Batman The Dark Knight ဇာတ်ကားမှ ထူးခြားချက်များ (အပိုင်း-၁)



-Joker အဖြစ် ပီပြင်စွာသရုပ်ဆောင်နိုင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ မင်းသား Heath Ledger ဟာ ဟိုတယ်တစ်ခုရဲ့ အခန်းထဲမှာ ခြောက်ပတ်ကြာ တစ်ယောက်တည်း ပုန်းအောင်းနေခဲ့ပါတယ်။

-အဲဒီခြောက်ပတ်ကြာ ဧကစာရီကျင့်နေတဲ့အချိန်မှာ Ledger ဟာ Joker ဇာတ်ကောင်ရဲ့ စိတ်နေစိတ်ထားကို နားလည်အောင်ကြိုးစားခဲ့ပါတယ်။

-Joker ဇာတ်ကောင်ရဲ့ စရိုက်ကို အတတ်နိုင်ဆုံး လေ့ကျင့်နေခဲ့ပါတယ်။ စကားပြောသံကအစ ပြောင်းလဲယူပါတယ်။ ရယ်တဲ့အသံကိုလည်း အထူးလေ့ကျင့်ခဲ့ပါတယ်။

-Joker ဇာတ်ကောင်ဟာ ဒါရိုက်တာ့စိတ်ကူးမဟုတ်ပါဘူး။ Ledger ရဲ့စိတ်ကူးပါ။ အဲဒီဇာတ်ကောင်ရဲ့ ပုံပန်းသွင်ပြင်ကိုလည်း Ledger စိတ်ကြိုက်ဖန်တီးထားတာပါ။ Punk Rocker ကြီး Sid Vicious ရဲ့ ပုံစံစရိုက်ရယ် A Clockwork Orange (1971) ဇာတ်ကားထဲက Malcolm McDowell ရဲ့ဇာတ်ကောင် Alex De Large ရဲ့ စိတ္တဇအမူအရာတွေကို ပေါင်းစပ်ပြီးဖန်တီးထားတာပါ။

-အင်တာဗျူးတစ်ခုမှာ Ledger က သူသရုပ်ဆောင်ဖူးသမျှထဲမှာ Joker ဇာတ်ကောင်ကို အကြိုက်ဆုံးပါပဲလို့ ဖြေခဲ့ပါတယ်။

-Harvey အတွက်ကျင်းပပေးတဲ့ Bruce Wayne ရဲ့ ပါတီပွဲကို Joker လာဖျက်ဆီးတဲ့အခန်းရိုက်တော့ ဓာတ်လှေကားထဲကနေ Joker တက်လာမယ်။ Alfred အဖြစ်သရုပ်ဆောင်သူ Michael Caine နဲ့တွေ့ပြီး စကားပြောရမယ်။ အဲသလို စီစဉ်ထားတာပါ။ ဒါပေမယ့် Michael Caine အဖို့ Heath Ledger ကို Joker ပုံစံ မိတ်ကပ်တွေနဲ့ ဒါဟာ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ ကြောင်ပြီး ကြက်သေသေသွားပါတယ်။ ဇာတ်ကားထဲမှာ Joker သူ့ကိုဖြတ်လျှောက်သွားတော့ သူ့မျက်နှာမှာ တုန်လှုပ်နေတဲ့အမူအရာတွေ တွေ့ရမှာပါ။

-ဇာတ်ကားထွက်ပြီးချင်း ၂ ရက်အတွင်းမှာ IMDb မှာ အဆင့်-၁ နေရာကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး ဇာတ်ကားပါ။

-Joker ရဲ့ လျှာထုတ်ထုတ်ပြီး နှုတ်ခမ်းသိမ်းတတ်တဲ့ အမူအကျင့်ဟာ Heath Ledger ရဲ့ အကျင့်ပါ။ သူအမြဲ အဲသလိုလုပ်ပါတယ်။

-Lake Street မှာ လူဆိုးကို ရဲလိုက်ဖမ်းတဲ့အခန်းရိုက်တော့ Chicago Police Department ဆီကို ဖုန်းတွေ တဂွမ်ဂွမ်ဝင်လာပါတယ်။ ပြည်သူတွေက "ဘာနဲ့လုပ်ထားမှန်းမသိတဲ့ မော်ဒယ်လ်ဘယ်လောက်မှန်းမသိတဲ့ ကားနက်ကြီးကို ရဲတွေလိုက်ဖမ်းနေတယ်"လို့ ဝိုင်းအကြောင်းကြားကြတာပါ။

-ဇန်နဝါရီ ၂၂၊ ၂၀၀၈ ခုနှစ်မှာ Heath Ledger တစ်ယောက် ရုတ်တရက်သေဆုံးသွားပြီးတဲ့နောက် ဇာတ်ကားကို စိတ်ဝင်စားလာသူ ပိုများလာပြီး ကြည့်ရှုသူလည်း ပိုတက်လာပါတယ်။

-Ledger တစ်ယောက် သေဆုံးသွားရှာပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာတဲ့နောက် Warner Bros. ကုမ္ပဏ္ဏီက Ledger အနေနဲ့ သူသရုပ်ဆောင်ရမယ့် ဇာတ်ဝင်ခန်းအားလုံးကိုရိုက်ကူးပြီးပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ဒ့ါကြောင့် Ledger တစ်ယောက် သူနောက်ဆုံးသရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားကို အဆုံးထိ ပါဝင်နိုင်ခဲ့တယ်လို့ ပြောရမှာပါ။

-ဇာတ်ကားအတွက် အရမ်းကြိုးစားရှာတဲ့ Ledger တစ်ယောက် သေဆုံးသွားခဲ့သလို ဒီဇာတ်ကားအတွက် အထူးကြိုးစားပေးခဲ့တဲ့ စတန့်မင်းသား Conway Wickliffe ဟာလည်း ကားနဲ့လိုက်ဖမ်းတဲ့အခန်းရိုက်နေစဉ် ကားမှောက်ပြီး ကွယ်လွန်သွားခဲ့ရှာပါတယ်။

-GCN ကိုပို့တဲ့ ဗီဒီယိုဖိုင် (homemade video) ကို Ledger ကိုယ်တိုင်ရိုက်ကူးခဲ့တာပါ။

-ဒါရိုက်တာ Nolan က Ledger တစ်ယောက် သူ့ဇာတ်ရုပ်ကို ပိုင်နိုင်နေပြီဆိုတာသိလို့ ဒီဇာတ်ရုပ်အတွက် သူ မလိုတော့ဘူးတဲ့။ ဒါ့ကြောင့် အဲဒီ Homemade video ကို Ledger ကို ပုံအပ်လိုက်တာပါ။ ရိုက်ပြီးသွားလို့ သူကြည့်လိုက်ရတဲ့အချိန်မှာလည်း အထူးကို စိတ်ကျေနပ်မှု ရခဲ့ပါတယ်တဲ့။

အပိုင်း -၂ ဆက်လက်တင်ပြပေးပါ့မယ်။

ကျွန်တော့်ရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။

0 comments:

Post a Comment