ဗီယက်နမ်နိုင်ငံ ဖူကို့ခ်ျကျွန်းနားမှာ ဆီကွက်တွေနဲ့အတူ သံသယဖြစ်ဖွယ်
အပိုင်းအစတွေကို တွေ့ခဲ့ပြီးတဲ့နောက် လူ ၂၃၉ ယောက် တင်ဆောင်ထားပြီး
ပျံသန်းရင်း ပျောက်ဆုံးနေဆဲ မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ကို
နိုင်ငံအတော်များများက မတ် ၁၀ ရက်နေ့ထိ ဆက်လက်ရှာဖွေနေပါတယ်။
ဘိုးရင်း 777-200 လေယာဉ်ပျောက်ဆုံးမှုကို ရှာဖွေစုံစမ်းနေတဲ့ အရာရှိတွေကတော့ လေယာဉ်ဟာ ပျံသန်းနေဆဲမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့တယ်လို့ သံသယရှိနေကြကြောင်း အကြီးတန်းသတင်းရင်းမြစ်က မတ် ၉ ရက်နေ့က ပြောပါတယ်။
မလေးရှားနိုင်ငံတွင်း လေယာဉ်ပျောက် စုံစမ်းစစ်ဆေးမှုအတွင်း ပါဝင်သူ သတင်းရင်းမြစ် တယောက်ကတော့ အပျက်အစီးတွေကို ရှာမတွေ့နိုင်တာက လေယာဉ်ဟာ အမြင့်ပေ ၃ သောင်းခွဲမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပုံရတယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဗုံးလိုဟာမျိုး ပေါက်ကွဲမှု ဖြစ်နိုင်ချေကို ဆက်မေးရာမှာတော့ သက်သေတွေ မရှိတဲ့အတွက် လေယာဉ်ဟာ စက်ပိုင်းဆိုင်ရာ အကြောင်းပြချက်ကြောင့် ပေါက်ကွဲတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဗီယက်နမ်၊ မလေးရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေက ရှာဖွေရေးအတွက် လေယာဉ် ၃၄ စီးနဲ့ သင်္ဘောအစီး ၄၀ တာဝန်ချ ကူညီထားပါတယ်။
တရုတ်နဲ့ အမေရိကန်ကလည်း သင်္ဘောတွေ ပို့ပေးထားပြီး အမေရိကန်အစိုးရကတော့ ပင်လယ်ရေကြောင်း စောင့်ကြည့်ရေး လေယာဉ်တစီး တာဝန်ချထားပေးပါတယ်။
ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့ညကတော့ ပျောက်ဆုံးလေယာဉ်မှာ ပါတယ်လို့ သံသယရှိတဲ့ ပစ္စည်းတခုကို တွေ့ထားကြောင်း ဗီယက်နမ် အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။ ဒါပေမယ့် အရာရှိတွေကတော့ ကောက်ချက်ချဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။
ဗီယက်နမ်ရှာဖွေရေး လေယာဉ်ရဲ့ ကင်မရာမှာ ပေါ်နေတဲ့ ပုံရိပ်ထဲမှာတော့ ပင်လယ်ထဲမှာ မျောနေတဲ့ ပစ္စည်းကို မြင်ရတာပါ။ မလေးရှားနဲ့ ဗီယက်နမ်ကြား ပင်လယ်မှာလည်း ရှာဖွေရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်နေပါတယ်။
လေယာဉ်ပေါ်မှာတော့ တရုတ် ၁၅၂ ဦး၊ မလေးရှား ၃၈ ဦး၊ အင်ဒိုနီးရှား ၇ ဦး၊ သြစတြေးလျ ၆ ဦး၊ အိန္ဒိယ ၅ ဦး၊ ပြင်သစ် ၄ ဦးနဲ့ အမေရိကန် ၃ ဦး ပါတယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။
နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရကတော့ လေယာဉ်ပေါ်ပါတဲ့သူတွေ သုံးခဲ့တဲ့ စာရွက်စာတမ်းအားလုံးကို စစ်ဆေးရာက သံသယဖြစ်ဖွယ် နိုင်ငံကူးလက်မှတ်တွေကို တွေ့လို့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။
ဒါပေမယ့် နိုင်ငံကူးလက်မှတ် ဘယ်နှအုပ်ဆိုတာနဲ့ ဘယ်နိုင်ငံတွေ ဆိုတာကိုတော့ မပြောခဲ့ပါဘူး။
ခိုးယူခံရတဲ့ ဥရောပနိုင်ငံကူးလက်မှတ်တွေကို သုံးခဲ့တဲ့ ခရီးသည်တွေဟာ အာရှက လူတွေရဲ့ ရုပ်ရှည်မျိုးတွေ ရှိတယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး အာမက် ဇာဟစ် ဟာမစ်ဒီက ပြောကြောင်း မလေးရှားအစိုးရသတင်းဌာနက ဆိုပါတယ်။ ဒီလူတွေကို လေယာဉ်ပေါ် ပေးတက်ခဲ့တဲ့ အရာရှိတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။
တရုတ်ပြည်ကို သွားတဲ့လေယာဉ် ရေဒါပေါ်ကနေ ပျောက်ပြီး အဆက်အသွယ် ပြတ်ခဲ့တာ ၄၈ နာရီ ကျော်ကြာပြီ ဖြစ်ပါတယ်။
လေယာဉ်ပျံသန်းရာ လမ်းကြောင်းအောက်က ရေပြင်မှာတော့ စစ်ဘက်နဲ့ အရပ်ဘက် ရေယာဉ်တွေ ပိုက်စိပ်တိုက် ရှာနေဆဲပါ။
ဒါပေမယ့် ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်သမျှ အတည်ပြုနိုင်တဲ့အချက်တော့ မရသေးဘဲ တွေ့ရှိထားတဲ့ ဆီကွက်ကိုလည်း လေယာဉ်ဆီ ဟုတ် မဟုတ် စစ်ဆေးနေဆဲပါ။

By : ဒီဗွီဘီ

လူ ၂၃၉ ဦး လိုက်ပါလာသည့် ပျောက်ဆုံးနေသော မလေးရှားလေယာဉ် ဗီယက်နမ်ကမ်းလွန်၌ ပျက်ကျသွားခြင်းဖြစ်
====================================================
မလေးရှားလေကြောင်းလိုင်း (Malaysia Airlines) ၏ ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦးလိုက်ပါခဲ့သော လေယာဉ်သည် မတ် ၈ ရက်က ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံး သွားခဲ့ပြီးနောက် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်းသိရသည်။
လေယာဉ်ခရီးစဉ် MH370 သည် ကွာလာလမ်ပူလေဆိပ်မှ ပျံတက်ပြီးနောက် နှစ်နာရီခန့် အကြာ ဒေသစံတော်ချိန် နံနက် ၂း၄၀ နာရီ တွင် လေကြောင်းထိန်းသိမ်းရေးဌာနနှင့် အဆက်အသွယ်ပျောက်ဆုံး ခဲ့ကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။
မလေးရှားလေကြောင်းလိုင်း၏ လေယာဉ်သည် ဗီယက်နမ် ဝေဟင်ပိုင်နက်အနီး ဆက်သွယ်မှု ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ် အာဏာပိုင်များက ပြောကြားခဲ့သည်။ ယင်းလေယာဉ်သည် ဟိုချီမင်း လေကြောင်းထိန်းသိမ်းရေးဌာနနှင့် အဆက်အသွယ် မပြုလုပ်မီ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ကို ရှာဖွေရန် မလေးရှား၊ တရုတ် တာဝန်ရှိသူများနှင့် ဗီယက်နမ် ကာကွယ်ရေး ၀န်ကြီးဌာနက ပူးပေါင်းဆောင်ရွက်နေကြောင်း ဗီယက်နမ် အစိုးရ၏ ကြေညာချက်က ဖော်ပြခဲ့သည်။
“လေယာဉ်သည် ဟိုချီမင်းလေကြောင်း ထိန်းချုပ်ရေးစခန်းနှင့် လွှဲပြောင်းချိတ်ဆက်ရန် ပြင်ဆင်နေစဉ် ကာမောင်ပြည်နယ် ဝေဟင်ပိုင်နက် အနီး၌ ပျောက်ဆုံးသွားခဲ့သည်” ဟု ဗီယက်နမ်အစိုးရ၀က်ဘ်ဆိုက်၌ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
သို့သော် ယင်းလေယာဉ်ထံမှ အချက်ပြမှုသည် ဟိုချီမင်းစီးတီး လေကြောင်း ထိန်းချုပ်ရေးစခန်းသို့ မည်သည့်အခါမှ ရောက်မလာခဲ့ကြောင်း ယင်းကြေညာချက်က ဆိုသည်။ ကာမောင်ပြည်နယ်သည် ဗီယက်နမ်တောင်ဘက် အစွန်ဆုံး၌ရှိပြီး ကမ္ဘောဒီယားနှင့်နယ်စပ်တွင် တည်ရှိသည်။
ဘိုးရင်း ၇၇၇-၂၀၀ အမျိုးအစား လေယာဉ်သည် နိုင်ငံ ၁၄ နိုင်ငံမှ ခရီးသည်များ တင်ဆောင်လာခဲ့ပြီး တရုတ်ခရီးသည် ၁၅၃ (မွေးကင်းစတစ်ဦး အပါအ၀င်)နှင့် မလေးရှားခရီးသည် ၃၈ ဦးတို့ အများဆုံး လိုက်ပါလာခဲ့သည်။ ယင်းအပြင် အင်ဒိုနီးရှား ၁၂ ဦး၊ သြစတြေးလျ ခြောက်ဦး၊ ပြင်သစ် သုံးဦး၊ အမေရိကန် လေးဦး (မွေးကင်းစ တစ်ဦးအပါအ၀င်)၊ နယူးဇီလန်၊ ယူကရိန်း နှင့် ကနေဒါတို့မှ နှစ်ဦးစီ၊ ရုရှား၊ အီတလီ၊ ထိုင်ဝမ်၊ နယ်သာလန်နှင့် သြစတြီးယားတို့မှ တစ်ဦးစီ လိုက်ပါခဲ့သည်။
လေယာဉ်သည် မိုင် ၃ç၇၀၀ (ကီလိုမီ တာ ၂ç၃၀၀) ခရီးကို ပျံသန်းပြီးနောက် ဒေသစံတော်ချိန် နံနက် ၆း၃၀ နာရီတွင် ပေကျင်းလေဆိပ်သို့ ရောက်ရှိရန် ရည်မှန်းထားခဲ့သည်။ ပျောက်ဆုံးချိန်၌ လေယာဉ်တွင် ပျံသန်းချိန် ၇ ဒသမ ၅ နာရီအတွက် လောင်စာဆီပါရှိကြောင်း မလေးရှားလေကြောင်းလိုင်း၏ လုပ်ငန်းထိန်းချုပ်ရေး ဒုတိယဥက္ကဋ္ဌ ဖာအွတ်ရှာယူဂျီက ပြောကြားခဲ့သည်။
(MAS) သည် ၎င်း၏မှတ်တမ်းတွင် မတော်တဆမှု အနည်းငယ်သာ ရှိခဲ့သည့် လေကြောင်းလိုင်းဖြစ်သည်။ ၁၉၇၇ ခုနှစ်က မလေးရှားတောင်ပိုင်းတွင် (MAS) ၏ လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး ခရီးသည် ၉၃ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦး သေဆုံးခဲ့သည်။
MH370 လေကြောင်းခရီး၏ လေယာဉ်သည် သက်တမ်း ၁၁ နှစ်ကျော် ရှိပြီဖြစ်ပြီး လေယာဉ်မှူးသည် အသက် ၅၃ နှစ် အရွယ် ဇာဟာရီအာမက်ရှား ဖြစ်သည်။ လေယာဉ်မှူးသည် ၁၉၈၁ ခုနှစ်မှစ၍ မလေးရှားလေကြောင်းလိုင်းတွင် မောင်းနှင်ခဲ့သူဖြစ်ပြီး ပျံသန်းချိန် နာရီ ၁၈ç၃၆၅ မှတ်တမ်းရှိထားသူ ဖြစ်သည်။
Ref:AFP

1 comments:
ကျေးဇူးတင်ပါတယ်၊ သတင်းသိရလို့။
Post a Comment