နည်းပညာတက္ကသိုလ်(စစ်ကိုင်း) ၏ ဒုတိယအကြိမ်မြောက် ဘားကမ့်

 
ကျင်းပမည့်နေ့ရက်-    သြဂုတ် (၁) ရက်
ကျင်းပမည့်နေရာ-      နည်းပညာတက္ကသိုလ်(စစ်ကိုင်း)
ကျင်းပမည့်အချိန်-      မနက် (၈း၃၀) နာရီ မှ ညနေ (၅) နာရီ။      
Barcamp STU 2015 ကို နည်းပညာတက္ကသိုလ်(စစ်ကိုင်း) တွင် ဒုတိယအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


Barcamp STU 2015 ၏ အစီအစဉ်များ
သြဂုတ်လ(၁) ရက်နေ့တွင် နည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်း ကျင်းပမည်ဖြစ်ကြောင်း၊ Barcamp STU 2015 တွင် နယ်ပယ်ပေါင်းစုံမှ အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာရှင်များမှ အင်ဂျင်နီယာကဏ္ဍ၊ အိုင်တီကဏ္ဍ၊ စာပေနှင့်အနုပညာကဏ္ဍ၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ၊ Scholarship Programs၊ Jobs and Opportunities စသည့် ကဏ္ဍများအလိုက်  ခေါင်းစဉ်အသီးသီးဖြင့် အခန်း(၈)ခန်းတွင် မနက်(၈)နာရီခွဲမှ ညနေ(၅)နာရီအထိ အကြောင်းအရာပေါင်း(၄၀) ကျော် ကို ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။



မြို့ပြနှင့်နယ်ဒေသမှ လူငယ်များအကြား အသိပညာ ကွာဟမှု ကျဉ်းမြောင်းလာစေရန်၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ဒေသခံလူငယ်များအား ကဏ္ဍပေါင်းစုံမှ မိမိရည်ရွယ်ရာ၊ ဝါသနာပါရာ အသိပညာ ဗဟုသုတတို့ကို သိရှိပြီး လေ့လာမျှဝေနိုင်ရန်ရည်ရွယ်ပြီး Barcamp STU 2015 ကိုကျင်းပခြင်းဖြစ်သည် ဟု ဖြစ်မြောက်ရေးကော်မတီကပြောသည်။ ဖွင့်ပွဲ အခမ်းအနားကို နည်းပညာတက္ကသိုလ်(စစ်ကိုင်း) ကျောင်းဝင်းအတွင်းတွင် သြဂုတ်လ (၁) ရက်နေ့နံနက် (၈:၃၀) နာရီတွင် ကျင်းပမည်ဖြစ်ပြီး နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ အခန်း (၈) ခန်းတွင် speakers များနှင့် တစ်ဦးလျှင် (၄၅) မိနစ်နှုန်းဖြင့် ဦးဆောင်ဟောပြောသွားမည် ဖြစ်သည်။ BarCampers များမှ (၁၅) မိနစ်ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကာ BarCamp STU 2015 တွင် အခန်း(၈)ခန်း၊ အချိန်(၆)ချိန်၊ ခေါင်းစဉ်ပေါင်း(၄၈)ခုဖြင့် အသိပညာမျှဝေမည်ဖြစ်ကြောင်း၊ (၁)ခန်းလျှင်လူဦးရေ (၁၀၀) ကျော်ဝင် ဆန့်ပါမည်။ ညနေ(၄)နာရီမှ (၅) နာရီအထိ “We Love BarCamp” ခေါင်းစဉ်ဖြင့် ပိတ်ပွဲ အခမ်းအနားကို ကျင်းပသွားပါမည်။

BarCamp STU 2015 Organizer Team ကို Admin Team,Public Relation(PR),TechSupport Team, Finance Team, Marketing Team ဟူ၍ ဖွဲ့စည်းထားသည်။ နည်းပညာ တက္ကသိုလ်(စစ်ကိုင်း) ကျောင်းအုပ်ကြီး  ဒေါက်တာ အောင်ဆန်းလင်း၊ ဌာနမှုးများ၊ ဆရာ၊ ဆရာမများ ၊ကျောင်းသား/သူ volunteer များ၏ အကြံဥာဏ်၊ အကူအညီ၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပွဲဖြစ်မြောက်ရေး ဆောင်ရွက်ခဲ့ကြကြောင်း ဖြစ်မြောက်ရေးအဖွဲ့ကပြော ကြားထားသည်။



BarCamp STU 2015 ပွဲ ဖြစ်မြောက်ရေးအတွက် Telenor Myanmar Company, IBEC(ဗုဒ္ဓဘာသာ ပညာရေးစင်တာ)၊ Agrocorp TVS (အိန္ဒိယမော်တော် ဆိုင်ကယ်များ)၊ ဒေါ်လာ စက်သုံးဆီအရောင်းဆိုင်၊ banner quality shop, စိန်ဝေဖူး ပိုးထည်၊ချည်ထည်၊ Civil Tech Co.Ltd, Hypersoft, Mr. Print ကြေငြာ ဝန်ဆောင်မှုလုပ်ငန်း၊ Zarni Electronic, Ve Ve အချိုရည်၊ Internet Journel တို့မှ ကူညီပံ့ပိုးပေးထားသည်ဟု သိရသည်။ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့များရှိ တက္ကသိုလ်များ၊ ကောလိပ်ကျောင်းများ၊ အ.ထ.ကကျောင်းများတွင် ဘားကမ့် Presentation များပြုလုပ်ဖိတ်ခေါ်ခဲ့ပြီး ကျောင်းသား/သူ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ၊ ပြင်ပမှ တက်ရောက်သူ Barcamber များ စုစုပေါင်းဦးရေ (၂၀၀၀) နှင့် (၃၀၀၀) ကြား တက်ရောက်မည်ဟု  ခန့်မှန်းထားကြောင်း ဆိုသည်။

Barcamp ဆိုသည်မှာ

Barcamp ဆိုသည်မှာ ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ တက်ရောက်လာသူများ၏ ကျွမ်းကျင်ရာ အသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာများကို တစ်ချိန်တည်း၊ တစ်ပြိုင်နက် တည်း ဆွေးနွေးဟောပြောနိုင်ရန် စီစဉ်ဖန်တီးပေးမည့် အခမ်းအနားတစ်ခု ဖြစ်သည်။ နိုင်ငံတကာ၌ တွင်ကျယ်လာသည့် နည်းတူ မြန်မာနိုင်ငံတွင်လည်း ပထမဦးဆုံး BarCamp ကို ၂၀၁၀ ခုနှစ်က ရန်ကုန်မြို့တွင် စတင်ကျင်းပခဲ့ရာ အရှေ့တောင်အာရှ တစ်ဝှမ်း အအောင်မြင်ဆုံးအခမ်းအနား တစ်ရပ်ဖြစ်ခဲ့သည်။ ၎င်းနောက် Barcamp Yangon, Barcamp Mandalay, Barcamp Taunggyi, Barcamp Pathein, Barcamp Laisho, Barcamp Pyay အစရှိသည်ဖြင့် စဉ်ဆက်မပြတ် ကျင်းပလာခဲ့သည်။ နည်းပညာတက္ကသိုလ်ကျောင်းများအနေဖြင့်လည်း Barcamp TU အမည်ဖြင့် နေရာဒေသအလိုက်၊ မြို့အလိုက်နှစ်စဉ် ကျင်းပလျှက်ရှိကြသည်။

Barcamp များကို ကျင်းပပြီး ရရှိလာသော ရလာဒ်များနှင့် ပတ်သက်၍ BarCamp စီစဉ်သူများက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ထို့ကြောင့် BarCamp ၏ သဘောသဘာဝအရ မိမိဆွေး နွေးလိုသော အကြောင်းအရာများကို လွတ်လပ်စွာ နှီးနှောဖလှယ်နိုင်မည် ဖြစ်သည်။ ၎င်းအပြင် BarCamp မှာ လူမှုရေး၊ နည်းပညာ၊ စီးပွားရေး အစရှိသည့် ကဏ္ဍများစွာကို ပေါင်းကူးပေးသည့် အတွက် စီးပွားရေးအကြောင်း သိချင်သူများ၊ နည်းပညာအကြောင်း သိချင်သူများ၊ လူမှုရေး အကြောင်းအရာများ စသဖြင့် မိမိထွန်းကားရာ နယ်ပယ်အလိုက် ဆွေးနွေးလိုသူ အချင်းချင်း တွေ့ဆုံနိုင်မည် ဖြစ်သည်။

Barcamp STU 2015 ရောက်ရင် ဘာလုပ်ရမလဲ

Barcamp STU 2015 တက်ရောက်မည့်သူများအနေဖြင့် ဘားကမ့်သို့ တက်ရောက်ကြောင်း မှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်ကာ လက်ဆောင်ပစ္စည်းများ ထုတ်ယူနိုင်မည် ဖြစ်သည်။ မိမိအနေဖြင့် အကြောင်းအရာ တစ်ခုခု ပြောချင်ပါကလည်း Topic Board တွင် သွားရောက် ကပ်ထားနိုင်မည် ဖြစ်သည်။ လက်ဆောင်ပစ္စည်များ ထုတ်ပြီးပါက Topic Board တွင် မိမိလေ့လာချင်သော Topic သည် မည်သည့်အခန်းတွင် ပြောမည်ကို သွားရောက်ကြည့်ရှုရမည်ဖြစ်ကြောင်း အခန်းများ မသိပါက သက်ဆိုင်ရာ Volunteer များကို မေးမြန်းကာ ကြည့်နိုင်ကြောင်း သိရသည်။ BarCamp တွင် နည်းပညာနှင့်ပတ်သက်သော အကြောင်းအရာ  တစ်ခုတည်းရှိမည်မဟုတ်ဘဲ Topic အစုံ ပါဝင်မည် ဖြစ်ကြောင်းသည် ရသည်။  ၂၀၁၃ ခုနှစ်မှစတင်ကာ နည်းပညာ တက္ကသိုလ် ဘားကမ့် များပြုလုပ်လာကြကာ စစ်ကိုင်းနည်းပညာတက္ကသိုလ်အပါအဝင် အချို့အခြားနည်းပညာတက္ကသိုလ်များလည်း နှစ်ကြိမ်တိုင်အထိ ကျင်းပပြီးဖြစ်သည်။

0 comments:

Post a Comment