အစိုးရအတွက် Free SMS Channel ကို Telenor တည်ဆောက်



သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သော ဒေသများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်နေသော ဒေသများအတွက် အစိုးရအနေဖြင့် သတင်း အချက်အလက် ပေးပို့လိုပါက SMS ဖြင့် အခမဲ့ သတင်းပေးပို့နိုင်သည်ဟု သိရသည်။


Telenor သည် ဆက်သွယ်ရေးလိုင်စင် စတင်ရယူစဉ်က မြန်မာနိုင်ငံအတွက် ကတိပြုချက် ၇ ချက် ပေးအပ်ထားပြီး အဆိုပါကတိများအနက် Free Central Government SMS Channel တည်ဆောက်ပေးမည်ဟု ပါရှိသည်။

Free SMS Channel ဆိုသည်မှာ အစိုးရအနေဖြင့် Telenor ၏ မိုဘိုင်းဖုန်း လိုင်းများမှတစ်ဆင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ပြည်သူများထံ တိုက်ရိုက်ပေးပို့စေခြင်းဖြစ်ပြီး သတင်းအချက်အလက် ရယူစေလိုသော ဒေသအလိုက် SMS များ ရောက် ရှိစေခြင်း ဖြစ်သည်။

“အခုချိန်ထိ ပေးပို့တာမရှိပါဘူး။ Telenor အနေနဲ့ ဒီဝန်ဆောင်မှုပေးတယ်ဆိုတာ အစိုးရအနေနဲ့ မသိလို့မဟုတ်ပါဘူး”ဟု Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ရေလွှမ်းမိုးမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရချိန်ဖြစ်ပြီး အဆိုပါ ဘေး အန္တရာယ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို SMS ဖြင့် ဖြန့်ချိထားခြင်းမရှိကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်အတွက် အစိုးရသည် အခမဲ့ SMS စနစ်ကို အသုံးပြုနိုင်မည် ဖြစ်သော်လည်း Telenor ၏ လက်ရှိ ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံထားနိုင်မှုသည် အဆိုပါဒေသများသို့ ရောက်ရှိနေခြင်း ရှိ၊ မရှိကို အရင်လေ့လာရမည်ဟု သုံးသပ်သူတစ်ဦးက ပြောသည်။

Telenor ၏ အဆိုအရ ၎င်းတို့၏ကွန်ရက်သည် လူနေထူထပ်ရာ ဒေသများ၏ ၅၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားနိုင်ပြီး ပေးအပ်ထားသော ကတိအရ ၅ နှစ်တာ ကာလတွင်း နိုင်ငံ၏ ဧရိယာ ၈၀ ရာခိုင်နှုန်းကျော်ကို ကွန်ရက်လွှမ်းခြုံနိုင်မည်ဟု သိရသည်။

မုန်တိုင်းကျရောက်နိုင်သော ဒေသများ၊ ရေလွှမ်းမိုးနိုင်သော ဒေသများစသည်ဖြင့် သဘာဝဘေး အန္တရာယ်များအတွက် SMS ကြိုတင် ရရှိနိုင်ပါက ဒေသခံများ အတွက် အကျိုးကျေးဇူး ရရှိနိုင်မည့်အပြင် သဘာဝဘေးအန္တရာယ်၏ နောက်ဆက်တွဲဖြစ်သော သတိပြုစရာများနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို SMS ဖြင့် ထပ်ဆင့်ပေးပို့နိုင်ပါက ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။

Credit==> internetjournal

Thiha Htike(THT)

0 comments:

Post a Comment