“လူနေခြုံကြား”

ကလေးဘ၀တုန်းက အဆော့ကစားမက်တာ၊ ကာတွန်းပုံပြင်ကြိုက်တာတွေကြောင့် ကျောင်းစာတွေကို သည်လောက်ကြီး စိတ်ဝင်တစား မရှိလှပါဘူး။ အတန်းသစ်တက်လို့ ဖတ်စာအုပ်အသစ်တွေ ထုတ်ပေးရင် သည်နှစ် ငါ့ကို ဘာတွေသင်မှာလဲ မသိဘူး ဆိုပြီး အစအဆုံး တစ်ခေါက်ဖတ်ကြည့်တာကလွဲလို့ စာကျက်ရတာတော့ အင်မတန်ပျင်းပါတယ်။ တစ်ခါတစ်ခါမှာတော့ ကိုယ့်အတန်းထဲမှာကိုယ် အဆင့်တစ်တွေဘာတွေ ရတဲ့အခါ ရဘူးသား။ အဲ့ဒါမျိုးက အိမ်ကမွေးသဖခင်ကသာ ရီပို့ကဒ်ကြီးကြည့်ကြည့်ပြီးပျော်တာ။ ကိုယ့်ဘာသာတော့ ဘယ့်နှယ်မှ စိတ်ထဲမရှိဘူး။ အိမ်မှာလက်မှတ်ထိုးပြီး ဆရာမဆီပြန်အပ်လိုက်ရင် အဲသည်ကဒ်ပြားကြီးက ဘာတစ်ခုမှ အသုံးမ၀င်။ စာမကျက်ဖြစ်လို့ အဆင့်ကျသွားရင် အဆူခံရဖို့ပဲ ရှိမှာ။ ကိုယ့်အတန်းကိုယ် အဆင့်တစ် ရတာများ ဘာမှခက်တာလည်း မဟုတ်။
ကိုယ့်အတန်းသားချင်း ဘယ်သူဘယ်လောက်စာရသလဲ သိပြီးသား။ အဆင့်တစ်ရတဲ့ကောင်ဆိုတာ ဘောလုံးကန်တတ်တဲ့ကောင်၊ စွန်လွှတ်တတ်တဲ့ကောင်လောက်မှ အထင်ကြီးစရာ မရှိ။


           အဲဒီအချိန်တုန်းက ကိုယ့်စိတ်ထဲမှာ ကျိတ်ပြီး အထင်ကြီးမိနေတဲ့ အတန်းဖော် သူငယ်ချင်းတွေတော့ ရှိပါတယ်။ သူတို့မိဘတွေက အရမ်းဂရုစိုက်ပြီး ဆရာမတွေနဲ့ တော်တော်ရင်းရင်းနှီးနှီးရှိသလို အတန်းထဲမှာဆိုလည်း အဲသည်ကလေးတွေက ဆရာမ ပါးစပ်ဖျားကမချ “တော်လိုက်တာ။ တော်လိုက်တာ။” ဆိုတဲ့ ကလေးတွေပါ။ ဘာတွေတော်သလဲတော့ မသိဘူးပေါ့။ ဒါပေသိ ဆရာမက တော်တယ်ဆိုရင် တော်ကိုတော်လို့။ အတန်းထဲမှာတော့ မသိသလိုမခင်သလို တည်တည်ကြီးနေပြီး အိမ်ပြန်ရောက်တော့မှ သူတို့နေပုံထိုင်ပုံ ၀တ်ပုံစားပုံတွေကို ခရေစေ့တွင်းကျ ပြန်ပြောပြတတ်တော့ ကိုယ့်အမေတွေအဖွားတွေကတောင် အဲသည်ကလေးတွေကို မမြင်ဖူးပဲနဲ့ သိနေတတ်တယ်။ အတုခိုးတတ်တဲ့အရွယ်မို့ထင်ပါရဲ့။ မသိမသာ ကျိတ်ကျိတ်ပြီး အတုခိုးတယ်။ ကိုယ့်အိမ်မှာက ကိုယ်အတုခိုးစရာ မတိမ်းမယိမ်း ယောင်္ကျားလေးတစ်ယောက်မှ ရှိတာလည်း မဟုတ်ဘူးလေ။ ရှေ့မှာ အမတွေချည့်ပဲ ရှိတယ်။ ကိုယ့်စိတ်ထဲမှာတော့ အဲသည် သူငယ်ချင်းကလေးတွေကို အပြိုင်အဆိုင်ဆိုတဲ့စိတ်၊ နိုင်ရမယ်ဆိုတဲ့စိတ်လည်း တစက်ကလေးမှ မရှိခဲ့ပါဘူး။ အားကျအထင်ကြီးတဲ့စိတ်ပဲ ရှိတယ်။ ကိုယ့်ထက်သာတဲ့ဘ၀လို့ ကိုယ့်ဘာသာလက်ခံထားတယ်။

            ဒါပေမယ့်လည်း အဲသည်အငုံ့စိတ်ကို ပုတ်နှိုးလိုက်သလို အနှိုးခံရတဲ့အခါတွေ ရှိလာခဲ့ပါတယ်။ တချို့ဆရာတွေက တော်တော်မျက်နှာလိုက်တာကိုး။ သူတို့ဘာသူတို့ ကိုယ်ချစ်တဲ့ကလေးကို မျက်နှာသာပေးတာလည်း ပေးပေါ့။ ကိစ္စမရှိပါဘူး။ ဒါပေမယ့် မဆီမဆိုင် အဲသည်ကလေးတွေနဲ့ ယှဉ်ပြီး ကိုယ့်ကိုလာနှိမ်သလို ခံစားရတဲ့အခါ ကလေးပေမယ့် စိတ်ထဲမှာ နေလို့မကောင်းဘူး။ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ် ဆိုရင် ကြည့်ကြသေးတာပေါ့ဟာ။ ငါက သူတို့ထက်သာအောင်ကို ကြိုးစားပလိုက်ဦးမယ် ဆိုတဲ့ စိတ်ကလေး ၀င်လာပါတယ်။ မှတ်မှတ်ရရ၊ ၇ တန်းနှစ်မှာ အတန်းထဲက သူငယ်ချင်းတစ်ယောက်ကို ဆရာမတွေက လူရည်ချွန်ဖြေဖို့ ကြိုတင်လေ့ကျင့်ပေးတာတွေ လုပ်တဲ့အခါ ကိုယ်ကဘုမသိဘမသိနဲ့မို့ “အဲဒါ ဘာလုပ်တာတုန်း” လို့ သွားမေးမိပါတယ်။ “ဒါ လူရည်ချွန်ဖြေဖို့လေ။ အရမ်းခက်တာ။ ကျောင်းစာရော။ အထွေထွေဗဟုသုတရော၊ အားကစားနဲ့ ဖွံ့ဖြိုးရေးတွေပါ ထူးချွန်ရတယ်။” လို့ ဖြေပါတယ်။ လူရည်ချွန်ရရင် ငပလီသွားရတယ်ဆိုတော့  အိမ်နဲ့အညာကလွဲရင် ဘယ်ကိုမှ မရောက်ဘူးတဲ့ကိုယ်က “ကျွန်တော်ရော ဖြေလို့မရဘူးလား ဆရာမ။” လို့ လျှာရှည်မိပါတယ်။ ဆရာမက ငါးခူပြုံးကလေးပြုံးပြီး “ရတယ်လေ။ သုံးယောက်ရွေးမှာ။ ပထမ၊ ဒုတိယ၊ တတိယ ၀င်အောင်လုပ်။ ကိုယ့်အတန်းထဲမှာတင် ကိုယ်ရတာ မဟုတ်ဘူးနော်။ စိန်ပေါကျောင်း တစ်ကျောင်းလုံးမှာ ရရမှာ။” တဲ့။ ကိုယ့်ဘ၀ကြီးကို ပြောင်းလဲသွားစေတဲ့စကားတစ်ခွန်းကို ပြပါဆိုရင် အဲသည်အချိန်တုန်းက ဆရာမပြောတဲ့ အဲသည်စကားကိုပဲ ပြန်ကောက်ရမှာပါပဲ။ သူပြုံးတဲ့ အပြုံးလေးကို မခံချင်တာရယ်၊ ကိုယ်စထားတဲ့ စကားလေးကို မလျှော့ချင်တာရယ်ကြောင့် မခံချင်စိတ်နဲ့ စာတွေကိုနင်းကန်ကျက်မိတာ စာမေးပွဲပြီးတိုင်း ဖျားဖျားယူရလောက်အောင် ပါပဲ။

           အတန်းတင်စာမေးပွဲပြီးတဲ့အခါ ဆရာမက သူ့အတန်းထဲက ဆုရတဲ့ကျောင်းသား နှစ်ယောက်ကို ဘောပင်လှလှလေး တစ်ချောင်းစီပေးတယ်။ သူ့ဆီက သူကိုယ်တိုင် ကျေကျေနပ်နပ်ပေးတဲ့ဆုကိုယူရတာ အရသာရှိလိုက်တာလေ။ ငွေကြေးတန်ဖိုးနဲ့တွက်ရင် ဘောပင်လေးတွေက အဖိုးမတန်ပါဘူး။ ကျောင်းကရတဲ့ဆုကလည်း အဖိုးမတန်ပါဘူး။ ဒါပေမယ့် အနှိမ်ခံရရင် ဘယ်လိုပြန်ပြီး အနိုင်ယူရသလဲဆိုတဲ့ သင်ခန်းစာကတော့ တော်တော် အဖိုးတန်ပါတယ်။ လူလတ်တန်းစား အောက်ခြေနားက ကလေးတစ်ယောက်အဖြစ်နဲ့ ခွဲခြားနှိမ့်ချဆက်ဆံခံရတာ ဘ၀မှာ အခါခါ ရှိခဲ့ပါတယ်။ ကံကြမ္မာလေး မျက်နှာလိုက်တယ်ဆိုတာလည်း ခနခန ကြုံနေကျပေါ့။ ကိုယ့်အဖို့ကတော့ အဲသည် ဖိနှိပ်နှိမ်ချမှု၊ ခွဲခြားဆက်ဆံမှုတွေကို ပြန်လည်ထောက်ကန်စရာ တွန်းအားအဖြစ်နဲ့ အသုံးချခဲ့တယ်။

            သည်လိုနဲ့ပဲ အသက်အရွယ်တွေရလာတဲ့အခါ ကိုယ့်အကြောင်းသူ့အကြောင်း ဘာမှမသိသေးပဲနဲ့ လူကို အသားလွတ်ကြီး ခွဲခြားဆက်ဆံခံရတဲ့ အတွေ့အကြုံတွေလည်း မနည်းမနောကြီး ရှိလာပါတော့တယ်။ အထူးသဖြင့်တော့ မြန်မာလူမျိုးဖြစ်နေမိတဲ့အပေါ် တိုင်းတပါးသားတွေက အထင်သေးအမြင်သေး
နှိမ့်ချဆက်ဆံတတ်တာဟာ နိုင်ငံခြားသွားတဲ့ မြန်မာလူမျိုးတိုင်းလိုလို ခံစားဖူးတဲ့ အတွေ့အကြုံပါ။ ခက်တာက ကိုယ့်အမိနိုင်ငံတော်ကြီးရဲ့ ဂုဏ်သိက္ခာကို ကိုယ်တစ်ယောက်တည်းနဲ့ ခါးတောင်းမြောင်အောင်ကျိုက်ပြီး တင်ပေးလို့မရတာကြောင့် အရင်ဆုံးကြိုးစားရတာကတော့ ကိုယ့်ဂုဏ်သိက္ခာကိုအရင် သူတို့လက်တွေ့သိအောင် ပြရတော့မှာပါ။ သည်လိုပြနိုင်ဖို့ အရင်ဆုံးလိုအပ်တာကတော့ ကိုယ်ကိုယ်တိုင် ဂုဏ်သိက္ခာရှိသော မြန်မာတစ်ယောက်ဖြစ်ဖို့ပါပဲ။ ကောင်းပါပြီ။ ဘယ်အရာတွေဟာ လူတစ်ယောက်ကို တင့်တင့်တယ်တယ်နဲ့ ဂုဏ်ရှိစေနိုင်မှာလဲ။

            ပထမအချက်ကတော့ လူပြိန်းကြိုက်ပြောချင်ပြော၊ လူတိုင်းသည်းခြေကြိုက်ပြောချင်ပြော၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတယ်။ ငွေရှိရင် မျက်နှာမငယ်ဘူး။ မှန်သင့်သလောက်တော့ မှန်တယ်ဗျ။ လောကကြီး လူပြိန်းတွေလောက်ပေါတာ လူပြိန်းတွေပဲ ရှိတယ်။ ဒါကြောင့် လူပြိန်းကြိုက်ဖြစ်တဲ့ ဥစ္စာငွေကြေးဟာ ဘယ်နေရာမှာမဆို မျက်နှာပွင့်လန်းတာ အမှန်ပဲ။ ငွေရှိရင် ဘာမဆို ၀ယ်လို့ရတဲ့အထဲမှာ ပညာရော၊ သိက္ခာရော၊ နံမည်ဂုဏ်သတင်း ကျော်ဇောခြင်းတွေပါ ပါတယ်။ တစ်ခုတော့ သိထားဖို့လိုတယ်။ အဲသည်အရှိန်အ၀ါတွေအားလုံးဟာ ကိုယ့်မှာရှိနေတဲ့ ငွေအပေါ်မှာသာ တည်တာ။ အဲသည်ငွေမရှိတော့တဲ့တစ်နေ့ ကုန်းကောက်စရာ ကျန်လိမ့်မယ် မဟုတ်ဘူး။ ဒါကြောင့် ငွေကြောင့်ဖြစ်တဲ့ ဂုဏ်သိက္ခာဆိုတာ လူကိုယ်မှာ မတည်ဘူး။ အငှားသိက္ခာသာဖြစ်တယ်။ ခက်တာက အနှိမ်ခံရတယ်ဆိုတဲ့သူတွေဟာ ဘယ်တော့မှ ငွေရှိတဲ့သူတွေ မဟုတ်ဘူး။ ငွေရှိရင် ငွေမျက်နှာနဲ့ မနှိမ်ရဲဘူး မဟုတ်လား။ နှိမ်ရဲနှိမ်ကြည့်လေ။ ငွေနဲ့ ကောက်ပေါက်လိုက်ရင်
ငေါက်ကနဲထိုင်ဆင်းသွားမှာပေါ့။ သီချင်းထဲကလို “လောကကြီးမှာ ပိုက်ဆံမရှိရင် မျက်နှာ အင်မတန်ငယ်။” ဆိုတာ ကိုယ်တို့မြန်မာတွေ အနှိမ်ခံရတဲ့ အဓိက အကြောင်းရင်းထဲမှာပါတယ်။ ကောင်းပြီလေ။ ဒါဆိုလည်း ငွေမရှိတဲ့သူတွေအတွက် တခြားဟာတွေနဲ့ ဂုဏ်သိက္ခာတက်ပြီး လူရိုသေ ရှင်ရိုသေ ဖြစ်အောင် ဟိတ်ထုတ်ရတော့မှာပေါ့။

            ငွေမရှိလည်းရပါတယ်။ သူတို့နိုင်ငံခြားသားတွေ ကိုယ့်ကိုအထင်မသေးနိုင်အောင် ကိုယ့်ဘက်က ထုတ်ပြစရာ နောက်တစ်ခု ရှိသေးတယ်။ အဲဒါကတော့ “ပညာ” တဲ့။ ပညာတတ်ရင် လူ့အောက်မကျဘူး။ ကလေကချေ အုတ်ကြားမြက်ပေါက် မဟုတ်ဘူး။ ဆရာနဲ့သမားနဲ့ စံနစ်တကျ လေ့ကျင့်သင်ကြား ပျိုးထောင်ထားတဲ့ လူဂုဏ်တန်လို့ မျက်နှာကလေးချီပြီး မော့ထားလို့ရတယ်။ ပညာဆိုတဲ့နေရာမှာ သူတို့လက်ခံအသိအမှတ်ပြုတဲ့ ဘွဲ့လက်မှတ်စာရွက်တွေကိုချည့် ပြောတာ မဟုတ်ဘူး။ မိမိအသက်မွေးမှုအတတ်မှာ ကျွမ်းကျင်လိမ္မာခြင်း၊ ထူးချွန်ပြောင်မြောက်ခြင်းတွေ ရှိရင်လည်း အထင်သေးမခံရဘူး။ သံချီသံကွေးသမားပဲဖြစ်ဖြစ်၊ ဆံပင်ညှပ် လျှော်ကောက်ဖြောင့်သမားပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး အနှိပ်သမလေးတွေဖြစ်နေရင်တောင် ကိုယ်လုပ်တဲ့အသက်မွေးဝမ်းကျောင်းမှာ စေတနာပါပါနဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ရည်ကိုင်ရည်ရှိတဲ့သူဆို အလုပ်ရှင်ကလည်း လက်မလွှတ်နိုင်ဘူး။ Client ကလည်း အထင်မသေးဘူး။ ကိုယ့်ကို မြန်မာရယ်လို့ အထင်သေးတဲ့သူကြုံလာရင် နင်တို့လူမျိုးတွေထက်တော့ ဆယ်ဆသာတယ်လို့ အဲသည်နေရာမှာ ပြလို့ရတယ်ဗျ။ ပညာပြတယ်တော့ ဘယ်ဟုတ်မလဲလေ။ မင့်ဘကြီးက မင့်ထက်တောင် တတ်သေးတယ်လို့ အခွင့်ကြုံတဲ့အခါ အစွမ်းပြခဲ့တာမျိုးကို ပြောတာပါ။

            ပိုက်ဆံမရှိ၊ ပညာမတတ်လို့ အနှိမ်ခံရတယ်ဆိုရင်လည်း အားမငယ်ပါနဲ့လေ။ လူတွေမှာ ဘာမှမရှိလည်းပဲ မာနကြီးတခွဲသားနဲ့ ဂုဏ်ယူနိုင်တာ နောက်တစ်ခုရှိသေးတယ်။ “ရိုးဂုဏ်” တဲ့။ ရိုးသားတယ်၊ အကျင့်စာရိတ္တကောင်းတယ် ဆိုတာ ဘယ်လောက်ချမ်းသာချမ်းသာ၊ ဘယ်လောက်ပညာတတ်တတ်၊ လူတိုင်းရှိနိုင်တဲ့ဂုဏ် မဟုတ်ဘူး။ သမ္မတကြီး၊ ၀န်ကြီးချုပ်ကြီးဖြစ်နေပစေဦးတော့ မတရားသဖြင့် ကောက်ကျစ်လိမ်လည်ပြီး အာဏာရလာတဲ့သူဆိုရင် ငါးပြားဖိုးလောက်တောင် အထင်ကြီးစရာ မကောင်းဘူး။ (ဥပမာ မားကို့စ်တို့ သက်ဆင်တို့ ပြောတာနော်။ တို့ဆီကလူတွေက လွှတ်ရိုးတာ။ မယုံ သတင်းစာဖတ်ကြည့်။) အဲသည်ရိုးဂုဏ်ဆိုတာက အပျိုစင်ကလေးလိုပဲ။ အစဉ်တစိုက် စောင့်စည်းထိမ်းသိမ်းခြင်းနဲ့သာ အမြတ်တနိုး တန်ဖိုးထားစရာ ဖြစ်လာတာ။ တစ်ခါတည်းပါ ဆိုရုံနဲ့ ရေစုန်မျောသွားတတ်တယ်။ လစ်ရင်လစ်သလို လှည်းသားငါးရာနဲ့ပျော်ပါးပြီးကာမှ ရှိသမျှ ပိုက်ဆံပုံအောပြီး ထိုင်းမှာ ပြန်ပြုပြင်လာခဲ့တယ်။ အသစ်ကလေးပါ။ လုပ်လို့မရဘူး။ ကိုယ့်အမြင်ပြောရရင်တော့ ဆင်းရဲသားတွေဟာ ရိုးဂုဏ်ကို ထိမ်းသိမ်းသင့်တယ်။ ကိုယ့်မှာထားစရာမာန ဒါလေးပဲ ရှိတာ။ သူဌေးမဖြစ်လောက်တဲ့ ဘာမဟုတ်တဲ့ ပိုက်ဆံငွေကြေးကလေးလောက်နဲ့ အများမိုးခါးရေသောက် ကိုယ်သောက်လုပ်မိရင် အရေးအကြောင်းကျတော့ ကိုယ့်မှာ ဂုဏ်ယူစရာ၊ တင်းခံစရာ၊ မာနထားစရာ ရိုးဂုဏ်မရှိတဲ့အတွက် လူချမ်းသာတွေက အနိုင်ကျင့်တာ၊ နှိမ်တာခံရတတ်တယ်။ သူဌေးတွေ မရိုးသားလို့ ဘယ်သူမှ အပြစ်မပြောရဲဘူး။ သူတို့မှာ ပိုက်ဆံမျက်နှာရှိတယ်။ ဆင်းရဲသားတွေ စာရိတ္တစွန်းထင်းသွားရင် သိပ်မျက်နှာငယ်ရတာ။ အလကားနေရင်းကို မရှိခိုးနိုး မလှစုန်းရိုးက ရှိပြီးသား။ တကယ်လို့များ ကိုယ့်မှာ ရိုးဂုဏ်ကလေးရှိနေရင် နင်လည်းနင့်မှာ ပိုက်ဆံရှိလို့ မောက်မာသလို ငါလည်းငါ့မှာ အကျင့်စာရိတ္တကောင်းတဲ့ ရိုးဂုဏ်ရှိလို့ ဘာမှ အောက်ကျခံစရာ အကြောင်းမရှိဘူးဆိုပြီး အံတုဘက်ပြိုင် လုပ်နိုင်တဲ့ သတ္တိရှိတယ်။ စာရိတ္တမဏ္ဍိုင်ဆိုတာ ရောင်းစားလို့ ဈေးကောင်းမရပေမယ့်လည်း စိတ်ဓါတ်ခွန်အားကို ပေးနိုင်တဲ့နေရာမှာတော့ ပိုက်ဆံလိုမျိုး အတုအယောင် အငှားသိက္ခာ မဟုတ်ဘူး။ ကိုယ်ပိုင်ပစ္စည်းစစ်စစ်။ လျှာပေါ်ကို မြက်ပေါက်ချင်ပေါက်ပလေ့စေဆိုတဲ့ စိတ်ထားဟာ အဲသည်ကလာပါတယ်။

            ကျန်တာကတော့ အပေါ်ယံလို့ပြောချင်လည်း ပြောလို့ရပါတယ်။ ကိုယ့်အပေါ်မှာ မသိမသာစွဲကပ်နေတဲ့ လူအထင်သေးဖွယ် အမူအကျင့်များကို ဖျောက်ပစ်ရမှာပေါ့။ ကိုယ်ပေါက်ဖွားကြီးပြင်းရာ အသိုင်းအ၀ိုင်းဟာ စည်းကမ်းတကျ အဆုံးအမ အကွပ်အကဲနဲ့ လူလားမြောက်လာပါတယ်လို့ သိစေရမယ်။ ငယ်ငယ်ကဆို အဖွားက ခနခနထိပ်ခေါက်ပြီး သင်တယ်။ ထမင်းစားရင် ပြတ်ပြတ်နဲ့ အသံမမြည်စေနဲ့။ လမ်းလျှောက်ရင် ရှပ်တိုက်ပြီး မလျှောက်နဲ့။ သူများနဲ့စကားပြောရင် မျက်လုံးချင်းဆိုင်ပြီးမှ စကားပြော။ သူ့မျက်စိရှေ့ရောက်ရင် ဘယ်ဟာမှ အပြစ်မလွတ်ပါလားလို့ ထင်ခဲ့မိတာဟာ အခုချိန်ရောက်မှ သဘောပေါက်လာတယ်။ သူကသူ့မြေးကို အဆင့်အတန်းရှိရှိ လူလားမြောက်လာအောင် သွန်သင်နေတာပါလားလို့။ ဒီနေရာမှာတော့ အညာသူ တို့ဖွားအေက အင်မတန်ဘိုဆန်စွာဆုံးမပါတယ်။ အက်တိကက်နားမလည်ရင် အင်ပရက်ရှင် ဒေါင်းသတဲ့။ အရွယ်ကလေးရောက်လာတော့ သူများဆီက အတုခိုးတဲ့အထဲမှာ အဲသည်အကျင့်ကောင်းကလေးတွေကို မှတ်မှတ်သားသား အတုခိုးဖြစ်သွားပါတယ်။ သူများနိုင်ငံရောက်တဲ့အခါ ကွမ်းတံတွေး တပျစ်ပျစ်ထွေး၊ အမှိုက်တွေ့ကရာပစ်၊ တန်းစီရင်ကြားဖြတ်ဝင်၊ အစရှိတဲ့ အမူအကျင့်တွေ အမှတ်မထင်ပြုမိရင် အုတ်ကြားမြက်ပေါက်သဖွယ် အထင်သေးခံရပါလိမ့်မယ်။ (ကိုယ့်ဆီမှာတော့ တို့များရိုးရာ တို့ရိုးရာပေါ့)

           တကယ်လို့များ တိုင်းတပါးသားတွေနဲ့ တွေ့ကြုံဆက်ဆံရင်း မြန်မာလူမျိုးတစ်ယောက် ဖြစ်နေတဲ့အတွက်
နှိမ်ချဆက်ဆံလာခဲ့တယ်လို့ ခံစားရတယ်ဆိုရင် ဒေါသတကြီး ကဲကဲဆတ် ရန်ထောင်တာမျိုးထက်စာရင် ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်အရည်အချင်းကလေးနဲ့ ဂုဏ်သရေရှိရှိ အနိုင်ယူပြလိုက်တာက အများကြီး ပိုပြီး အရသာရှိတယ်ဆိုတာ ခုချိန်မှာတော့ ရှင်းပြဖို့တောင် မလိုတော့ဘူးထင်ပါတယ်။ ကိုယ့်ဘက်က ပညာအရည်အချင်းကလေး
လောက်လောက်လားလားရှိရင်၊ ငွေကြေးနဲ့ယိမ်းယိုင်မသွားတဲ့ ကိုယ်ကျင့်တရားကလေး စောင့်ထိန်းထားမယ်ဆိုရင် ပတ္တမြားအစစ်မို့ နွံမှာနစ်သော်လည်း မညစ်တဲ့အကြောင်း ကောင်းကောင်းကြီး သက်သေပြလို့ရပါလိမ့်မယ်။ အမျိုးမှန်အဖိုးတန် မြန်မာပြည်ဖြစ် စစ်စစ်ကြီးမှန်းသိသွားလို့ သူများက အပိုင်ဝယ်သိမ်းချင်လာပြီ ဆိုတော့မှ တမျိုး စဉ်းစားကြတာပေါ့ကွယ်။ ဟုတ်ဘူးလား။

0 comments:

Post a Comment