အပိုင်း (၁) ဖတ်ရန် Movie Locos ကို နှိပ်ပါ။
....ဒါ့အပြင် Breakdown Artist ဆိုတဲ့သူတွေလည်း ဒီအဖွဲ့ထဲမှာ ပါဝင်ပါသေးတယ်။ သူတို့ရဲ့တာဝန်က စုတ်ပြဲသွားတဲ့အင်္ကျီတွေ၊ ဟောင်းနွမ်းတဲ့အဝတ်အစားတွေ ပြုလုပ်ရတာပါ။ မင်းသားနဲ့လူကြမ်း ဖိုက်တင်ချတဲ့အခန်းမှာ မင်းသားအင်္ကျီပြဲသွားတယ် ဆိုပါတော့။ အဲဒီပြဲသွားတဲ့အင်္ကျီကို သူတို့ချုပ်ပေးရပါတယ်။ (ချုပ်ပေးတယ်ဆိုတာထက် အကောင်းကို ပြန်ဖြဲပေးရတာပေါ့လေ)။မင်းသားက နောက်အခန်းတွေမှာ အဲဒီအင်္ကျီကို ဝတ်တာပါ။
တစ်ချို့ဇာတ်ကားတွေမှာ မင်းသားက တစ်ကားလုံးမှာ အကျီင်္တစ်ထည်တည်းပဲ ဝတ်တယ်လေ။
ဥပမာ - တောထဲမှာ တစ်ယောက်တည်း လမ်းပျောက်သွားတဲ့ ဇာတ်လမ်းမျိုး။
အဲဒီတော့ လျှောက်သွားရင်း အကျီင်္က ဖုန်တွေပေ၊ ရေတွေစို၊
သစ်ကိုင်းခြစ်ရာ၊ တောတိုးရာတွေနဲ့ ဖြစ်ကုန်တယ်လေ။
အဲဒီလိုမျိုးဇာတ်ကားတွေမှာ မင်းသားအတွက် အကျီင်္ဆယ်စုံလောက် သူတို့ပြန်ချုပ် (ပြန်ဖြဲ) ပေးရပါတယ်။
ယုတ္တိရှိရှိ၊ သဘာဝကျကျ၊ ပြဲရာ၊ ခြစ်ရာလေးတွေဖြစ်အောင် သူတို့လုပ်ပါတယ်။
ကျွန်တော်တို့က ကြည့်တော့သာ မင်းသားတစ်စုံတည်းပဲ ဝတ်တယ်ထင်တာပါ။
တကယ်တော့ ဆယ်စုံလောက် လဲပါတယ်။
300 ဇာတ်ကားမှာ ဘုရင် Leonidas ဆောင်းတဲ့ ဦးထုပ်ကို ဆယ်လုံးလောက် လုပ်ထားပါတယ်။
(ကျွန်တော်မမှတ်မိတော့လို့ပါ။ ပြန်ရှာတာလည်း မတွေ့လို့ပါ။
ကျွန်တော်ဖတ်လိုက်ရတဲ့ဆောင်းပါးမှာ အရေအတွက် အတိအကျ ဖြော်ပထားပါတယ်။)
စစဦးချင်းတစ်လုံးကတော့ အသစ်ပေါ့လေ။
နောက်တော့ ဓါးခုတ်ရာ၊ ခြစ်ရာတွေဖြစ်လို့ အစင်းကြောင်းတွေနဲ့ ဦးထုပ် သုံးလေးလုံး။
စစ်ပွဲကြာလာတော့ အစင်းကြောင်းရာတွေ ပိုများလာတဲ့ ဦးထုပ်တွေက သုံးလေးလုံး။
စစ်တိုက်ရင်း ဓားနဲ့ခုတ်တာကို ငုံ့ရှောင်တော့ ဦးထုပ်အပေါ်က အမွှေးကြီးတွေ ပြတ်သွားတယ်လေ။
အဲဒီတော့ နောက်အခန်းတွေအတွက် ဦးထုပ်လုပ်တဲ့အခါ အမွှေးကို တိုထားပါသေးတယ်။
Breakdown Artist တွေက ဒါတွေကို လုပ်ပေးရတာပါ။
ဒီအဖွဲ့မှာ သူတို့အပြင် စက်ချုပ်ဆရာတွေ၊ ဒီဇိုင်နာတွေလည်း ပါပါသေးတယ်။
တစ်ခါတစ်လေမှာ ဝတ်စုံက သီစာလိုနေရင် စက်ချုပ်ဆရာတွေက ချက်ချင်းပြင်ပေးရပါသေးတယ်။
၆ - ဆံပင်နှင့်မိတ်ကပ်အဖွဲ့
ဒီအဖွဲ့မှာတော့ မိတ်ကပ်ပညာရှင်တွေ၊ ဆံကေသာပညာရှင်တွေ ပါပါတယ်။
မင်းသား၊ မင်းသမီးတွေအတွက် ဇာတ်ကောင်နဲ့လိုက်မယ့် ဆံပင်ပုံစံ၊ ဆံပင်အရောင်
စတာတွေ ရွေးချယ်ပြုလုပ်ပေးရပါတယ်။ ညှပ်သင့်လျှင်ညှပ်၊ ဆက်သင့်လျှင်ဆက်။
ဆေးဆိုးသင့်လျှင် ဆေးဆိုးပေးရပါတယ်။ အများဆုံးကတော့ အဖိုးကြီး၊ အဖွားကြီးဇာတ်ကောင်
အခန်းတွေအတွက် အဖြူရောင်ဆိုးပေးရတတ်ပါတယ်။
မိတ်ကပ်ပညာရှင်တွေရဲ့ တာဝန်ကိုတော့ အထူးပြောစရာလိုမယ်မထင်ပါ။
သူတို့ဘယ်လောက်တော်ကြသလဲဆိုတာ ဇာတ်ကားတွေကြည့်ရင် သိသာပါတယ်။
(အမှန်တော့ မိတ်ကပ်ပညာအကြောင်းကို ထပ်ရေးရင် နောက်ထပ်ပို့စ်တစ်ခုစာလောက်
ရှည်သွားမယ်။ အဲဒါကြောင့် ဒီမှာ ထည့်မရေးတော့တာပါ။ :D)
၇ - အထူးပြုလုပ်ချက်အဖွဲ့
ဒီအဖွဲ့ဟာ Special Effect အဖွဲ့ဆိုလို့ Visual Effect အဖွဲ့နဲ့ မရောစေချင်ပါဘူး။
Visual Effect အဖွဲ့က Photographic Effect တွေထည့်တာပါ။
သူတို့ကတော့ Camera Effect တွေထည့်တာပါ။
၈ - စတန့်အဖွဲ့
စတန့်အဖွဲ့မှာ စတန့်မင်းသား၊ စတန့်မင်းသမီးတွေ ပါပါတယ်။ စတန့်ပြကွက်တွေ ပြတဲ့အခန်းမှာ
မင်းသား မင်းသမီးနေရာကနေ အစားထိုး သရုပ်ဆောင်ပါတယ်။
ဇာတ်ကားရိုက်ရင်း လူမသိ၊ သူမသိ သေဆုံးသွားရှာတဲ့ စတန့်မင်းသား မင်းသမီးတွေလည်း အများကြီးပါပဲ။
၉ - အသံပြုလုပ်ချက်အဖွဲ့
ဒီအဖွဲ့အကြောင်းကိုတော့ နံပါတ် ၅ - Costume Department လိုပဲ နည်းနည်းလေး ရှင်းပြပါ့မယ်။
ဒီအဖွဲ့ရဲ့ အဓိကတာဝန်က ဇာတ်ကားတစ်ကားလုံးရဲ့
အသံတွေအားလုံးကို မလွတ်တမ်း ဖမ်းယူရတာပါ။
စကားပြောသံ၊ လေချွန်သံ၊ အသက်ရှူသံ၊ တံတွေးမြိုသံ၊ လက်ဖျောက်တီးသံ စတာတွေအပြင်
တောက်ခေါက်သံ၊ သက်ပြင်းချသံ၊ စကားစပြောတဲ့အခါ နှုတ်ခမ်းနှစ်ခုအဟမှာ
အသံတစ်မျိုးထွက်ပါသေးတယ်။ အဲဒါတွေပါ အကုန်ပါအောင် ဖမ်းရပါတယ်။
အဲဒီအသံဖမ်းတဲ့အလုပ်ကို Prouduction Sound Mixer ဆိုသူက လုပ်ပါတယ်။
သူ့ကိုကူညီတဲ့ Boom Operator ဆိုတာ ရှိပါသေးတယ်။ သူက အသံဖမ်းဖို့အတွက် မိုက်ခရိုဖုန်းကို
ဘယ်နားမှာ ထားရမလဲဆိုတာ ရွေးရတယ်။ မင်းသား မင်းသမီး လမ်းလျှောက်ရင်းစကားပြောတဲ့အခါ
မိုက်ခရိုဖုန်းကို လိုက်ရွှေ့ပေးရသေးတယ်။ မရွှေ့တတ်ရင် အသံဟာ လွတ်လွတ်သွားပါတယ်။
အဲဒါတွေမဖြစ်အောင် သူက တာဝန်ယူလုပ်ပေးရပါတယ်။
အဲဒီအတွက် ပစ္စည်းကရိယာ အစုံအလင်သုံးပါတယ်။
ကြိုးမဲ့မိုက်ခရိုဖုန်းတွေ၊ ကြယ်သီးနေရာမှာတပ်တဲ့ မိုက်ခရိုဖုန်းတွေ၊
ကိုယ်မှာကပ်ထားတဲ့ဟာတွေ စသဖြင့် အများကြီးပါပဲ။
၁၀ - တည်းဖြတ်သူအဖွဲ့
ဒီအဖွဲ့ရဲ့ တာဝန်ကတော့ အားလုံးရိုက်ပြီးသွားရင် သူတို့လက်အပ်လိုက်ရတာပေါ့ဗျာ။
ကျန်တဲ့အပိုင်းကို ဒီအဖွဲ့က တာဝန်ယူပါတယ်။ ဒီအဖွဲ့မှာ Sound Designer ဆိုတာ ပါပါတယ်။
အပေါ်မှာ နံပါတ် ၉ ကို ရှင်းပြခဲ့တာ သူ့အကြောင်း ပြောချင်လို့ပါ။
Sound Designer တစ်ယောက်ဖြစ်ဖို့အတွက် သင်တန်းတွေဘာတွေ တက်ရပါသေးတယ်။
မြန်မာပြည်မှာတော့ ရှိ၊မရှိ မသိပါ။ ထိုင်းနိုင်ငံမှာတော့ ရှိပါတယ်။
အပေါ်မှာ ရှင်းပြခဲ့ပါတယ်။ အသံတွေအားလုံးကို မလွတ်တမ်းဖမ်းရတယ်လို့။
အဲဒါ သူ့အတွက်ပါ။ သူက အဲဒီအသံတွေအားလုံးကို ပြန်ခွဲခြမ်းစိတ်ဖြာပါတယ်။
တစ်ခုချင်းစီကို ပိုပီပြင်အောင်၊ ကြည်လင်ပြတ်သားအောင် လုပ်ပါတယ်။
ကားတိုက်တဲ့အခန်းဆိုပါတော့။ " ဒုံး " ဆိုတဲ့ အသံကြီးတစ်ခုတည်းနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။
အရင်ဆုံး မတိုက်ခင် ကားကို ဘရိတ်ဆောင့်အုပ်လိုက်သေးတယ်။
အဲဒီအတွက် ကားတာယာနဲ့ ကတ္တရာနဲ့ ပွတ်ဆွဲတဲ့ အသံအရင်ထွက်လာတယ်။ ပြီးတော့ တိုက်တယ်။
တိုက်တဲ့အခါ အရင်ဆုံး ရှေ့က Bumper နဲ့ တိုက်တယ်။
Bumper ချိုင့်ဝင်တယ်။ အဲဒီအတွက် အသံတစ်မျိုးထွက်လာတယ်။
သံတွေအချင်းချင်း ပွတ်တိုက်တဲ့အတွက် အသံတွေထွက်တယ်။
အထဲက ပစ္စည်းတွေ ပြုတ်ပြတ်ထွက်ကုန်လို့ အသံတွေထွက်လာတယ်။
နောက် မှန်ကွဲတယ်။ အရင်ဆုံး ကွဲတဲ့အသံထွက်တယ်။
အဲဒီနောက် မှန်စတွေ ကားစက်ဖုံးပေါ်ကျတယ်။ အသံနောက်တစ်မျိုး ထပ်ထွက်တယ်။
နောက် မြေပေါ်ကျတယ်။ အသံတစ်မျိုး ထပ်ထွက်ပြန်ရော။
ကားတိုက်တဲ့တစ်ခန်းတည်းကိုပဲ အသံအမျိုး ၅၀ လောက် ထွက်ပါတယ်။
အဲဒါတွေအကုန်လုံးကို သူက ကြည်လင်ပြတ်သားအောင် လုပ်ပေးရပါတယ်။
သေနတ်ပစ်တဲ့အခန်းဆိုလည်း အဲသလိုပဲ။ ခလုတ်ဆွဲတဲ့အသံ၊ ကျည်ထွက်တဲ့အသံ၊ မောင်းပြန်ကန်တဲ့အသံ၊
လေတိုးသံ၊ အသားကိုဖောက်ဝင်သွားတဲ့အသံ စသဖြင့် အများကြီးပါပဲ။
ရုံမှာကြည့်တဲ့အခါ ဗုံးပေါက်တဲ့အခန်းတွေဆို နားထောင်ရတာ အရမ်းမိုက်တယ်။
မြေကြီးတွေ ဖွာကြဲထွက်ကုန်ပြီး ပြန်ကျလာတဲ့ ရှဲရှဲရှဲအသံတွေပါ ကြားရတယ်။
အဲဒါတွေ အကုန်လုံးဟာ Sound Designer ရဲ့ လက်ရာတွေပါ။
တစ်ကားလုံးစာဆိုရင် သူဘယ်လောက်တောင် ကြိုးစားရမလဲ စဉ်းစားသာကြည့်ပါတော့။
ဒီအဖွဲ့မှာ သူအပြင် Sound Editor, Diaogue Editor, Re-recording Mixer, Music Supervisor,
စသူတွေလည်း ပါဝင်ပါသေးတယ်။ ဒါက Sound တစ်ဖွဲ့ပဲ ရှိပါသေးတယ်။
ဖလင်ဆက်တဲ့အဖွဲ့တွေ၊ Film Editorတွေ၊ Negative Cutter တွေလည်း ပါပါသေးတယ်။
နောက်ပြီးတော့ Visual Effects အဖွဲ့အပိုင်းမှာလည်း
တခြားသောပညာရှင်တွေ အများကြီး ပါဝင်ပါသေးတယ်။
Visual Effect အပိုင်းကိုတော့ ပို့စ်တစ်ခုရေးပြီး ရှင်းပြပြီးသွားပြီဖြစ်တဲ့အတွက်
ဒီမှာ မရေးတော့ပါဘူး။
ဒီလောက်ဆိုရင် ဇာတ်ကားတစ်ကားဖြစ်ဖို့အတွက် ပညာရှင်တွေဘယ်လောက်လိုအပ်တယ်။
ဘယ်လောက်တောင် ကြိုးစားရတယ်။ ဘယ်လောက်တောင် အားထုတ်ရတယ်ဆိုတာကို
နားလည်သဘောပေါက်ကြမှာပါ။ ပို့စ်လည်း တော်တော်ရှည်နေပြီဖြစ်တဲ့အတွက်
ဒီမျှနဲ့ ရပ်ခွင့်ပြုပါ။ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။







0 comments:
Post a Comment