ဦးထင်ကျော်အား သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းမှုကို CNN အပါအဝင် နိုင်ငံတကာ သတင်းဌာနများက ဖော်ပြရာ၌ မှားယွင်းမှုများ ဖြစ်ခဲ့


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သမ္မတလောင်းအဖြစ် ဦးထင်ကျော်အား အမည်စာရင်းတင်သွင်းခဲ့ခြင်းကို CNN သတင်းဌာန အပါအဝင် နိုင်ငံတကာ သတင်းဌာနများက ဖော်ပြရာ၌ မှားယွင်းမှုများ ဖြစ်ခဲ့ပါသည်။

CNN ၏ အစောပိုင်း သတင်းဖော်ပြမှုတွင် ဦးထင်ကျော်၏ ဓာတ်ပုံအား ထောင်ဒဏ် ၁၃ နှစ်ကျော် ကျခံနေရသည့် ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်၏ ဓာတ်ပုံနှင့် မှားယွင်း ဖော်ပြခဲ့သည်။ ထို့အတူ CNN သတင်းဋ္ဌာန၏ ဝက်ဘ်ဆိုက် သတင်းခေါင်းစဉ်ကိုလည်း "Former driver Htin Kyaw likely to become Myanmar's next leader" ဟူ၍ မှားယွင်း ဖော်ပြမှု ပြုလုပ်ခဲ့ပါသည်။



ထိုသို့ ဖော်ပြမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး CNN သတင်းဌာနက မူလဖော်ပြခဲ့သော သတင်းဓာတ်ပုံကို ဖယ်ရှားပြီး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် ပြောင်းလဲဖော်ပြကာ သတင်းခေါင်းစဉ်ကို ပြောင်းလဲခဲ့ခြင်း မရှိပေ။ သတင်းခေါင်းစဉ်နှင့် ပတ်သက်ပြီး ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ထွက်ပေါ်လာချိန်တွင် သတင်းအညွှန်းကို "Myanmar: Suu Kyi's friend likely leader" ဟု ပြောင်းလဲ ဖော်ပြခဲ့ပြီး ဝက်ဘ်ဆိုက်တွင် ဖော်ပြသော မူလသတင်းခေါင်းစဉ်ကိုလည်း "Aung San Suu Kyi confidante Htin Kyaw likely to become Myanmar's next leader" ဟု ပြောင်းလဲဖော်ပြသည်။ ထို့အတူ ကိုထင်ကျော်နေရာတွင် အစားထိုး ဖော်ပြထားသော ဒေါ်အောင်ဆန်းစုကြည်ပုံကိုလည်း ဖယ်ရှားခဲ့ပြီး ဦးထင်ကျော်၏ ဓာတ်ပုံဖြင့် ထပ်မံ ပြောင်းလဲ ဖော်ပြခဲ့ပါသည်။

အမေရိကန်အခြေစိုက် CNN သတင်းဌာန နည်းတူ စင်ကာပူ အခြေစိုက် CNA သတင်းဌာန၊ TODAY သတင်းဌာနတို့ကလည်း ဦးထင်ကျော်ကို  "Former driver" ဟူသော အသုံးအနှုန်းဖြင့် ကနဦး သတင်းဖော်ပြ ခဲ့ကြပြီး နောက်ပိုင်းတွင် ပြောင်းလဲ ဖော်ပြမှုများ ပြုလုပ်ခဲ့ရသည်။ ထို့အတူ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်နှင့် The Nation သတင်းစာ တို့ကလည်း ဦးထင်ကျော်ကို "Ex-driver"၊ "Driver" စသော အသုံးအနှုန်းများဖြင့် သတင်းခေါင်းစဉ်တပ်၍ ဖော်ပြမှုများ ပြုလုပ်ခဲ့ကြပါသည်။

ဒေသတွင်း သတင်းဋ္ဌာနများနည်းတူ နိုင်ငံတကာ သတင်းဌာန အများစုတွင်လည်း ဦးထင်ကျော်ကို "Driver" ဟူသော အသုံးအနှုန်းဖြင့် ဖော်ပြခြင်းများ ရှိခဲ့ပြီး ထို အသုံးအနှုန်းကို AFP သတင်းဌာနကလည်း သတင်းခေါင်းစဉ် တပ်၍ ဖော်ပြခဲ့သည့်အပြင် ၎င်းတို့ ထပ်မံဖော်ပြခဲ့သည့် "What now for Myanmar's Suu Kyi and her presidential proxy?" သတင်း ပထမစာပိုဒ်တွင်လည်း ထိုအသုံးအနှုန်းကို သုံးစွဲဖော်ပြခဲ့ပါသည်။ အဆိုပါ သတင်း၌ပင် ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်၏ "proxy" အနေဖြင့် ရှိနေလိမ့်မည်ဟု ဆိုခဲ့သည်။ နိုင်ငံတကာ သတင်းဋ္ဌာနများ၏ သတင်းဖော်ပြမှုများတွင် ဦးထင်ကျော်အား ဒေါ်အောင်ဆန်းစုကြည်၏ "driver"၊ "proxy" ဟူသော အသုံးအနှုန်းများအပြင် "Puppet President" ဟူသော အသုံးအနှုန်းဖြင့်လည်း ဖော်ပြခြင်းများ ရှိခဲ့သည်။




NLD ပါတီ၏ ဒုတိယ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရသော ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်မောင်းမဟုတ်ဘဲ ယုံကြည်စိတ်ချရသော အနီးကပ် လူယုံတစ်ဦး ဖြစ်သည်။ ဦးထင်ကျော်၏ ဖခင်မှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီ၏ ကမာရွတ်မြို့နယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ မြန်မာစာပေလောက၏ အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် ကဗျာဆရာကြီး မင်းသုဝဏ် ဖြစ်ပါသည်။ ထို့အပြင် ဦးထင်ကျော်၏ ဇနီးမှာလည်း လက်ရှိ NLD ပါတီ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင် ဖြစ်သည်။ ဒေါ်စုစုလွင်သည် NLD ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သော ဦးလွင်၏ သမီးဖြစ်သည်။ ဦးထင်ကျော်သည် ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားခဲ့ပြီး စီးပွားရေးဘွဲ့ ရရှိခဲ့သူ ဖြစ်ကာ ၁၉၇၁ လန်ဒန်တက္ကသိုလ် Institute of Computer Science သို့ တက်ရောက်ရန် နိုင်ငံခြား ပညာတော်သင်အဖြစ် စေလွှတ်ခံခဲ့ရသူ ဖြစ်သည်။
 


ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ရှိနေစဉ် ကာလကတည်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ဝင်ထွက်ခွင့် ရရှိခဲ့သူများထဲတွင် ဦးထင်ကျော်လည်း တစ်ဦးအပါအဝင် ဖြစ်ပြီး အနေအေးပြီး ရိုးသားသူ တစ်ဦးဖြစ်ကြောင်း အများက သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အသက် ၆၉ နှစ် ရှိပြီဖြစ်သော ဦးထင်ကျော်သည် ဖခင်နည်းတူ စာပေရေးသားခြင်းကို မွေ့လျော်သူ တစ်ဦးဖြစ်ပြီး ဒလဘန်း အမည်ဖြင့် ဖခင်ဖြစ်သူ မင်းသုဝဏ် အကြောင်း ရေးသားခဲ့သော "အဘဘ၀၊ အဘအကြောင်း တစေ့တစောင်း" စာအုပ်မှာ ထင်ရှားသော စာအုပ်တစ်အုပ် ဖြစ်ခဲ့သည်။ ဦးထင်ကျော်သည် လက်ရှိအချိန်တွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ဦးဆောင်လုပ်ကိုင်နေသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်ပါသည်။

ဒုတိယသမ္မတလောင်းများ အမည်စာရင်း တင်သွင်းခြင်းကို မတ် ၁၀ ရက် နံနက်ပိုင်းက လွှတ်တော်နှစ်ရပ်၌ ပြုလုပ်ခဲ့ပြီး NLD ပါတီက ဦးထင်ကျော်ကို ပြည်သူ့လွှတ်တော်၌ လည်းကောင်း၊ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူ (ဗိုလ်မှူး-ငြိမ်း) ကို အမျိုးသားလွှတ်တော်၌ လည်းကောင်း ဒုတိယ သမ္မတလောင်းများအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။


Eleven

0 comments:

Post a Comment