Lenovo က Mobile World Congress တွင် တန်ဖိုးနည်း Yoga Notebook သုံးလုံးကို မိတ်ဆက်လိုက်ပါသည်။ Windows 10 ကို ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရန် ရည်ရွယ်ထားပါသည်။ ၁၄ ၊ ၁၅ နှင့် ၁၁ လက်မ အရွယ်များဖြစ်ပါသည်။

၁၄ လက်မ Yoga 510 တွင် Intel ၏ နောက်ဆုံးထုတ် Skylake Processor ထည့်သွင်းထားပြီး ၈.၅ နာရီ အသုံးခံပါသည်။ Yoga မော်ဒယ်များဖြစ်သည့်အတွက် လက်တော့ အဖြစ် အသုံးပြုနိုင်သကဲ့သို့ ခေါက်ချိုး၍ တက်ဘလက်အဖြစ်လည်း အသုံးပြုနိုင်ပါသည်။ 256GB SSD , 8GB RAM အထိ မော်ဒယ်များစွာ ရွေးချယ်နိုင်ပါသည်။ Full HD Display တပ်ဆင်ထားသော ၁၄ လက်မ မော်ဒယ်ကို ဒေါ်လာ ၅၉၉ ၊ ၁၅ လက်မအရွယ်ကို ဒေါ်လာ ၆၉၉ ဖြင့် ဧပြီလတွင် ရောင်းချမည်ဖြစ်သည်။

Lenovo က Yoga 710 Models နှစ်မျိုးကိုလည်း ပြသခဲ့ပါသည်။ ၁၄ လက်မနှင့် ၁၁ လက်မအရွယ်များဖြစ်ပြီး Full HD Display များ တပ်ဆင်ထားပါသည်။ အရွယ်သေး အမျိုးအစားတွင် Intel ၏ နောက်ဆုံးထုတ် M5 CPU တပ်ဆင်ထားပြီး 8GB RAM, 225GB SSD Storage အထိ ရွေးချယ်နိုင်ပါသည်။ မေလတွင် ဒေါ်လာ ၄၉၉ ဖြင့် ရောင်းချမည်ဖြစ်သည်။ ၁၄ လက်မမော်ဒယ်တွင် Intel Core i7 တပ်ဆင်ထားပြီး 8GB RAM, 225GB SSD Storage အထိ ရွေးချယ်နိုင်ပါသည်။ ၁၄ လက်မ မော်ဒယ်ကို မေလတွင် ဒေါ်လာ ၇၉၉ ဖြင့် ရောင်းချမည်ဖြစ်သည်။

အခြား တက်ဘလက်တစ်လုံးမှာ Ideapad MIIX 310 ဖြစ်ပြီး ၁၀.၁ လက်မ တက်ဘလက်ဖြစ်ပါသည်။ Full HD Display , Intel Atom X5 Processor တပ်ဆင်ထားပါသည်။ ကီးဘုတ်ကို ဖြုတ်နိုင်၊ တပ်နိုင်သည့်အတွက် တက်ဘလက်၊ လက်တော့ နှစ်မျိုးသုံးဖြစ်ပါသည်။ ဇွန်လတွင် ဒေါ်လာ ၂၂၉ ဖြင့် ရောင်းချမည်ဖြစ်သည်။