အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်၊ ဒတ်ထရိုက်မြို့၌
နှစ်စဉ်ပြုလုပ်နေကျဖြစ်သော Motor Show တွင် 3D printer ဖြင့်
ထုတ်လုပ်ထားသော ကမ္ဘာ့ပထမဆုံး ကားကို ထုတ်ဖော်ပြသခဲ့သည်။
Strati ဟုအမည်ရသည့် အဆိုပါ နှစ်ယောက်စီးကားသည် မြို့ပြခရီးတိုများအတွက်
ရည်ရွယ်၍ ထုတ်လုပ်ထားပြီး တစ်နာရီလျှင် ၄၀ ကီလိုမီတာအထိ
မောင်းနှင်နိုင်သည်။ ၎င်းကားကို 3D printer ဖြင့် ထုတ်လုပ်ရန်အတွက်
အချိန်တစ်ရက်ကျော် ယူခဲ့ရကြောင်း သိရသည်။ Strati ကားကို ထုတ်လုပ်သည့် Local
Motors အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဂျေးလ်ရော်ဂျာက လက်ရှိတွင် digital
ဖြင့် တိုက်ရိုက် ထုတ်လုပ်မှုများ ပြုလုပ်၍ ယာဉ်တစ်စီး တည်ဆောက်ရန် ၄၄
နာရီခန့် အချိန်ယူခဲ့ရကြောင်း၊ ယခုနှစ်ကုန်တွင် အချိန် ၂၄ နာရီခန့်ဖြင့်
ယာဉ်တစ်စီး ထုတ်လုပ်နိုင်ရန် မျှော်လင့်ကြောင်း၊ ထို့နောက် ယာဉ်တစ်စီး
ထုတ်လုပ်ရန်အတွက် အချိန် ၁၀ နာရီ သို့မဟုတ် ၁၂ နာရီကြားအထိ လျှော့ချသွားရန်
ဖြစ်နိုင်ချေပိုများလာကြောင်း ပြောဆိုခဲ့သည်။
Strati ၏ ဘောင်နှင့် ကိုယ်ထည်များကို ကားတစ်စီးစာ ဝင်ဆံ့သည့် ဂိုဒေါင်တစ်ခုခန့် ရှိသည့် စက်တွင် ကာဗွန်ဖိုင်ဘာ ပါဝင်သော ပလတ်စတစ်ဖြင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ကားကိုယ်ထည်ကို အလွှာ၂၀၀ ကျော်ခန့်ဖြင့် ဖန်တီးထားပြီး ၎င်း၏အလေးချိန်မှာ ၈၀၀ ကီလိုဂရမ်ရှိသည်။ အဆိုပါ အလေးချိန်သည် အမေရိကန်နိုင်ငံရှိ သာမန်ကားများ၏ အလေးချိန်ထက် တစ်ဝက်ကျော်ခန့်သာ ရှိကြောင်း သိရသည်။ 3D printer ဖြင့်ထုတ်လုပ်ထားသော Strati ကားကို ယူရို ၁၅,၀၀၀ (ဒေါ်လာ ၁၈,၀၀၀) နှင့် ယူရို ၂၅,၀၀၀ (ဒေါ်လာ ၃၀,၀၀၀) ဖြင့် ယခုနှစ်တွင် ရောင်းချပေးသွားမည် ဖြစ်သည်။
Ref: EuroNews
Internetjournal

0 comments:
Post a Comment