အကောင်းဆုံး
အမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့သည့် လီဗြောင်ဟွန်းနှင့် အကောင်းဆုံး
အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့သည့် ရှုကျီ (Photo: AFP)
မကာအိုတွင်
မတ် ၁၇ ရက်က ကျင်းပခဲ့သည့် အာရှရုပ်ရှင် ဆုပေးပွဲတွင် The Assassin
ဇာတ်ကားက အဓိကဆုများဖြစ်သည့် အကောင်းဆုံးဇာတ်ကားဆု၊ ဒါရိုက်တာဆုနှင့်
အမျိုးသမီး သရုပ်ဆောင်ဆု အပါအ၀င် ဆုရှစ်ဆုကို သိမ်းပိုက်ခဲ့သည်။
တရုတ်နိုင်ငံတွင် ထန်မင်းဆက် စိုးစံခဲ့သည့် ကာလကို နောက်ခံရိုက်ကူးထားသည့် The Assassin ဇာတ်ကားတွင် ရှုကျီ၊ ကျိုးယွန်၊ ချောင်ချန်နှင့် ဂျပန်သရုပ်ဆောင် ဆူတိုရှီဆုမာဘူကီတို့က အဓိက ဇာတ်ကောင်များအဖြစ် သရုပ်ဆောင်ထားသည်။
“ပတ်တီးတွေနဲ့ ဆေးဝါး အကူအညီသာ မရှိဘူးဆိုရင် The Assassin ဇာတ်ကားကို ရိုက်ကူးနိုင်မှာ မဟုတ်ပါဘူး” ဟု အသက် ၃၉ နှစ် အရွယ်ရှိ ရှုကျီက ယင်းဇာတ်ကား၏ အက်ရှင်ဇာတ်ဝင်ခန်းများအတွက် ရုပ်ပိုင်းဆိုင်ရာ ခက်ခဲပင်ပန်းမှုကို ရည်ညွှန်း ပြောကြားခဲ့သည်။ ထိုင်ဝမ်သရုပ်ဆောင် ရှုကျီသည် The Assassin ဇာတ်ကားတွင် လုပ်ကြံသည့် ဇာတ်ကောင်ဖြင့် အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆု ရရှိခဲ့သည်။
“ဇာတ်ကားက အရမ်းကောင်းပါတယ်။ ကျွန်မက ဒီဇာတ်ကားမှာ တစ်စိတ်တစ်ဒေသ အနေနဲ့သာ ပါဝင်သရုပ်ဆောင်ခဲ့တာပါ” ဟု The Assassin ဇာတ်ကားဖြင့် ဇာတ်ပို့အမျိုးသမီး သရုပ်ဆောင်ဆု ရရှိခဲ့သည့် ကျိုးယွန်က ပြောကြားခဲ့သည်။ The Assassin ဇာတ်ကားရိုက်ကူးခဲ့သည့် ၀ါရင့်ထိုင်ဝမ် ဒါရိုက်တာ Hou Hsiao-hsien သည် ဆုပေးပွဲ အခမ်းအနားသို့ မတက်ရောက်ခဲ့ပေ။ အသက် ၆၈ နှစ် အရွယ်ရှိ Hou Hsiao-hsien သည် ၂၀၁၅ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင်လည်း အဆိုပါ ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့သည်။
တောင်ကိုရီးယား သရုပ်ဆောင် လီဗြောင်ဟွန်းသည် နိုင်ငံရေး သည်းထိတ်ရင်ဖို ဇာတ်ကား The Inside Men ဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့သည်။
တရုတ်အချစ်ဇာတ်ကား Mountains May Depart သည် အကောင်းဆုံး ဇာတ်ညွှန်းဆုကို ရရှိခဲ့ပြီး စစ်ဗိုလ်ချုပ်တစ်ဦးနှင့် မွတ်စလင် မင်းသမီးတစ်ဦး၏ ချစ်ခြင်းမေတ္တာအကြောင်း ရိုက်ကူးထားသည့် ဘောလိဝုဒ် ဇာတ်ကား Bajirao Mastani က အကောင်းဆုံး Visual Effects ဆု ရရှိခဲ့သည်။
The Matrix၊ Kill Bill၊ Crouching Tiger Hidden Dragon စသည့် ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် ဟောင်ကောင် အက်ရှင်ဇာတ်ကွက် အတတ်ပညာရှင်သည် တစ်သက်တာ အောင်မြင်မှုဆုဖြင့် ဂုဏ်ပြုခံခဲ့ရသည်။
www.news-eleven.com






0 comments:
Post a Comment