မြို့ရိုးလေးနဲ့ မြို့ကလေး

 မြို့လေးကို မြို့ရိုးလေးက ခြံစည်းရိုးခတ်သလို ခတ်ထားတယ်။ မြို့လေးမှာ စမ်းချောင်းရှိတယ်။ သစ်ပင်တွေ ရှိတယ်။ မြစ်တစ်စင်းနဲ့ အင်းတစ်ခုလည်း ရှိတယ်။ အဲဒီ မြစ်နဲ့ အင်းထဲမှာငါးတွေရှိ တယ်။ ပြီးတော့ မြို့လေးမှာ အတော်အတန် ကျယ်ဝန်းတဲ့ မြက်ခင်းပြင်ကြီးရှိတယ်။ မြို့လေးမှာ နေထိုင် သူတွေဟာ စပါးနဲ့ ဟင်းသီးဟင်းရွက် အစုံကို စိုက်ပျိုးကြတယ်။
ပြီးတော့ ငါးမျှားကြတယ်။ အဲဒီမြို့လေးဟာ မိုးတစိမ့်စိမ့် အမြဲရွာနေတတ်တယ်။ ဆောင်းညဘက်ဆို အေးချမ်းလွန်းလို့ လူတွေဟာ မီးပုံပွဲတွေ လုပ်ကြတယ်။ မီးပုံပွဲမှာ သီချင်းတွေ ဆိုကြတယ်။ အဲဒီ သီချင်းတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် သံစဉ် သီချင်းတွေပေါ့။

အဲဒီ အထိ အဆင်ပြေပါတယ်။

ခက်သွားတာက တစ်ရက်မှာပေါ့။

မြို့လေးရဲ့ မြို့ရိုးတစ်နေရာမှာ အပေါက်အပြဲတစ်ခု ရှိနေတယ်။ အဲဒါကို ဘယ်သူမှ သတိမထားမိကြဘူး။ အဲဒီအပေါက်ကနေ တစ်ရက် လူတစ်ဦး ၀င်လာတယ်။ သူ့ပုံစံက အရာအားလုံးကို မေ့မျှောနေတဲ့ ပုံစံမျိုး။ သူလမ်းလျှောက်ပြီး ၀င်လာတာက လေထဲမှာ လွှင့်နေသလိုမျိုး။ မြို့သူ၊ မြို့သားတွေက သူစိမ်းတစ်ယောက်ကို တွေ့တော့ သူစိမ်းတစ်ယောက်မှန်း ချက်ချင်း သိကြတယ်။ အချင်းချင်း လက်တို့ကြတယ်။ မေးငေါ့ကြတယ်။ ဘယ်သူလဲ။ ဘယ်ဝှာလဲ။ ဘယ်က ရောက်လာတာလဲ။ မြို့ရိုးတစ်နေရာရာမှာ အပေါက်အပြဲတစ်ခုတော့ ရှိနေပြီဆိုတာ အားလုံး နားလည်လိုက်ကြတယ်။

သူစိမ်းကတော့ ဘာကိုမှ ဂရုပြုမိပုံမပေါ်။ တစ်လှမ်းချင်း တစ်လှမ်းချင်း လမ်းလျှောက်နေတယ်။ သူဘယ်ကို သွားမှာလဲ။ ဘယ်က လာတာလဲ။ သို့လော၊ သို့လော တွေးနေကြပြီ။ အဲဒီ သတင်းဟာ ချက်ချင်း မြို့ဝန်မင်းဆီ ရောက်သွားတယ်။

“ဘာကွ
သူစိမ်းတစ်ယောက် ရောက်နေတယ် ဟုတ်လား”

မြို့ဝန်မင်းဟာ ချက်ချင်းဆိုသလို အံသြထိတ်လန့်သွားတယ်။

“မြို့ရိုးကို စစ်ဆေးတဲ့ လူတွေ လာစမ်း”

စစ်ဆေးရေးနဲ့ ကာကွယ်ရေး ၀န်ထမ်းတွေ ခေါင်းငုံနေကြတယ်။ သူတို့ဟာ မနေ့ညက မီးပုံပွဲမှာ အရက်အလွန်အကျွံသောက်ပြီး မြို့ရိုးကို မစစ်ဆေးခဲ့ကြဘူး။ မကာကွယ်ခဲ့ကြဘူး။ မစောင့်ရှောက်ခဲ့ကြဘူး။ သူတို့မှာ အပြစ်ရှိနေတယ်။ သူတို့အားလုံး မြို့ဝန်မင်းကို ကြောက်နေကြတယ်။
မြို့လေးမှာ အဲဒီသတင်းဟာ နေရာအနှံ့ ရောက်ရှိသွားပြီ။

“ဘာ…
သူစိမ်းတစ်ယောက် ဟုတ်လား”
“ဖမ်းမယ်ကွာ”
“အေး.. သတ်ပစ်မယ်ကွာ”
“မလုပ်ပါနဲ့ … ဘယ်သူ ဘယ်ဝှာ စုံစမ်းပါဦး”

အားလုံးဟာ ကိုယ့် ထင်ရာကိုယ် ပြောကြပြီ။ အချို့ကလည်း သူစိမ်းမမြင်ဖူးလို့ အပြေးသွားကြည့်ကြတယ်။ သူစိမ်းလူကတော့ လမ်းလျှောက်လျက်ပါပဲ။

ဒီလိုနဲ့ပေါ့။
မြို့ဝန်မင်းက အမိန့်ထုတ်လိုက်တယ်။
“အဲဒီသူစိမ်းကို ဖမ်းပြီး ငါ့ရှေ့တော်ကို တင်သွင်းစေ”

မြို့လေးရဲ့ စစ်သူကြီးများနဲ့ စစ်သည်များ အားလုံး သူစိမ်းရှိရာကို ပြေးကြပြီ။ ခက်တာက သူစိမ်းဟာ ဘယ်ရောက်သွားမှန်း မသိပြန်ဘူး။ လူတွေကို မေးကြတယ်။

“အဲဒီလူ ဘယ်ဘက် ထွက်သွားလဲ”
တွေ့မိတဲ့သူတွေက လမ်းညွှန်ကြတယ်။
“စမ်းချောင်းလေးရဲ့ အဆုံးကို သူသွားနေပုံရတယ်”

အချို့ကလည်း လယ်ကွင်းတွေဘက် သွားတယ်လို့ ဆိုတယ်။ အချို့ကလည်း မြို့လယ် လမ်းမကြီး တည့်တည့် လျှောက်သွားတာပါတဲ့။ စစ်သူကြီးများ ဘယ်ကို လိုက်ရမှန်း မသိ။ ပြည်သူတွေက တစ်ယောက်တစ်မျိုး ဆိုနေကြပြီ။ မြို့ဝန်မင်းကလည်း သူစိမ်းကို မဖမ်းမိရင် သူတို့ကို အပြစ်ပေးတော့မယ်။ ဒါနဲ့ စစ်သည်တွေဟာ အဖွဲ့တွေ ခွဲပြီး တစ်မြို့လုံး အနှံ့ ရှာဖွေကြတယ်။

မြို့လေးဟာ သေးသေးလေးပေမယ့် သူစိမ်းကို သူတို့ လွယ်လွယ် ရှာမတွေ့ကြဘူး။
“သူစိမ်း ပုန်းနေတာ ဖြစ်မယ်”
“ငါတို့မြို့ကို ဒုက္ခ ပေးမှာ များလား”
“မဖြစ်လောက်ပါဘူး သူ့ပုံစံက ဒုက္ခသည်နဲ့တောင် တူသေး”
“ဘယ်ပျောက်သွားတာလဲ သစ်ပင်ပေါ် တက်အိပ်နေတာများလား”
အားလုံး အတွေးကိုယ်စီနဲ့ လိုက်ရှာနေကြပြီ။

ဒီလိုနဲ့ပေါ့။
လေးရက်မြောက်နေ့မှာ သူစိမ်းဟာ မြို့မ လမ်းကြီးပေါ် ရောက်လာခဲ့တယ်။ ထုံးစံအတိုင်း လမ်းလျှောက်လာတယ်။
“သူစိမ်းဟေ့ တွေ့ပြီဟေ့
ဖမ်းဟေ့ ရိုက်ဟေ့
ဝိုင်းဟေ့”
ဒီလိုနဲ့ သူစိမ်းဟာ အဖမ်းခံလိုက်ရပြီး မြို့တော်ဝန်ဆီ ခေါ်ဆောင်သွားခံလိုက်ရတယ်။

ဒီလိုနဲ့ပေါ့။ ငါးရက်မြောက်နေ့မှာ မြို့လေးဟာ ခြောက်ကပ်သွားတယ်။ မြို့သူ၊ မြို့သားတွေဟာ ဘာအလုပ်မှ မလုပ်ကြတော့ဘူး။ သူစိမ်းကို တရားစီရင်ခန်းမှာ လူအားလုံး စိတ်ဝင်စားပြီး သွားကြည့်နေကြတယ်။

သူစိမ်းရဲ့ လက်တွေကို နောက်ပြန် ကြိုးတုပ်ထားတယ်။ ဒူးကွေးထားပြီး ခြေတွေကိုလည်း ကြိုးနဲ့ တုပ်ထားတယ်။ သူစိမ်းက ကြောက်ရွံ့ဟန်မပြ။ ရဲရင့်နေဟန်လည်း မပြ။ သူ့မျက်နှာကို ဘယ်သူမှ မဖတ်တတ်။ အဓိပ္ပါယ် မဖေါ်တတ်။ သူစိမ်းဟာ တည်ငြိမ်လွန်းနေတယ်။ မြို့တော်ဝန်ဟာ သူစိမ်းကို တစ်ချက်ကြည့်ပြီး စတင်မေးပြီ။

“မောင်မင်း ဘယ်သူလဲ
ဘယ်ကလာတာလဲ
မြို့ရိုးကို မောင်မင်း ဖျက်ဆီးပြီး ၀င်လာသလား”

မြို့သူ၊ မြို့သားတွေအားလုံး တိတ်ဆိတ်သွားကြပြီ။ သူစိမ်းဘာဖြေမလဲ။ သူစိမ်း ဘယ်သူလဲ အားလုံး သိချင်နေကြပြီ။
သူစိမ်းဟာ ခေါင်းငုံ့ထားတယ်။ ဘာမှ ပြန်မပြောဘူး။

“မောင်မင်း မေးနေတာ မကြားဘူးလား
မောင်မင်း ဘယ်သူလဲ
ဘယ်ကလာတာလဲ”

သူစိမ်းဟာ ခေါင်းငုံ့နေရာက အနည်းငယ် မော့လာတယ်။ မျက်လုံးပင့်ပြီး မြို့တော်ဝန်ကို လှမ်းကြည့်တယ်။ ပြီးတော့ သူ့ကို ၀ိုင်းကြည့်နေကြတဲ့ လူတွေကို လှည့်ကြည့်တယ်။ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်လို့။

“……………
သူစိမ်းတွေ
သူစိမ်းတွေ ၀င်လာပြီ
… သူစိမ်းတွေ …………..”

မြို့တော်ဝန်ဟာ သူစိမ်းပြန်ပြောတဲ့ စကားကို နားမလည်ဘူး။

“ဘာကွ …
မင်းကို မေးနေတာ
မောင်မင်း ဘယ်သူလဲ”
“သူစိမ်းတွေ
သူစိမ်းတွေ ၀င်လာပြီ
… သူစိမ်းတွေ …………..”

သူစိမ်းပြောနေတာ လူတွေ နားမလည်ကြဘူး။ မြို့တော်ဝန်လည်း နားမလည်ဘူး။ သူ့ကို ဘာမေးမေး အဲဒါကိုပဲ ဖြေနေတော့တာပဲ။ မေးမရတဲ့ အဆုံး စစ်သည်တွေဟာ သူစိမ်းကို ရိုက်နှက်ဆုံးမကြတယ်။ ဘယ်လိုပဲ ရိုက်နှက်ပြီး မေးမေး သူစိမ်းက အဲဒီ စကားကိုပဲ ပြောနေတော့တာပဲ။
“သူစိမ်းတွေ
သူစိမ်းတွေ ၀င်လာပြီ
… သူစိမ်းတွေ …………..”
သူစိမ်းဟာ သွေးသံရဲရဲ ဖြစ်လာပြီ။ ဘာမေးမေး မဖြေဘူး။
ညနေစောင်းပြီ။

အဲလိုနဲ့ပေါ့။
မြို့တော်ဝန်ဟာ သူစိမ်းကို သတ်စေလို့ အမိန့်ပေးလိုက်တယ်။ သူစိမ်းကို ခေါင်းဖြတ်ပြီး သတ်လိုက်ကြတယ်။ ပြီးတော့ သူစိမ်းကို မြို့ရဲ့ အနောက်ဖက် သင်္ချိုင်းမှာ မြေမြှုပ် လိုက်ကြတယ်။

အဲလိုနဲ့ပေါ့။
အဲဒီညမှာ မြို့လေးဟာ အရင်ကထက် ပိုချမ်းခဲ့ကြတယ်။ ဒါပေမယ့် ဘယ်သူကမှ မီးမလှုံခဲ့ကြဘူး။ မီးလှုံစရာလည်း မလိုခဲ့ကြဘူး။ မြို့လေးဟာ တစ်မြို့လုံး မီးလောင်သွားတယ်။ လူတွေဟာ သေကြေပျက်စီးကုန်ကြတယ်။ မြို့လေးဟာ ပြာကျသွားတယ်။ မြက်ခင်းပြင်ဟာ သွေးတွေ စွန်းပေသွားခဲ့တယ်။ စပါးခင်းတွေဟာ ခြောက်ကပ် သွားကြတယ်။ မြို့တော်ဝန်နဲ့ စစ်သည်များလည်း မီးလောင်ပြာကျသွားတယ်။ ခွေး၊ နွားတိရိစ္ဆာန်များလည်း ပြေးကြရင်း မီးလောင် သေဆုံးသွားကြတယ်။

အဲလိုနဲ့ပေါ့။

မြို့လေးဟာ မရှိတော့ဘူး။

သူစိမ်းတစ်ယောက် ၀င်လာတာကို ဖမ်းဖို့နဲ့ စစ်ဆေးဖို့ လုပ်ခဲ့ကြတဲ့ မြို့လေးပေါ့။ အဲဒီသူစိမ်းကို သတ်ပစ်လိုက်ကြတဲ့ မြို့လေးပေါ့။ လူတွေ အားလုံးဟာ မြို့ရိုး အပေါက်ကို အရင်ဖာတေး ပြုပြင်သင့်တယ်ဆိုတာ မသိခဲ့ကြဘူးလေ။

ရင်နင့်အောင်

0 comments:

Post a Comment