စမတ်နာရီများနှင့် ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း Swatch ထုတ်ဖော်ပြောကြား


ကမ္ဘ္ဘာ့အရောင်းရဆုံး နာရီကုမ္ပဏီဖြစ်သည့် Swatch Group သည် စမတ်ဖုန်းမှ ပေးပို့သော အချက်အလက်များကို ဖော်ပြခြင်းနှင့် contactless payment များကို ပြုလုပ်နိုင်မည့် နာရီအမျိုးအစားသစ်များ မိတ်ဆက်ရန် စီစဉ်နေကြောင်းနှင့် ကုမ္ပဏီ၏ ပထမဦးဆုံး နည်းပညာမြင့် နာရီများကို မေလတွင် ရောင်းချဖွယ်ရှိကြောင်း ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ နစ်ဟာရက်က ပြောကြားခဲ့သည်။


သို့သော်လည်း ကုမ္ပဏီအနေဖြင့် Apple, Motorola, Pebble နှင့် အခြားကုမ္ပဏီများက ထုတ်လုပ်ထားသော စမတ်နာရီများကဲ့သို့ feature များ အပြည့်အဝ ထည့်သွင်းရောင်းချရန် အစီအစဉ်မရှိကြောင်း ၎င်းက ဆိုခဲ့သည်။


Swatch သည် Omega, Breguet, Calvin Klein, Rado အပြင် အခြား အမှတ်တံဆိပ်များဖြင့် ထုတ်ကုန်များ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး လွန်ခဲ့သည့် ငါးနှစ်အတွင်း ဈေးကွက်ရှယ်ယာ တိုးတက်လာခဲ့ကာ ကမ္ဘာတစ်ဝန်း နာရီရောင်းချမှုနှုန်းတွင် ဈေးကွက်ရှယ်ယာ ၁၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။
ကုမ္ပဏီ၏ နာရီရောင်းမှုနှုန်းသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၉.၂ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်ထက် ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။


သို့သော်လည်း နည်းပညာကုမ္ပဏီကြီးများ၏ ဝတ်ဆင်နိုင်သည့် ထုတ်ကုန်ဈေးကွက်ထံ ဝင်ရောက်လာမှုကြောင့် Swatch နှင့် အခြားသော နာရီကုမ္ပဏီများ အနေဖြင့် ဈေးကွက်ရှယ်ယာ လျော့ကျမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း လေ့လာသူများက သုံးသပ်ထားသည်။


Swatch ၏ အမှုဆောင်အရာရှိချုပ် နစ်ဟာရက်၏ ပြောကြားချက်အရ ကုမ္ပဏီအနေဖြင့် ကြိုးမဲ့ဆက်သွယ်မှုစနစ် အမျိုးအစားနှစ်မျိုးကို နာရီများတွင် မိတ်ဆက်ရန် စီစဉ်နေကြောင်း သိရသည်။
၎င်းစနစ်နှစ်မျိုးမှာ NFC နှင့် Bluetooth ဖြစ်သည်။ NFC (near-field communication) သည် contactless payment များနှင့် ဟိုတယ်တံခါးဖွင့်ခြင်း စသည့် ကိစ္စရပ်များအတွက် အသုံးပြုနိုင်သည့် ချစ်ပ်တစ်ခု ဖြစ်သည်။ Bluetooth မှာ နာရီများမှ စမတ်ဖုန်းထံ အချက်အလက် ပေးပို့/လက်ခံနိုင်စေမည့် ချစ်ပ်ဖြစ်သည်။ ထို့အတွက်ကြောင့် စမတ်ဖုန်းမှ သတင်း update များ၊ text message များနှင့် အခြား notification များကို နာရီတွင် ပြသနိုင်မည်ဖြစ်သည်။


ထို့အပြင် Swatch သည် တရုတ်နိုင်ငံအကြွေးဝယ်ကတ်အဖွဲ့ဖြစ်သော China UnionPay နှင့် ပူးပေါင်းကာ တရုတ်နိုင်ငံအတွင်း ထိတွေ့ရန်မလိုသည့် ငွေပေးချေမှုစနစ်များ ထောက်ပံ့ပေးသွားရန် ရှိကြောင်း ပြောကြားခဲ့သည်။ ကျန်ကမ္ဘာ့နိုင်ငံများတွင် ငွေပေးချေမှု ပြုလုပ်ရန်အတွက် Swatch အနေဖြင့် Visa နှင့် လက်တွဲသွားဖွယ်ရှိကြောင်း Reuters သတင်းဌာနမှ ဖော်ပြခဲ့သည်။


Ref: BBC


http://internetjournal.media/news/1989

0 comments:

Post a Comment