ပညာတန်ဆောင်နှင့်
တော်ဝင် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ပညာရေးမြှင့်တင်ပေးရန်
ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ အခြေခံပညာကျောင်းများမှ
ထူးချွန်သော ဆရာ၊ ဆရာမများအား ရွေးချယ်ကာ ဒုတိယ အကြိမ်မြောက်
ဆုချီးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင်ကျောင်း ပေါင်းလေးသောင်းခွဲခန့်ရှိပြီး ဆရာ၊ ဆရာမသုံးသိန်းခွဲမှ ထူးချွန်ဆရာ၊ ဆရာမများကို တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီမှ ကိုးဦးစီဖြင့် အားလုံး ၁၆၂ ဦး ပေါ်ထွက်လာမည်ဖြစ်ကာ ဗဟိုအဆင့် (မူ၊ လယ်၊ ထက်) ထူးချွန်ဆု ဆရာ၊ ဆရာမ ပထမဆု ကျပ်သိန်း ၄၀၊ ဒုတိယဆု ကျပ်သိန်း ၂၀၊ တတိယဆု ကျပ် ၁၀ သိန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ထူးချွန်ဆရာဆုအဆင့်တွင် ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု သုံးသိန်း၊ တတိယဆု နှစ်သိန်းချီးမြှင့်မည်ဖြစ်သည်။ ယခုနှစ်တွင် ဗဟိုသို့ လာရောက်ယှဉ်ပြိုင်သည့် ဆရာ၊ ဆရာမ ၅၄ ဦးအတွက် လမ်းခရီး စရိတ်ကို ဗဟိုမှ ကုန်ကျခံမည်ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာကျောင်းအုပ်မှ တစ်ဆင့် မြို့နယ်အဆင့်၊ တိုင်း အဆင့်၊ ပြည်နယ်အဆင့် ရွေးချယ်ရေး ကော်မတီများမှ အခြေခံပညာ ကျောင်းများ၌ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ၊ ဆရာမများအားလုံးကို လွတ်လပ်စွာ ရွေးချယ် အကဲဖြတ်ခွင့် ပေးထားသည်။ အကဲဖြတ်ရာတွင် ဘာသာရပ်သင်ပြ ထူးချွန်မှု အဓိက ၅၀ ရာခိုင်နှုန်း အမှတ်ပေးပြီး စာရိတ္တ ကောင်းမွန်မှု၊ အသိပညာကြွယ်ဝမှုကို တိုင်းတာခြင်း၊ စည်ကမ်းကောင်းမှု၊ ဆရာ အချင်းချင်းချစ်ခင် လေးစားမှု၊ တပည့်များ၏ကြည်ညိုလေး စားမှု၊ အသင်အပြကောင်းမွန်မှု၊ အများ အကျိုးသယ်ပိုးပြီး လူမှုရေး တာဝန်သိမှု၊ ထူးခြားသော စွမ်းဆောင်မှုများရှိခြင်း စသည်တို့ကို အဆင့်ဆင့် စိစစ်ရွေးချယ် သွားမည် ဖြစ်ပြီး အခြေခံပညာ ကျောင်းများ အားလုံးသို့လည်း ထူးချွန်ဆရာ၊ ဆရာမများကို ရေးဖြေ၊နှုတ်ဖြေဖြင့် ရွေးချယ်တင်ပြနိုင်ရန် အသိပေး အကြောင်း ကြားထားကြောင်း သိရသည်။
ကျောင်းအဆင့် ရွေးချယ်မှုကို စက်တင်ဘာလ ၁၃ ရက်နှင့် မြို့နယ်အဆင့်ကို စက်တင်ဘာလ ၂၇ ရက်တွင်လည်းကောင်း၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်ကို နိုဝင်ဘာလ ၂၉ ရက်တွင်လည်းကောင်း၊ ဗဟိုအဆင့်ကို ဒီဇင်ဘာလ ၂၇ ရက်တို့တွင် လည်းကောင်း အသီးသီး စိစစ်ရွေးချယ်သွားမည်ဖြစ်သည်။ မေးခွန်းတွင် ဓမ္မဓိဌာန်မေးခွန်း၊ မှန်၊ မှား၊ ဉာဏ်စမ်းဗဟုသုတများ၊ ကွပ်လပ်ဖြည့်၊ အင်္ဂလိပ်စာများ ပါဝင်ကြောင်း ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဟန်ကပြောကြားခဲ့ကြောင်း သိရသည်။
ယှဉ်ပြိုင်သည့် ဆရာ၊ဆရာမ များသည် ပညာရေးဌာနတွင် လုပ်သက်သုံးနှစ်နှင့် အထက်ရှိရမည် ဖြစ်ပြီး မိမိကျောင်းအုပ်ဆရာကြီးနှင့်ဆက်သွယ်ကာ ယှဉ်ပြိုင်ပုံစံ ဖြည့်ပြီး ပါဝင်လျှောက်ထားနိုင်သည်။
အသေးစိတ်သိရှိလိုသူများသည် စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ရုံး ဖုန်း ၀၁-၅၃၉၇၃၈၊ ၀၉-၂၅၉၃၄၄၈၄ တို့သို့ဆက်သွယ် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
Credit to internetjournal
Thiha Htike(THT)
My Facebook Account Click

0 comments:
Post a Comment