ဒီနေ့တော့ ကျွန်တော့်ဖန်တွေအားလုံးကို ဒရာမာဇာတ်လမ်းကောင်းလေးတစ်ခု တင်ပေးချင်ပါတယ်။
Yash Chopra ဆိုတဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဘောလိဝုဒ်ဒါရိုက်တာကြီး နောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားပါ။
ဒီလောက်ဆိုရင် ရိပ်မိသူတွေလည်း ရိပ်မိကြလောက်ရောပေါ့...။
Major Samar Anand ဆိုတာ အိန္ဒိယစစ်တပ်က ဗုံးကျွမ်းကျင်ပညာရှင် တစ်ယောက်ပါ။
သူဟာ တခြားပညာရှင်တွေနဲ့ မတူ၊ တမူရဲရင့်သူပါ။
သောင်းကျန်းသူတို့ ထောင်ထားတဲ့ မိုင်းဗုံးတစ်လုံးကို ဖြုတ်တဲ့အခါ တခြားသူတွေက ဗုံးကာအင်္ကျီတွေ ဝတ်ပါတယ်။
သူကတော့ လုံးလုံးမဝတ်ပါဘူး။ ရဲရဲတင်းတင်းပဲ လုပ်ပါတယ်။
သူ ဒီဌာနမှာ လုပ်လာတာ ၁၀ နှစ်လောက်ရှိနေပါပြီ။ သူဖြုတ်ခဲ့တဲ့ မိုင်းဗုံးတွေလည်း မရေမတွက်နိုင်အောင်ပါပဲ။ ထပေါက်ကွဲခဲ့တယ်ဆိုတာ တစ်ခါမှမရှိခဲ့ဘူး။
သေမင်းရဲ့နှုတ်ခမ်းမွှေးကို ကလူကျီစယ်ပြီး နှုတ်ခမ်းဝမှာ ဆပ်ကပ်ပြရဲတာ သူတစ်ယောက်ပဲရှိပါတယ်။
သူ့အကြောင်းဟာ တဖြည်းဖြည်းနဲ့ ကျော်ကြားလာခဲ့ပါပြီ။
Akira Rai ဆိုတဲ့ကောင်မလေးကတော့ လူငယ်ဒါရိုက်တာမလေးပါ။
သူဟာ Discovery Channel မှာ ကိုယ်ရည်သွေးနေပြီး နိုင်ငံတကာအဆင့်ထိ
ထိုးဖောက်နိုင်ဖို့တောင် ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးတစ်ယောက်ပါ။
တစ်နေ့တော့ သူ့သူငယ်ချင်းတွေက သူ့ကို စိန်ခေါ်ပါတယ်။
ရေခဲမြစ်ထဲမှာ ရေဆင်းကူးနိုင်မနိုင် လောင်းကြပါတယ်။
Akira က စိန်ခေါ်မှုကို လက်ခံပြီး ရေဆင်းကူးပါတယ်။
ဒါပေမယ့် အေးခဲလွန်းလှတဲ့ရေကြောင့် မကူးနိုင်မခတ်နိုင်ဖြစ်ပြီး ရေနစ်ပါတော့တယ်။
အဲဒီအချိန်မှာ မိုင်းဗုံးတစ်လုံးကိုဖြုတ်ပြီးတဲ့နောက် ကမ်းခြေမှာ လာအနားယူနေတဲ့
Major Samar က ရေနစ်သူ Akira ကို တွေ့သွားပြီး ဝင်ကယ်လိုက်ပါတယ်။ သူ့ရဲ့ ဂျာကင်အကျီင်္
ကို Akira ကို ပေးဝတ်ထားလိုက်ပါတယ်။ ဒါပေမယ့် သူပြန်သွားတဲ့အချိန်မှာ ဒီဂျာကင်ကို မေ့ကျန်ခဲ့ပါတယ်။ ပြန်မယူသွားပါဘူး။ ဒီဂျာကင်ထဲမှာ Major Samar ရဲ့ ဒိုင်ယာရီစာအုပ်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့နောက်....စိတ်ဝင်စားဖွယ် မေဂျာယောက်ျားကောင်းကြီးရဲ့ ဘဝကို အကီရာဆိုတဲ့ကောင်မလေး ဘယ်လိုဝင်ရောက် ဆက်နွယ်သွားသလဲ...။ ဒိုင်ယာရီစာအုပ်ထဲက မေဂျာအရမ်းချစ်ရတဲ့ ချစ်သူဆိုတဲ့ကောင်မလေးကရော....။
သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ရိုက်ကွင်းကောင်းကောင်း၊ ရိုက်ချက်ကောင်းကောင်း၊ နောက်ခံတီးလုံးကောင်းကောင်းနဲ့ တင်ဆက်ထားတဲ့ Jab Tak Hai Jaan ဆိုတဲ့ ဘောလိဝုဒ်ဇာတ်ကားလေးပါ။
Major Samar အဖြစ် ဘောလိဝုဒ်နံပါတ်တစ်မင်းသား Shah Rukh Khan၊ Akira အဖြစ် Anushka Sharma၊ ဒိုင်ယာရီထဲကချစ်သူ Meera အဖြစ် Katrina Kaif တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ဇာတ်ကားဖြစ်သလို ဒါရိုက်တာကလည်း ဒရာမာဝိဇ္ဇာလို့ ညွှန်းရလောက်အောင် အချစ်ဇာတ်လမ်းတွေရိုက်ကူးရာမှာ တစ်ဖတ်ကမ်းခတ်ထူးချွန်တဲ့ Yash Chopra ပါ။
ပညာရှင်တွေ ပေါင်းစုထားတဲ့ ဇာတ်ကားဖြစ်တာနဲ့အညီ စုစုပေါင်း ဆု ၇ ဆုရရှိထားပါတယ်။
ကျွန်တော် ဒီဇာတ်ကားမှာ အချီးကျူးဆုံးကတော့ Aditya Chopra ပါ။ Dialogue တွေအားလုံးကို သူရေးသားတာဖြစ်ပြီး အားလုံးဟာ ရုပ်ရှင်ကြည့်သူရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်နိုင်ခဲ့ပါတယ်။
သမီးရည်းစား ချစ်စကားပြောခန်းတွေ၊ အသည်းကွဲဝေဒနာသည်တစ်ယောက်ရဲ့ နှလုံးသားရင်ဖွင့်ခန်းတွေမှာ သူသုံးသွားခဲ့တဲ့ စကားလုံးတွေက တော်တော်ကောင်းပါတယ်။
(ဟိန္ဒီလို ကျွန်တော်မတတ်ပါဘူး။ အင်္ဂလိပ်လို စာတန်းထိုးတဲ့ စကားလုံးတွေကတော့ တော်တော်ပြောင်မြောက်ပါတယ်။ မူရင်းကောင်းလို့ ဘာသာပြန်ကောင်းတာလို့ပဲ ယူဆပါတယ်။)
ဒါရိုက်တာကြီး Yash Chopra က ဒီဇာတ်ကားရဲ့ Romantic Scene တွေအားလုံးကို
သူ့သား Aditya Chopra ကို ရိုက်ခိုင်းပါတယ်။ ခေတ်နဲ့လိုက်လျောညီထွေရှိအောင် သူ့သားကို ရိုက်ခိုင်းခဲ့တာပါ။
သူ့သား Aditya Chopra ဟာလည်း ဒိုင်ယာလော့ခ်အရေးကောင်းသလို
ချစ်ခန်းကြိုက်ခန်းရိုက်တာလည်း ထူးချွန်ခဲ့ပါတယ်။
နောက်ပြီးတော့ ဇာတ်ဝင်တေးရေးဆရာကိုလည်း ကျွန်တော်ချီးကျူးမိပါတယ်။
သီချင်းစာသားတွေဟာ ဇာတ်ဝင်ခန်းနဲ့ အထူးကိုက်ညီမှုရှိပြီး ဒိုင်ယာလော့ခ်ကိုလည်း အထောက်အပံ့ပြုနိုင်ခဲ့ပါတယ်။ အကောင်းဆုံးဇာတ်ဝင်တေးသီချင်းစာသားဆုကို ရယူဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘောလိဝုဒ်ဇာတ်ကားကြည့်ရင် သီချင်းဆိုပြီးကတဲ့အခန်းဆို ရစ်ပစ်ကြတဲ့ ပရိသတ်တွေ ဒီဇာတ်ကားမှာတော့ မရစ်ကြပါနဲ့။ နားထောင်ကြည့်လိုက်ပါ။ ရင်ထဲစွဲသွားစေမှာ အမှန်ပါ။
ဒီလိုမျိုး အဘက်ဘက်က ပညာရှင်တွေ သူ့ထက်ငါ လက်စောင်းထက်ခဲ့ကြတဲ့
ဒီဇာတ်ကားကို Movie Locos ဖန်တွေ ကြည့်ကြည့်ကြပါဦးလို့....။
ရုပ်ရှင်ကြည့်ရန် Movie Locos ကိုနှိပ်ပါ။







0 comments:
Post a Comment