DSL နှင့် ADSL Connection ဆိုတာ...


ကျွန်တော်တို့ အခု ဆိုရင် တော်တော်များများ အင်တာနက်သုံးနေကြတယ်။ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ internet connection တွေထဲက ADSL Connection အကြောင်း နည်းနည်း ရေးချင်စိတ်ပေါ်လာလို့ ရေးလိုက်တာပါ။
 နေ့လည်ခင်းပျင်းပျင်းနဲ့ ရေးလိုက်တာက တစ်ကြောင်း ၊ ကျွန်တော့် knowledge ပြည့်စုံမှု မရှိတာက တစ်ကြောင်း ၊ ကျွန်တော်ကိုယ်တိုင်လဲ လေ့လာနေတဲ့သူ ဖြစ်တာက တစ်ကြောင်း ပေါ့ ..အားလုံးပဲ … နားလည်ပေးကြပါ။
ပထမဆုံး ပြောချင်တာက Internet ဆိုတာကြီးက ဘယ်လိုကြီးလဲ ။ ဘယ်လိုမျိုး ဖွဲ့စည်းထားတာလဲ။
အင်တာနက်ဆိုတာ တစ်ကယ်တော့ လွယ်လွယ်ပြောရရင် LAN တွေအများကြီးချိတ်မိပြီး WAN လို့ခေါ်တဲ့ ကွန်ယက်ကြီးတစ်ခုပါ။ သူ့ကို Internet လို့ခေါ်ကြတာပေါ့။ ပြောရရင် အင်တာနက်က Router တွေနဲ့ ဖွဲ့စည်းထားပါတယ်။
 (Router  ဆိုတာအလွယ်ဆုံးပြောရရင် မတူညီတဲ့ network တွေကို connection မိအောင် ချိတ်ဆက်ပေးတဲ့ device ပေါ့)
 တစ်နိုင်ငံနဲ့ တစ်နိုင်ငံ Backbone ကြိုးတွေ ၊ PSTM ဖုန်းလိုင်းတွေ ၊ Router တွေနဲ့ network တွေ မိနေအောင် လုပ်ထားကြတာပေါ့။
ADSL ဆိုတာ မြန်မာပြည်က အင်တာနက်ဆိုင်တွေ တော်တော်များများ သုံးကြတဲ့ Internet Connection အမျိုးအစားတစ်ခုပါ။ နည်းပညာ တစ်ခုပေါ့။ သူ့ရဲ့နာမည်အပြည့်အစုံက Asymmetric Digital Subscriber Line လို့ခေါ်ပါတယ်။ ADSL ဆိုတဲ့ Internet Connection ကြီး မပေါ်ခင်တုန်းကတော့ ကျွန်တော်တို့ Intennet ကို Phone Line ကနေတစ်ဆင့် ကွန်ပျူတာမှာ Modem လေးခံပြီး Dial-up Connection ကို အသုံးပြုကြတာပေါ့။
 (Modem ဆိုတာ ကွန်ပျူတာက လာတဲ့ digital signal တွေကို တယ်လီဖုန်းလိုင်းပေါ် ဖြတ်သန်းသွားလာလို့ရအောင် Analog Signal အဖြစ်ပြောင်းခြင်း နဲ့ တစ်ခါ တယ်လီဖုန်း လိုင်းက လာတဲ့ Analog Signal ကို ကွန်ပျူတာ နားလည်နိုင်တဲ့ Digital Signal အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ခြားခံ Device ဖြစ်ပါတယ်) 
ဒါပေမဲ့သူက connection အရမ်းနှေးတယ်။ Speed ကလဲ Theory အရ 56 Kbps ပဲရတယ်။ တစ်ကယ့်လက်တွေ့မှာက အိပ်ရေးပျက်ခံပြီး သန်းခေါင်ကျော် ၂ နာရီ ၃ နာရီလောက် ထသုံးမှ 30Kbps လောက်ပဲရတယ်။ နောက်ပြီး အင်တာနက် သုံးနေရင် ဖုန်းပြောလို့မရဘူး ။ ဖုန်းပြောနေရင် အင်တာနက် သုံးလို့မရပါဘူး။ တစ်ခါတစ်လေ အင်တာနက်လေး သုံးလို့ ကောင်းနေရင် ဖုန်းက ထလာတယ်။ 
စိတ်ဒုက္ခတော်တော်ရောက်ခဲ့ကြရတယ်ပေါ့။ 2008 တုန်းက ကျွန်တော် ပခုက္ကူက ဓါတ်ပုံဆိုင်တစ်ခုမှာ Dial up လေးနဲ့အင်တာနက် သုံးဖူးတယ်။webpage တစ်ခုကျဖို့ တော်တော်စောင့်ရတယ်။ နောက် သုံးကောင်းလိုက် ဖုန်းလာလိုက်နဲ့ စိတ်တော်တော် ဆင်းရဲရတယ်။ အခုအချိန်ထိ ဟိုပင်မြို့က ကျွန်တော့်သူငယ်ချင်း တစ်ယောက် Dial-Up လေးနဲ့ နှစ်ပါးသွားနေရတုန်းပဲဗျာ။
  အဲဒီ Dial-Up Connection ကသူရဲ့ အမြင့်ဆုံး speed ကတောင် Theory အရက 56 Kbps ထိပဲရတယ်ဆိုတော့ နောက်ပိုင်း ဘယ်လိုမှ အဆင်မပြေတော့ဘူးပေါ့။ ဒီနေ့ ကျွန်တော်တို့အသုံးပြုပုံနဲ့ဆို ပိုတောင်ဆိုးဦးမယ်။ website တွေကလဲ အလန်းတွေကြီးပဲ။ webpage တွေတော်တော်များများက Graphic တွေ ၊ Animation တွေနဲ့ လန်းလန်းလေးတွေကြီးပဲဆိုတော့ dial-up နဲ့ဆို webpage တစ်ခုကြဖို့ တော်တော် အချိန်ပေးရလိမ့်မယ်။  အဲလိုနဲ့ နောက်ပိုင်း 1990ပြည့်နှစ်အလယ်လောက်မှာ DSL ဆိုတဲ့ Internet WAN Connection ကို စပြီးအသုံးပြုလာခဲ့ကြတာပါ။
 ဒီနေရာမှာ ကျွန်တော့်ရဲ့ knowledge လေးနဲ့ internet သမိုင်းကြောင်းတွေ ဘာတွေ မရေးတော့ပါဘူး။ ADSL Connectoin အကြောင်းကိုပဲ ပြောပါ့မယ်။ တစ်ကယ်တော့ ADSL ဆိုတာ DSL အမျိုးအစားထဲက တစ်ခုပါ။ ဘယ်လို connection မျိုးလဲ ဆိုတာကို နားလည်လွယ်အောင်ရေးရရင် သူလည်း Dial-Up လို တယ်လီဖုန်းလိုင်းနဲ့ အသုံးပြုတာပါပဲ ။ ဒါပေမဲ့ Dial-Up လို ဖုန်းပြောနေရင် အင်တာနက် သုံးလို့မရတဲ့ ပြဿနာမျိုး မရှိတော့ပါဘူး။ တယ်လီဖုန်းလိုင်းတစ်လိုင်းတည်းကို analog signal လို့ခေါ်တဲ့ (Voice) နဲ့ Share လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ DSL conection မှာလည်း ကျွန်တော်တို့က ADSL လောက်ပဲ သိ့ကြလို့ပါ။ တစ်ကယ်တော့ DSL Connection မျိုးကွဲတွေ ရှိပါသေးတယ်။
DSL Connection အမျိုးအစားများ
ADSL(Asymmetric DSL) - သူ့ရဲ့ speed က maximum Send Speed 800 Kbps ကနေ maximum receive speed 8 Mbps ထိရှိပါတယ်။ နောက် အင်တာနက်အသုံးပြုတဲ့ user နဲ့ တယ်လီဖုန်းအိတ်ချိန်း (Central Office) CO ကြားအကွာအဝေးက  18,000 ft ရှိပါတယ်။ သူထက်ပိုခဲ့မယ်ဆိုရင်တော့ speed ကျတာတို့ ဘာတို့ ဖြစ်နိုင်တာပေါ့။ အခုတော့ မဝေးလဲ ကျနေတာပါပဲ ။ phone နဲ့ အင်တာနက် တစ်ပြိုင်တည်း အသုံးပြုလို့ရပါတယ်။
SDSL(Symmetric DSL) - သူ့ရဲ့ speed က maximum Send Speed 2.3 Mbps ပါ။ အမြင့်ဆုံး ရနိုင်တဲ့ receive speed ကလဲ 2.3 Mbps ပါပဲ။ upstream နဲ့ downstream speed တူတာပေါ့။ သူ့ကိုတော့ Banking System တွေမှာ အသုံးများကြပါတယ်။ အကွာအဝေးကတော့ 22,000 ft ထိရပါတယ်။
VDSL(Very High Speed DSL) – ဒီနည်းပညာကတော့ ကိုရီးယားတို့ ၊ ဂျပန်တို့မှာ အများဆုံး အသုံးပြုတဲ့ နည်းပညာပေါ့။ maximum Send Speed 16 Mbps ကနေ maximum receive speed က 52 Mbps ထိရပါတယ်။ user နဲ့ Co တို့ကြား အကွာအဝေးကတော့ 4000 ft ပဲရှိပါတယ်။ ဒီ connection မျိုးသာ ကျွန်တော်တို့ သုံးရရင် ဘယ်လောက်ကောင်းမလဲ ။
ADSL Connection ဆိုတာဘာလဲ ????


Asymmetric Digital Subscriber Line လို့ခေါ်တဲ့ ADSL ကိုကျွန်တော်တို့ အသုံးပြုနေကြတယ်။ အဲဒီ ADSL ကို ကျွန်တော်တို့က ဘယ်ကနေ ဘယ်လိုယူ လို့ ဘယ်လို အသုံးပြုကြရတယ်ဆိုတာကို နည်းနည်း ပြောချင်ပါတယ်။ ADSL ကို ဖုန်းလိုင်းကနေ အသုံးပြုတယ်ဆိုတာ အပေါ်မှာလဲ ကျွန်တော်ရေးခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ Userဘက်မှာ ADSL Internet လိုင်းကို အသုံးပြုဖို့ Digital Phone လိုင်းတစ်လိုင်းတော့ သေချာပေါက် ရှိရမှာပေါ့။ နောက်တစ်ခု အဲဒီ ဖုန်းလိုင်းကို ကွန်ပျူတာမှာ အင်တာနက် အသုံးပြုလို့ရဖို့အတွက် ADSL Modem တစ်ခု ရှိရပါမယ်။  
ဒါဆိုရင် ကျွန်တော့်တို့ရဲ့ ဖုန်းလိုင်းက ဘယ်ကလာလဲ။ အားလုံးသိ့တဲ့အတိုင်းပါပဲ ဖုန်းလိုင်းဆိုမှတော့ Phone Exchange ရုံးကနေ လာပါတယ်။ အဲဒီ ဖုန်း Exchange ရုံးက ကျွန်တော့်တို့ကို အင်တာနက်ပေးဖို့အတွက် DSLAM လို့ခေါ်တဲ့ Network Device တစ်ခု ထိုင်ထားရပါတယ်။
 (DSLAM သည် DSL Signal တွေကို Digital Signal အဖြစ်ပြောင်းပြီး ISP (Internet Service Provider) ရုံးရဲ့ Router (gateway-ထွက်ပေါက်/ တစ်နည်းအားဖြင့် အင်တာနက် ထွက်ပေါက်ပေါ့) ဆီကို ပို့ပေးပါတယ်) နောက်တစ်ခု Exahange ရုံးမှာ ထိုင်ထားတဲ့ DSLAM က Voice (အသံ)နှင့် Data ကိုခွဲထုတ်ပေးတဲ့ အလုပ်ကိုလည်း လုပ်ဆောင်ပေးရပါတယ်။ 
အဲဒါကြောင့် ကျွန်တော်တို့က အင်တာနက်လည်း သုံးလို့ရမယ်။ ဖုန်းလည်း ပြောလို့ရတာပေါ့။ တစ်ကယ်တော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ISP (Internet Service Provider) ကြီးက
 တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကြီးဖြစ်တဲ့ Internet ကြီးနဲ့ချိတ်ဆက်ထားမယ်။ အဲဒီ ISP ကြီးက ဘာနဲ့သွားပြီးချိတ်ဆက်ထားလဲဆိုရင် ဥပမာ PSTN(Public Switch Telephone Network) လို့ခေါ်တဲ့ Telephone Network ကြီးနဲ့ချိတ်ဆက်ထားမယ်။ 

အဲဒီ PSTN ကွန်ရက်ထဲကပဲ ကျွန်တော်က Phone Exchange တစ်ခုကို ဆွဲထုတ်ပြီးပြောပြတာပါ။ အဲဒီ Phone Exchange ရုံးမှာ ရှိတဲ့ DSLAM Device က Internet Connection ရတဲ့ Line ကြီးနဲ့ ချိတ်ထားမယ်။ အဲဒီကနေမှ Phone Line ပွားတွေကို ပြန်ထွက်ပြီး ADSL Modem နဲ့ ပြန်ချိတ်ဆက်လိုက်တဲ့အခါ ကျွန်တော်တို့က ဖုန်းနဲ့ အင်တာနက် ကို တစ်ပြိုင်တည်း အသုံးပြုလို့ရသွားတာပါပဲ။ ကျွန်တော် ရှင်းပြနေတာ ရှုပ်နေလား မသိ့ဘူး ။ ရှုပ်နေရင်လည်း ကျွန်တော့် ညံ့လို့ပဲဖြစ်မှာပါ။ နားလည်ပေးကြပါနော်။ အခု ကျွန်တော်တို့ အသုံးပြုနေတဲ့ ADSL Modem မှာဆိုရင် ADSL, ADSL2 နဲ့ ADSL 2+ ဆိုပြီးရှိပါတယ်။
 
ရိုးရိုး ADSL ကတော့ Download Speed 8 Mbps ၊ Upload Speed 1 Mbps ရပါတယ်။ နောက် ADSL2 Modem က Download Speed 12 Mbps နဲ့ Upload Speed 1 Mbps ရပါတယ်။ ADSL 2+ ကတော့ Download Speed 24 Mbps နဲ့ upload Speed 1 Mbps ရပါတယ်။ အဲလောက်ဆိုရင်တော့ အဆင်ပြေမယ် ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာနေတဲ့သူဖြစ်တဲ့ အတွက် အမှားအယွင်းတွေ ပါခဲ့ရင် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါတယ် ။ နားလည်ပေးကြပါ။

Ref : http://theoneitmobile.blogspot.com


0 comments:

Post a Comment