ပြည်တွင်းသီးသန့် Public Chat တစ်ခုကို Viber နှင့် BuzzFeed ပူးပေါင်း တည်ထောင်မည်



ရုပ်သံခေါ်ဆိုခြင်း၊ စာတိုပို့ခြင်းစသည့် ဝန်ဆောင်မှုများ ပေးနေသည့် Viber သည် လူမှုရေးနှင့် ဖျော်ဖြေရေးဆိုင်ရာ သတင်းများ ရေးသားသည့် BuzzzFeed နှင့် ပူးပေါင်း၍ ပြည်တွင်းသီးသန့် Viber Public Chat တစ်ခုတည် ထောင်သွားမည်ဖြစ်ပြီး ၎င်း Public Chat တွင် ပြည်တွင်းမှ နာမည်ကြီး နည်းပညာ ကုမ္ပဏီ သတင်းများ၊ ဖက်ရှင်ဒီဇိုင်းဆိုင်ရာ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာ၊ အွန်လိုင်း ဈေးဝယ်ခြင်းဆိုင်ရာ၊ အိုင်တီနှင့် ဆော့ဖ်ဝဲဆိုင်ရာ၊ ပြည်တွင်းတေးဂီတဆိုင်ရာ၊ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများဆိုင်ရာ သတင်းများနှင့် အထက်ပါ နယ်ပယ်များမှ နာမည်ကျော် ပုဂ္ဂိုလ်များ၏ နေ့စဉ် လှုပ်ရှားမှုဆိုင်ရာများ ပါဝင်မည်ဖြစ်ကြောင်း Viber Myanmar မှ သိရသည်။


"ဒီလိုမျိုး Public Chat တွေက နိုင်ငံအလိုက် ရှိကြပါတယ်။ အခုက မြန်မာပြည်တွင်း သီးသန့်အနေနဲ့ လုပ်တဲ့ Chat ဖြစ်ပါတယ်။ အဓိကအနေနဲ့ ပြည်တွင်းက နာမည်ကြီး နည်းပညာ ကုမ္ပဏီအကြောင်းတွေ၊ ပြည်တွင်း ဆက်သွယ်ရေးအော် ပရေတာ အကြောင်းတွေ၊ နောက်ပြီး ဖက်ရှင်၊ ဂီတနဲ့ တခြား ဖျော်ဖြေရေး နယ်ပယ်က နာမည် ကျော်အကြောင်း အရာတွေ အများကြီး ပါပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ပြည်တွင်းက နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Samsung ကုမ္ပဏီရဲ့ ထူးခြားတဲ့ အစီအစဉ်တွေပါမယ်။ နောက်ပြီး ဖက်ရှင်နဲ့ မော်ဒယ်ပိုင်းကဆိုရင် မတင်မိုးလွင်ပါမယ်။ သူနဲ့ပတ်သက်ပြီး လက်ရှိသူ လုပ်ဆောင်နေတာတွေ၊ ဘယ်စာစောင်မှာမှ မပါဝင်တဲ့ သူ့ကိုယ်ပိုင် အစီအစဉ် ဆိုင်ရာလေးတွေကိုဒီ Chat ကနေ ဝင်ပြီးကြည့်ရှုနိုင်မယ်။ အဲဒီအပြင် ပြည်ပဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ Ooredoo နဲ့ Telenor တို့က သတင်းထုတ်ပြန် ချက်တွေကအစ အခြားအိုင်တီနဲ့ ဆော့ဖ်ဝဲနယ်ပယ်က ထူးခြားဖြစ် စဉ်ဆိုင်ရာတွေလည်း သိရှိနိုင်မှာ ဖြစ်ပါတယ်" ဟု Viber Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 
Viber အသုံးပြုသူများ အနေဖြင့် အဆိုပါ Public Chat မှတစ်ဆင့် ဂီတ၊ အားကစား၊ ဖက်ရှင်၊ ဖျော်ဖြေရေး နယ်ပယ်မှ နာမည်ကျော်များနှင့် ၎င်းတို့ နှစ်သက်သော နာမည်ကြီး ကုန်အမှတ်တံဆိပ် များအကြောင်း၊ ပြည်တွင်းမှ ဆက်သွယ်ရေးနှင့် နည်းပညာနယ်ပယ်မှ အကြောင်းအရာများကို ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။ Viber ၏ Public Chat ကို အသုံးပြုသူများ အနေဖြင့် ဝင်ရောက် ဆွေးနွေးရေးသားခြင်း ပြုလုပ်လိုပါက Viber ကို request ပြုလုပ်ရမည် ဖြစ်ရသည်။


"အခု BuzzFeed နဲ့ ပူးတွဲလုပ်တဲ့ Public Chat မှာဝင်ရောက် ဆွေးနွေးရေးသား တာမျိုးတွေကို user တွေအနေနဲ့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒီအတိုင်းပဲ မိမိနှစ်သက်တဲ့ သတင်းတွေကို ဝင်ရောက်ရှာဖွေ  ဖတ်ရှုရမှာပါ။ တကယ်လို့ ပါဝင်ဆွေးနွေး ချင်တယ်ဆိုရင်တော့ Viber ကို request လှမ်းလုပ်ရပါမယ်။ အဲလို request လုပ်တဲ့ သူတွေထဲကနေ စိစစ်ရွေးချယ် လက်ခံပေးသွားဖို့တော့ ရှိပါတယ်" ဟု ဆက်လက် ရှင်းပြသည်။


Viber အသုံးပြု သူများအနေဖြင့် ၎င်းတို့ နှစ်သက်ရာအကြောင်း အရာများကို အချိန်နှင့် တပြေးညီ သိရှိနိုင်မည်ဖြစ်ပြီး Pulic Chat တွင် BuzzFeed ၏ social media အယ်ဒီတာများ၊ လူထုအတွင်းရှိ moderator များနှင့် အယ်ဒီတာ အဖွဲ့ဝင်များ ပါဝင်ကာ အွန်လိုင်း သုံးစွဲသူများအကြား မျှဝေမှု အများဆုံးနှင့် ရေပန်းအစားဆုံးဖြစ်သော နောက်ဆုံးရ သတင်းများ၊ သတင်း ထုတ်ပြန်ချက်များ၊ ဖျော်ဖြေရေး သတင်းများနှင့် ဗီဒီယိုများကို Viber ပေါ်တွင် ဝေမျှဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်း Public Chat ၌ ဆွေးနွေးထားသည့် အကြောင်းအရာများ၊  အင်တာနက်ပေါ်တွင် မျှဝေထားသည့် ထူးခြားသည့် အကြောင်းအရာများနှင့် ဗီဒီယိုများကို သိရှိနိုင်ရန်အတွက် သုံးစွဲသူများ အနေဖြင့် ယင်း Public Chat ကို Follow ပြုလုပ်ထားရန် လိုအပ်မည် ဖြစ်သည်။


Internet Journal

0 comments:

Post a Comment