ဆက်သွယ်ရေး တာဝါတိုင်၂၄၀၀ ကျော် ယခုနှစ်မကုန်မီ တယ်လီနော အပြီးတည်ဆောက်မည်


ရန်ကုန်၊ ဧပြီ  ၂၄

တယ်လီနောက ယခုနှစ်အတွင်း နိုင်ငံအနှံ့ မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် (Base Stations အဆောက်အအုံများ အပါအဝင်) ပေါင်း ၂၄၀၀ ကျော် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

၎င်းတို့က မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး တာဝါတိုင်နှင့် Base Stations များအပါအဝင် ဆက်သွယ်ရေး လုပ်ငန်းနှင့် သက်ဆိုင်သည့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် အိန္ဒိယ အခြေစိုက်ကုမ္ပဏီ Apollo Towers နှင့် စင်ကာပူ အခြေစိုက် ကုမ္ပဏီ Irrawaddy Green Technology (IGT) တို့ကို ရွေးချယ်ထားပြီး တာဝါတိုင် စတင်တည်ဆောက်နေပြီ ဖြစ်သည်။

အဆိုပါ ဆက်သွယ်ရေး တာဝါတိုင်များနှင့် ချိတ်ဆက် ဆောင်ရွက်မည့် Core Network Data Center နှစ်ခုကိုလည်း ရန်ကုန်နှင့် မန္တလေးတို့တွင် တရုတ်ကုမ္ပဏီ Huawei၊ ဆွီဒင်ကုမ္ပဏီ Ericsson တို့နှင့် ပူးပေါင်း တည်ဆောက်နေပြီး ရန်ကုန်ရှိ Data Center သည် ယခုလဆန်းပိုင်းက စတင်လည်ပတ်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံး ဖုန်းလိုင်းမိစေရန်မှာ မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် နှစ်သောင်းခန့် တည်ဆောက်ရန် လိုအပ်ပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တာဝါတိုင် ၂၀၀၀ ခန့် တည်ဆောက်ထားပြီး ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနထံမှ သိရှိရသည်။

တည်ဆောက်ပြီး တာဝါတိုင်များအပြင် တယ်လီနော၊ အော်ရီဒူး၊ ရတနာပုံ တယ်လီပို့နှင့် MPT မှ ထပ်မံဆောက်လုပ်မည့် တာဝါတိုင်များကို အော်ပရေတာများ အားလုံး မျှဝေ သုံးစွဲသွားမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်မှု ပမာဏ ၉၀ ရာခိုင်နှုန်းနှင့် ဖုန်းသိပ်သည်းဆ ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိ ရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။

“တာဝါတိုင်တွေက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအတိုင်း ဆောက်ရတာဆိုတော့ မြန်မြန်ဆောက်လို့တော့ ရမှာမဟုတ်ဘူး။ တဖြည်းဖြည်းချင်းပဲ သွားရမှာပဲ။ အော်ပရေတာတွေ အားလုံး ဝိုင်းဆောက်ပြီး Share သုံးမှရမယ်။ အခု တိုင်းပြည်မှာက တာဝါတိုင် တော်တော်ကို လိုအပ်နေသေးတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။

အခြားပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သည့် အော်ရီဒူးမြန်မာ ကုမ္ပဏီ၏ ဆက်သွယ်ရေး ကွန်ရက်အတွက် လိုအပ်သော မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင်များကို ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ FMI နှင့် နာမည်ကျော် ဂျမေကာ ဆက်သွယ်ရေး ကုမ္ပဏီ Digicel တို့ ပူးပေါင်းတည် ထောင်ထားသည့် Myanmar Towers ကုမ္ပဏီက တည်ဆောက်နေသည်။

 
The Voice Weekly


0 comments:

Post a Comment