ဓားသံတချွင်ချွင်နဲ့ ဂျပန်ဇာတ်ကား Rurouni Kenshin




မင်းတုန်းမင်းနဲ့ ခေတ်ပြိုင်ဘုရင်ဖြစ်တဲ့ ဂျပန်ဘုရင်
မီဂျီဟာ ဂျပန်ပြည်ကို တစ်ခေတ်ပြောင်းစေခဲ့သူပါ။
သူ့လက်ထက်မှာ အနောက်နိုင်ငံတော်တော်များများကို ပညာတော်သင်တွေ လွှတ်ပါတယ်။
ရာနဲ့ချီပြီး လွှတ်ပါတယ်။
မင်းတုန်းမင်းလည်း ပညာတော်သင် လွှတ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ မြန်မာဘုရင် စေလွှတ်ခဲ့တာဟာ စက်မှုပညာသင်ဖို့အတွက်သာ ဖြစ်ပါတယ်။

ဂျပန်ဘုရင် မီဂျီ စေလွှတ်ခဲ့တဲ့ ပညာတော်သင်တွေဟာ အစုံပါပဲ။
အနောက်တိုင်းသားတွေ ဘယ်လိုဝတ်တယ်၊ ဘယ်လိုစားတယ်၊
ဘယ်လိုနေထိုင်ကြတယ်ဆိုတာက အစပြုလို့
စက်မှုပညာ၊ လက်မှုပညာပါမကျန် သင်ခိုင်းပါတယ်။
အနောက်တိုင်းဆေးပညာကိုပါ လေ့လာခိုင်းပါတယ်။
ကုန်ကုန်ပြောရရင် အနောက်တိုင်းသားတွေ အိမ်သာတက်တာကိုပါ လေ့လာခိုင်းတယ်။ သူတို့ဘယ်လိုအိမ်သာတက်တယ်ဆိုတာ ပုံဆွဲပြီးတော့ ပြန်ယူလာရတယ်။
ဘုရင်ကို ပြန်ပြရတယ်။
ဂျပန်တွေက အဲသလို မီးကုန်ယမ်းကုန် အတတ်စုံ ပညာကုန် သင်တာပါ။

ဂျပန်ဘုရင် မီဂျီဟာ ဂျပန်တို့ရဲ့ ရိုးရာအစဉ်အလာကို တစ်ခေတ်ပြောင်းစေပြီး
ကမ္ဘာကို ရင်ဘောင်တန်းနိုင်အောင် ကြိုးစားခဲ့သူပါ။
အပြောင်းအလဲလုပ်တဲ့သူတွေ ခံစားလေ့ရှိကြတဲ့ဒုက္ခကတော့
မပြောင်းလဲချင်သူတွေရဲ့ တိုက်ခိုက်မှုပါပဲ။
ဒါ့ကြောင့် မပြောင်းလဲချင်သူ ဆာမူရိုင်းတို့နဲ့
 ပြောင်းလဲချင်သူ ဂျပန်ဘုရင်မီဂျီတို့ ထိပ်တိုက်တွေ့ကြပါတယ်။
ဒီအကြောင်းကို The Last Samurai ဆိုတဲ့ မင်းသား Tom Cruise ဇာတ်ကားမှာလည်း
ကျွန်တော်တို့ တွေ့ခဲ့ပြီးသွားပါပြီ။

Battle of Toba-Fushimi (တိုဘာ-ဖူရှီမီ တိုက်ပွဲ) ဟာ ဂျပန်တို့ရဲ့
 ခေတ်ပြောင်းတော်လှန်ရေးကို အခြေခိုင်စေခဲ့တဲ့ တိုက်ပွဲပါ။ 
အဲဒိပွဲမှာ ဂျပန်အင်ပါယာတပ်မတော်ကြီး အနိုင်ရပြီး shogunate တွေ ရှူံးသွားပါတယ်။
 ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအစဟာ ဒီတိုက်ပွဲပါပဲ။ 
ဒီတိုက်ပွဲမှာ Hitokiri Battōsai (သွေးဆာလွန်းတဲ့ လူသတ်သမား) လည်း ပါဝင်တိုက်ခိုက်ပါတယ်။
 သူတို့ နိုင်ပြီ၊ တိုင်းပြည်ကြီးတော့ ဆူပူမှုတွေမရှိတော့ဘူး၊ 
ငြိမ်းချမ်းသွားပြီဆိုတာ သိလိုက်ရတဲ့နောက် Battosai တစ်ယောက်လည်း 
စစ်မြေပြင်ကနေ တစ်ယောက်တည်း ထွက်ခွာသွားပါတယ်။ 
သူ့ရဲ့ လက်စွဲတော် ဓားကို မြေမှာစိုက်ခဲ့ပါတယ်။ 
ဆာမူရိုင်းကမ္ဘာဟာ သူနဲ့ သက်ဆိုင်ခြင်း မရှိတော့ပါဘူး။

ဆယ်စုနှစ်တစ်ခုကြာတဲ့အခါ Battosai တစ်ယောက် ပြန်ပေါ်လာပါတယ်။
 မြို့မှာ လူသတ်မှုတွေ ခဏခဏဖြစ်ပါတယ်။
သတ်ပြီးသွားရင် အလောင်းပေါ်မှာ Battosai လို့ ရေးထားတဲ့ စာရွက် ထားထားသွားပါတယ်။
လူတွေက သွေးဆာလွန်းတဲ့ လူသတ်သမား Battosai ကို အကြောက်ကြီး ကြောက်လန့်နေကြပါပြီ။
တကယ်တော့ လူသတ်တာဟာ Battosai မဟုတ်ပါဘူး။
သူနဲ့ ရန်ငြှိုးရှိခဲ့တဲ့ တစ်ခြားသူတွေက သူ့ကို အပုတ်ချချင်လို့ လုပ်နေတာပါ။
သူတို့က ဘာလို့ ဒီလိုလုပ်ကြသလဲ၊ ဒီကိစ္စကို Battosai တစ်ယောက် ဘယ်လိုဝင်ရှင်းသလဲဆိုတာ ကြည့်ကြည့်ကြပါဦး။

ဒီဇာတ်ကားဟာ ခေတ်ပြောင်းတော်လှန်ရေးကာလကို အခြေခံထားတာဖြစ်တဲ့အတွက် ခေတ်ပြောင်းစနစ်ပြောင်းမှာ ဘာတွေဖြစ်တတ်တယ်ဆိုတာ လေ့လာရမှာပါ။
 နောက်ပြီး ခေတ်တစ်ခေတ်ပြောင်းတိုင်း သူဌေးကြီးတွေ အသစ်ပေါ်လာတာကိုလည်း တွေ့ကြရပါမယ်။ အနောက်တိုင်းယဉ်ကျေးမှုကို စတင်ကျင့်သုံးတဲ့နောက် ဆာမူရိုင်းတွေရဲ့ဘဝ ဘယ်လိုအနှိမ်ခံခဲ့ရတယ်ဆိုတာလည်း မြင်ကြရမှာပါ။

ကီမိုနိုဝတ်စုံဝတ်ပြီး Sakabatō ဓားကြီးကို ကိုင်လို့ မာန်ပါတဲ့ တိုက်ကွက်တွေဟာ 
တရုတ်သိုင်းကားတွေနဲ့ မတူတဲ့ ရသတစ်ခုကို ပေးနိုင်မှာပါ။ 
ဂျပန်ဆာမူရိုင်းကားတွေဆို မလွတ်တမ်း ကြည့်တတ်တဲ့ ကျွန်တော့်တွက် ဒီဇာတ်ကားကလည်း အကြိုက်ဆုံးဇာတ်ကားတစ်ကားပါပဲ။

 နာမည်ကြီး ဂျပန် manga series ဖြစ်တဲ့ Rurouni Kenshin ကို
 ပြန်ရိုက်ထားတဲ့ နာမည်တူ Rurouni Kenshin るろうに剣心 
ဒီဇာတ်ကားကို Warner Bros က ဖြန့်ချိပေးထားပါတယ်။ 
ဒီလောက်ဆိုရင် ဒီဇာတ်ကား ဘယ်လောက်ကောင်းတယ်ဆိုတာ ခန့်မှန်းလို့ရလောက်ပါပြီ။ ကျွန်တော်ကတော့ ဒီတစ်ခါနဲ့ဆို ပြန်ကြည့်တာ သုံးခါရှိနေပါပြီ။

ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နာမည် Rurouni ဆိုတာက Ronin ဆိုတဲ့စကားလုံးကို ဆင့်ပွားတီထွင်ထားတာပါ။ 47 Ronin ကြည့်ဖူးသူများ Ronin ရဲ့ အဓိပ္ပာယ်ကို သိပါလိမ့်မယ်။

ကြည့်ရန် Movie Locos ကိုနှိပ်ပါ။

ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။


0 comments:

Post a Comment