ရှေးအခါက ပညာရှိတစ်ဦးသည် ခေတ်အဆက်ဆက် ထင်ရှားကြော်ကြား ရေပန်းစားနေသော အဆိုတစ်ခုကို မိန့်ကြားခဲ့လေသည်။
ထိုအဆိုသည် `` ဘောလုံးသည် လုံး၏ ´´ ဟူ၍ ဖြစ်လေသည်။
ခေတ်ကာလ ယန္တယားကြီးသည် ရွေ့ လျား ပြောင်းရွှေ့လာသည့် အလျောက် လူသားတို့၏ အသိဥာဏ်သည်လည်း ဖွံ့ ဖြိုး တိုးတက်လာရာ အချို့သည် ဘောလုံး လုံးရခြင်းကို စဉ်းစားကြလေသည်။
အချို့ လည်း ရှိရင်းစွဲထက် ပို၍ လုံးဝန်းသော ဘောလုံးများကို ရှာဖွေကြလေ၏၊ အချို့ မှာ ဘောလုံးတစ်လုံး၏ လုံးဝန်းခြင်း၏ အမှားများ၊ အားနည်းချက်များကို ရှာဖွေကြလေသည်။
ယနေ့ခေတ် ဘောလုံးများသည် ယခင်ဘောလုံးများထက် ပို၍ လုံးဝန်းသည်ဟု ခေတ်လူငယ်များက နားလည် လက်ခံကြသည်။ ရှေးခေတ်လူကြီးများကမူ ၄င်းတို့ခေတ်က ဘောလုံးသည်သာ ထာဝရ အလုံးဆုံးဖြစ်သည်ဟု တမ်းတနေကြပါသည်။
ဘောလုံးသည် မည်သည့်အတွက်ကြောင့် လုံးဝန်းရပါသနည်း။
ထိုအဖြေကို စဉ်းစားကြည့်လျှင် လွယ်မယောင်နှင့် ခက်၍ တိမ်မယောင်နှင့် နက်နေကြောင်း တွေ့ရှိရပါသည်။
တကယ့် အဖြေမှာကား လုံးဝန်းအောင် ပြုလုပ်ထားသဖြင့်သာ လုံးဝန်းနေရခြင်းဖြစ်ပါသည်။
ဘောလုံး၏ လုံးဝန်းခြင်း အသွင်သဏ္ဍာန်အား ပြုပြင်ပြောင်းလဲလိုခြင်း၊ ပြုပြင်ရန် မလိုခြင်းတို့အတွက် ဆန္ဒမဲ ကောက်ခံသော် ရလာဒ်မည်သို့ရှိပါမည်နည်း။
အမှန်တကယ်အားဖြင့် ဘောလုံးကို ဘောပြားအဖြစ် ဆောင်ရွက်လိုသူများ မရှိပါ။
ယနေ့ခေတ်လူသားများသည် သေသေချာချာ နားမလည်သော ဘောလုံးတစ်လုံး၏ စွမ်းအားကို စွဲမက် နှစ်ခြိုက်နေကြပြီ ဖြစ်ပါသည်။
လုံးဝန်းနေသော ဘောလုံးတစ်လုံး၏ တကယ့် စွမ်းဆောင်ချက် အနှစ်သာရမှာ လှုပ်ရှားရွေ့ လျားနေခြင်း ဖြစ်ပါသည်။ မျက်နှာပြင်၏ တိုက်ခိုက်ရာမှတဆင့် တွန်းကန်ထွက်ခွါလာသော လားရာအရပ်နှင့် ပို့ဆောင်ရာ အရပ်သည်သာ ဘောလုံးတစ်လုံး၏ အမြင့်ဆုံးသော ဆွဲဆောင်မှု ဖြစ်ပါသည်။
ယနေ့ခေတ်လူသားတို့သည် ဘောလုံးတစ်လုံး၏ လှုပ်ရှားမှု အဆုံးသတ်ကို လှပစွာ ခံစားကြပါသည်။ ဒိုင်လူကြီး၏ ခရာသံဖြင့် အဆုံးသတ်သွားသော ဘောလုံးတစ်လုံး၏ လှုပ်ရှားမှု ရာဇ၀င်တွင် ကျေနပ်ခြင်း၊ မကျေနပ်ခြင်းများ ရောပြွမ်းနေကြောင်း နှစ်ဘက် ပရိသတ်များ နားလည်ထားကြပါသည်။
သို့သော် ဘောလုံးလေးများသည်ကား အမြဲပင် လုံးဝန်းနေပါသည်။
အရိပ်ထဲတွင်လည်း လုံးဝန်းနေပါသည်။ ရွေ့ လျားနေစဉ်တွင်လည်း လုံးဝန်းနေမည်သာ ဖြစ်ပါကြောင်း။
#(ကွန်ဆူးမား)
0 comments:
Post a Comment