နည်းပညာနှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်လိုသူ လူငယ်များကို ကာတာဆက်သွယ်ရေးကုမ္ပဏီ ထောက်ပံ့ပေးမည်


ပြည်တွင်းမိုဘိုင်းဖုန်း ဆက်သွယ်ရေးကဏ္ဍတွင် သုံးစွဲသူများ၏ စိတ်ဝင်စားခြင်းကို အပြည့်အဝရရှိနေသည့် ပြည်ပမိုဘိုင်းအော်ပရေတာနှစ်ခုအနက်မှ ကာတာအခြေစိုက်ကုမ္ပဏီက စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုသူ လူငယ်များကို မြေတောင်မြှောက်ထောက်ပံ့ပေးမည့် အစီအစဉ်တစ်ခုကို ဆောင်ရွက်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ကာတာနိုင်ငံ၏ Ooredoo ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်လိုသူများကို အမေရိကန်ဒေါ်လာ တစ်သိန်းတန်ဖိုးရှိသည့် အခြေခံဘဏ္ဍာငွေများ ထောက်ပံ့ပေးခြင်း၊ ရုံးခန်းများအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးခြင်းတို့ကို ပြုလုပ်ပေးသွားမည် ဖြစ်သည်။ ယင်းထောက်ပံ့မှု အစီအစဉ်ကို မကြာမီ အချိန်အတွင်း အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာ ကုမ္ပဏီဘက်မှ စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

Ooredoo သည် နည်းပညာကိုအခြေခံသည့် လုပ်ငန်းများဖြစ်သည့်  လုပ်ငန်းများအပါအဝင် နည်းပညာနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လိုသူများကိုလည်း စိစစ်ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း  ယင်းကုမ္ပဏီမှ သိရသည်။

ထို့အပြင် ပြည်ပဆက်သွယ်ရေး အော်ပရေတာများမှ ရောင်းချဝန်ဆောင်မှုပေးမည့် မိုဘိုင်းဆက်သွယ်ရေးများကို အသုံးချပြီး မြန်မာနိုင်ငံတွင် နယ်ပယ်အရပ်ရပ်၌ စွန့်ဦးတီထွင်သူလူငယ်များ ပေါ်ပေါက်လာရန် မျှော်လင့်ထားကြောင်း ရန်ကုန်အခြေစိုက် Ooredoo Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ Mr.Ross Carmack က ပြောကြားသည်။

၂၀၁၄ ခုနှစ်ကုန်ပိုင်း အချိန်ခန့်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ လက်ရှိအနေအထားထက် ပြောင်းလဲတိုးတက်လာမည်ဖြစ်သဖြင့် ထိုဆက်သွယ်ရေးနည်းပညာ ပြောင်းလဲမှုကို အသုံးချပြီး ပြည်တွင်း၌ စွန့်ဦးတီထွင်လူငယ်များ ပေါ်ထွက်လာရန် ယုံကြည်ထားသည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပြည်တွင်း မိုဘိုင်းဖုန်းဆက်သွယ်ရေးကို အသုံးပြုသူများ၏ ဝေဖန်မှုများကို နေ့စဉ်ရရှိနေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှုကြောင့် စီးပွားရေး ကိစ္စရပ်များအပါအဝင် အခြားကဏ္ဍများစွာကို ဆက်သွယ်ရေးကို အသုံးပြုပြီးလုပ်ဆောင်ရာ၌ အခက်အခဲများစွာ ကြုံတွေ့ရသည်ဟု စုံစမ်းသိရသည်။

“ပြည်ပအော်ပရေတာတွေ လာတဲ့အခါ ကျွန်တော်တို့တွေ မိုဘိုင်းဆက်သွယ်ရေးနည်းပညာကို အပြည့်အဝ အသုံးချနိုင်ပြီလို့ ယုံကြည်ထားတယ်။ ကျွန်တော်တို့ရဲ့ နေ့တဓူဝလုပ်ငန်းကိစ္စတွေမှာ မြန်မာ့ဆက်သွယ်ရေးရဲ့ ဝန်ဆောင်မှုကြောင့် နှောင့်နှေးကြန့်ကြာတာတွေ၊ လုပ်ငန်းမပြီးမြောက်တာတွေကို အမြဲကြုံတွေ့နေရတယ်။ ဒီအခက်အခဲတွေက မကြာခင် ပြေလည်သွားတော့မယ်လို့  ယုံကြည်ပါတယ်” ဟု ရန်ကုန်မြို့တွင်နေထိုင်သည့် မိုဘိုင်းဖုန်းဖြင့် အွန်လိုင်းစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။


Ooredoo Myanmar အနေဖြင့် ယခုလက်ရှိ ရင်းနှီးမြှုပ်နှံနေသော မြန်မာနိုင်ငံအတွင်းရှိ လူငယ်များအနေဖြင့် ပြောင်းလဲတိုးတက်လာမည့် မိုဘိုင်းဖုန်းဆက်သွယ်ရေးနည်းပညာများကို အသုံးချပြီး ဒေသတွင်း လူမှုရေးကဏ္ဍများတွင် ပူးပေါင်းပါဝင်မှုများ ပိုမိုလာစေရန်အတွက် ထောက်ပံ့ကူညီမှုများပေးသွားရန်လည်း အစီအစဉ်များ ရှိနေသည်ဟု သိရသည်။

ယုဇနကိုကို

myanmarinternetjournal



0 comments:

Post a Comment