်။ အထက်ပါ မြို့ကြီး ၁၃
မြို့ရှိ အော်တိုအိတ်ချိန်း ၁၅ လုံးအတွက် မြို့တွင်းတယ်လီဖုန်း ဖြန့်ဝေရေး
ကွန်ချာအတွက် မြေအောက်ကြိုး ၃၇၈၂၇ (Pair Kilometer) နှင့် ကောင်းကင်ကြိုး
၁၁၁၁၆.၈ Pair Kilometer တို့အား တပ်ဆင်အသုံးပြုခဲ့ရပါသည်။ ထို့ပြင်
ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း၌ပင် တယ်လီဖုန်း
ခေါ်ဆိုခများကို ကွန်ပျူတာဖြင့် ကောက်ယူရေးစနစ် ဖြစ်သော ခေတ်မီ Centralised
Automatic Message Accounting (CAMA) System ကို စတင်အသုံးပြုခဲ့ပါသည်။
ထိုစနစ်ဖြင့် တစ်ဦးချင်း တယ်လီဖုန်းခေါ်ဆိုခ ငွေတောင်းခံလွှာများ
ရိုက်ထုတ်ရန် အတွက် Billing Processor တစ်လုံးကို ရန်ကုန်မြို့တွင်
တည်ဆောက်ထားရှိခဲ့ပါသည်။
ပထမဆက်သွယ်ရေး ဖွံ့ဖြိုးမှုစီမံကိန်းတွင် အော်တိုအိတ်ချိန်း အများအပြား တည်ဆောက်ခဲ့ပြီး ကိုယ်တိုင်လှည့် ရပ်ဝေးဆက်သွယ်မှု စနစ်ကို အသုံးပြုခဲ့ခြင်း (Automatic Message Accounting) များသည် မြန်မာနိုင်ငံ တယ်လီဖုန်းဆက်သွယ်ရေး အတွက် ဆက်သွယ်ရေး သမိုင်းကဏ္ဍသစ် တစ်ခုကို ဖြစ်စေခဲ့ပါသည်။ ၁၉၈၀ ခုနှစ်တွင် အော်တိုအိတ်ချိန်း အရေအတွက်များ တိုးတက်ခဲ့ခြင်းကြောင့် ထိုနှစ်မှ စတင်၍ တယ်လီဖုန်းဦးရေမှာလည်း သိသိသာသာ တိုးတက်ပြီး သုံးစွဲသူ များပြားလာခဲ့ကာ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး စသည်တို့တွင် အတိုင်းအတာတစ်ခု အတွင်းမှ တယ်လီဖုန်းလုပ်ငန်း အနေနှင့် ပံ့ပိုးနိုင်ခဲ့ပါသည်။

၁၉၈၅-၈၆ ခုနှစ်မှ ၁၉၈၇-၈၈ ခုနှစ်အတွင်း
ဒုတိယ ဆက်သွယ်ရေး ဖွံ့ဖြိုးမှုစီမံကိန်း အစီအစဉ်ဖြင့် အော်တိုတယ်လီဖုန်း
အိတ်ချိန်းအသစ် ၁၃ လုံးကို အသစ်တည်ဆောက် တပ်ဆင်ခဲ့ပါသည်။ ထိုကဲ့သို့
အသစ်တပ်ဆင်ခဲ့သော အိတ်ချိန်း အသစ်များသည် ယခင်က အသုံးပြုခဲ့သော
Electro-mechanical Crossbar အလိုအလျောက် အိတ်ချိန်းမျိုး မဟုတ်ဘဲ
Computer Control-digital Electronic အော်တိုအိတ်ချိန်းများ ဖြစ်ပါသည်။
ထိုအိတ်ချိန်းများသည် ကမ္ဘာ့ခေတ်မီအမျိုးအစားများဖြစ်ပြီး
ထိန်းသိမ်းသုံးစွဲရာတွင်လည်း လွယ်ကူမှု ရှိခဲ့ပါသည်။ သို့ဖြစ်ရာ ၁၉၈၅-၈၆
ခုနှစ်မှ ၁၉၈၇-၈၈ ခုနှစ်များ အတွင်း တယ်လီဖုန်းဦးရေ သိသာစွာ
တိုးတက်ခဲ့ကြောင်း တွေ့ရမည် ဖြစ်ပါသည်။ ၁၉၈၇-၈၈ ခုနှစ်တွင်
အိတ်ချိန်းပေါင်း ၂၄၃ လုံး (အော်တို ၃၃ လုံး+လက်လှည့် ၂၁၀ လုံး)
ရှိခဲ့ပါသည်။
သင်တန်းပို့ချချက်လက်စွဲစာစောင်၊ ၂၀၀၄ ခုနှစ်
http://www.yatanarpon.com.mm
0 comments:
Post a Comment