ရုပ်ရှင်ကားတစ်ကား ဖန်တီးရာတွင် ပါဝင်သော ပညာသည်များ (Film Crews) - အပိုင်း (၁)



ရုပ်ရှင်ကားတစ်ကား ဖန်တီးတဲ့အခါ ပါဝင်တဲ့ အနုပညာရှင်၊ အတတ်ပညာရှင်၊ 
အားလုံးသော ပညာရှင်တွေဟာ သူ့နေရာနဲ့သူ အရေးကြီးပါတယ်။ 
ဇာတ်ကားတစ်ကား အောင်မြင်ဖို့ဆိုတဲ့နေရာမှာ တစ်ဦးတစ်ယောက်တည်း ကောင်းနေရုံနဲ့ မရပါဘူး။ အားလုံးသောသူတွေဟာ သူတို့နယ်ပယ်အသီးသီးမှာ တော်နေထက်နေတဲ့ သူတွေချည်းပဲ ဖြစ်ရပါမယ်။
တစ်ဦးချော်နေတာနဲ့ တစ်ကားလုံးဟာ သဲထဲရေသွန်ပါပဲ။ အားလုံးဟာ အညီအမျှ တော်နေရပါမယ်။

ဇာတ်ကားတစ်ကားပြီးသွားတဲ့အခါ ဒီဇာတ်ကားနဲ့ပတ်သက်လို့ 
ပါဝင်တဲ့သူ (Film Crew) များကို စာတန်းထိုးလေ့ရှိပါတယ်။
နိုင်ငံခြားကားတွေမှာဆို အရှည်ကြီးပဲလေ။
လေးငါးမိနစ်လောက်ကြာတယ်။ စာတန်းထိုးတာ။
မြန်မာကားတွေမှာတော့ လူအင်အားသိပ်မသုံးနိုင်လို့ သူတို့လောက်တော့ မများပါဘူး။

နိုင်ငံခြားဇာတ်ကားတွေကို ရိုက်တဲ့အခါ သူ့အပိုင်းနဲ့သူ ခွဲခြားပြီး ရိုက်ကူးကြပါတယ်။ 
မိတ်ကပ်အဖွဲ့က မိတ်ကပ်အပိုင်း၊ ကင်မရာအဖွဲ့က ကင်မရာအပိုင်း စသဖြင့်ပေါ့။
အားလုံးပေါင်း အဖွဲ့ ၁၀ ဖွဲ့ရှိပါတယ်။

၁ - ဒါရိုက်တာအဖွဲ့ (Director)
၂ - ထုတ်လုပ်မှုအပိုင်းအဖွဲ့ (Production)
၃ - ကင်မရာနှင့်မီးအဖွဲ့ (Camera & Lighting)
၎ - သရုပ်ဆောင်နှင့်ဆက်တင်အဖွဲ့ (Art Department)
၅ - ဝတ်စုံဒီဇိုင်းအဖွဲ့ (Costume Department)
၆ - ဆံပင်နှင့်မိတ်ကပ်အဖွဲ့ (Hair And Make-Up)
၇ - အထူးပြုလုပ်ချက်အဖွဲ့ (Special Effects)
၈ - စတန့်အဖွဲ့ (Stunts)
၉ - အသံပြုလုပ်ချက်အဖွဲ့ (Production Sound)
၁၀ - တည်းဖြတ်သူအဖွဲ့ (Post-production) စသည်တို့ ဖြစ်ပါတယ်။

၁- ဒါရိုက်တာအဖွဲ့

ဒါရိုက်တာအဖွဲ့လို့ဆိုပေမယ့် တကယ်တော့ ဒါရိုက်တာတစ်ဦးတည်းကိုသာ ရည်ညွှန်းပါတယ်။ သူဟာ ဇာတ်ကားတစ်ကားလုံးရဲ့ အခရာပါပဲ။ ဒီလှေတစ်စီးလုံးရဲ့ တက်မကိုင်ဟာ သူပါ။ ဇာတ်ကားတစ်ကား အောင်မြင်မှုအထွဋ်အထိပ်ကို ဘယ်လောက်အတိုင်းအတာအထိ ရောက်နိုင်တယ်ဆိုတာ သူ့ရဲ့စိတ်ကူးစိတ်သန်းပေါ်မှာ မူတည်နေပါတယ်။
ဇာတ်ကားတစ်ကားမှာ သူဟာ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။

၂ - ထုတ်လုပ်မှုအပိုင်းအဖွဲ့

ဒါရိုက်တာအဖွဲ့ထဲမှာ တွဲဖက်ဒါရိုက်တာကို မထည့်ထားပါဘူး။ သူ့ကိုဒီအဖွဲ့ထဲမှာ ထည့်ထားပါတယ်။
ထုတ်လုပ်မှုအပိုင်းအဖွဲ့မှာ တွဲဖက်ဒါရိုက်တာ၊ ဇာတ်ကားတစ်ခုလုံးရဲ့ Production Manager ၊ ငွေရေးကြေးရေး စာရင်းရှင်းတမ်း စတာတွေအတွက် Accountant တွေ၊ ရိုက်ကွင်းနေရာ ရွေးချယ်ပေးတဲ့သူတွေ၊ တည်းဖြတ်ပေးတဲ့သူတွေ၊ ဇာတ်ကားပြီးတဲ့အခါ ဈေးကွက်မှာ ပေါက်ရောက်အောင်
ကြေငြာပေးတဲ့ Marketing သမားတွေ စတဲ့သူတွေ ပါဝင်ပါတယ်။ 
ဒီအဖွဲ့ဟာ ရုပ်ရှင်ကားတစ်ကားလုံးကို အစအဆုံးတာဝန်ယူရတဲ့သူတွေမို့လို့ 
အရေးကြီးတဲ့ အဖွဲ့တစ်ဖွဲ့ပါပဲ။

၃ - ကင်မရာနှင့်မီးအဖွဲ့

ဒီအဖွဲ့မှာတော့ ဓာတ်ပုံဆရာတွေ၊ မီးထိုးမှန်ထိုးသမားတွေ၊ လျှပ်စစ်ပညာရှင်တွေ ဖောက်ခွဲရေးပညာရှင်တွေ၊ ယန္တရားပညာရှင်တွေ စသူတို့ ပါဝင်ပါတယ်။
သူတို့ကတော့ ဇာတ်ကားတစ်ကားရဲ့ ပံ့ပိုးမှုအပိုင်းကို တာဝန်ယူထားရတဲ့သူတွေပါ။
သေနတ်ပစ်တာ၊ ဗုံးဖောက်တာ၊ ကင်မရာကို ရွှေ့ပြီးရိုက်လို့ရအောင် မီးရထားသံလမ်းတွေ ဆင်ပေးရတာ၊ အမြင့်ရိုက်ချက်တွေအတွက် ကရိန်းတွေနဲ့ရိုက်တာ၊ ဓာတ်ပုံရိုက်ချက်တွေ၊ ရှုခင်းအလှပြကွက်တွေ စတာတွေကို တာဝန်ယူရပါတယ်။

၎ - သရုပ်ဆောင်နှင့်ဆက်တင်အဖွဲ့

ဒီအဖွဲ့ကတော့ ဇာတ်ကားထဲမှာ ရုပ်လုံးပေါ်တဲ့သူတွေ ပါဝင်တဲ့အဖွဲ့ပါ။ 
မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရံ၊ ဖြတ်လျှောက် စတဲ့သူတွေ ပါဝင်ပါတယ်။
အင်အားအများဆုံး အဖွဲ့လည်းဖြစ်ပါတယ်။
Titanic လို ဇာတ်ကားမျိုးမှာ ခရီးသည်နေရာကနေ ပါတဲ့သူချည်းပဲ နည်းတာမဟုတ်ဘူး။
ဒါ့အပြင် ဆက်တင်သမားတွေလည်း ဒီအဖွဲ့ထဲမှာ ပါပါတယ်။ 
ဂူကြီးတွေအတုဆောက်မယ်။ အိမ်တွေတိုက်တွေလုပ်မယ်။ စတာတွေပေါ့။
ဒီအဖွဲ့တစ်ဖွဲ့လုံးရဲ့ လုပ်ဆောင်ချက်တွေဟာ ဇာတ်ကားထဲမှာ ပြသတာဖြစ်ပြီး 
ပရိသတ်မျက်မြင်ကြည့်ရမှာမို့ သူတို့လည်းအရေးကြီးတာပါပဲ။

၅ - ဝတ်စုံဒီဇိုင်းအဖွဲ့

ဒီအဖွဲ့ကတော့ အရေးကြီးလွန်းလို့ သက်သက်တစ်ဖွဲ့ ခွဲထားရတဲ့အဖွဲ့ ဖြစ်ပါတယ်။
ဇာတ်လမ်း နောက်ခံခေတ်နဲ့ လျော်ညီတဲ့ ဝတ်စုံဒီဇိုင်းမျိုးကို ရွေးချယ်ပေးရသလို
သရုပ်ဆောင်တွေရဲ့ ကိုယ်လုံးကိုယ်ပေါက်၊ မျက်နှာအနေအထား၊ အသားအရောင်
စတာတွေကိုကြည့်ပြီး လိုက်ဖက်အောင် ဆင်ယင်ပေးရပါသေးတယ်။
ဇာတ်သွားဇာတ်လာကို သေချာနားလည်ထားရပါတယ်။
အရောင်ရွေးချယ်တဲ့အခါ ဇာတ်ကောင်ရဲ့စရိုက်ကို ပေါ်လွင်စေတဲ့ အရောင်မျိုး ရွေးချယ်တတ်ရပါတယ်။
(ဥပမာ - စိတ်ဓာတ်ပြတ်သားတဲ့ ဇာတ်ကောင်ကို ဆင်ယင်တဲ့အခါ ကြက်သွေးရောင်လေး
တစ်နေရာရာမှာ ထည့်ပေးထားတတ်တယ်။
အင်္ကျီမှာဖြစ်ဖြစ်၊ ဘောင်းဘီမှာဖြစ်ဖြစ်၊ လည်စီးဖြစ်စေ၊ လက်ပတ်ဖြစ်စေ၊
တစ်ခုခုမှာပေါ့။)........
.............................................................................................

...အပိုင်း (၂) ဆက်လက်တင်ပြပေးပါ့မယ်...

ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။

0 comments:

Post a Comment