♪ “ထိပ်တန်းဂျာမန်ကင်မရာကုမ္ပဏီ Leica နဲ့ ပူးပေါင်းထုတ်လုပ်လိုက်တဲ့ Dual-Lens ကင်မရာနဲ့ Huawei P9” ♫


တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းကုမ္ပဏီ Huawei ဟာ ယခုလ ပထမပတ် အတွင်းမှာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ်စမတ် ဖုန်းလို့ သတ်မှတ် နိုင်မယ့် ဖုန်းနှစ်မျိုးကိုမိတ်ဆက်ခဲ့ပါတယ်။ အမှန်တကယ်ပြောရမယ်ဆိုရင်တော့ စမတ်ဖုန်းတစ်မျိုးတည်းလို့ သတ်မှတ်နိုင်ပေမယ့်ခွဲခြား ထုတ်လိုက်တဲ့ မော်ဒယ်နှစ်မျိုးကြောင့်သာ Two Flagship လို့ သတ်မှတ် လိုက်ပါတယ်။ Huawei အနေနဲ့ High End စမတ်ဖုန်းတွေ ထုတ်လုပ်တဲ့ အချိန်မှာ P line ကို ကင်မရာသီးသန့်ဖုန်းအဖြစ် ခွဲခြားထားပါတယ်။ တရုတ် နိုင်ငံရဲ့စမတ်ဖုန်း ထုတ်လုပ်သူတွေထဲမှာ ထိပ်တန်းအဆင့် ရပ်တည်လျက်ရှိတဲ့ Huawei ဟာ ဒီတစ်ကြိမ်ထုတ်လုပ်မှုမှာ အများ ထင်မှတ်မထားတဲ့ ပေါင်းစပ်မှုတွေကိုပြသ ခဲ့ပါတယ်။ အံ့သြလောက်ဖွယ်ရာ ကောင်းမွန်တဲ့ ပုံရိပ်တွေကိုရရှိစေနိုင်မယ့် Dual-Lens ကင်မရာကို သုံးထားလို့ပါ။ တရားဝင်မိတ်ဆက်ပြသမှုတွေပြီးတဲ့ နောက်ရက်အနည်းငယ်အကြာမှာ ကမ္ဘာ့ဈေးကွက်ကိုဖြန့်ချိပေးသွားမယ် လို့ပွဲမှာ ပြောသွားပါတယ်။ အဓိကဖြန့်ချိမယ့်ရက်တွေကတော့ ဧပြီ ၁၆ နဲ့ ၂၀ရက်နေ့တွေမှာပဲဖြစ်ပါတယ်။ နိုင်ငံအနေအထားပေါ်မူတည်ပြီးတော့ အရောင်(၆)မျိုးနဲ့ Single-SIM, Dual-SIM ဆိုပြီး ခွဲခြားဖြန့်ချိပေးသွားမယ် လို့ဆိုပါတယ်။ နိုင်ငံတကာ မှာရှိတဲ့ Huawei နဲ့ မိတ်ဖက်လုပ်ထားတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေအနေနဲ့ ပရီအော်ဒါမှာယူသူတွေကို အခွင့် အလမ်းခံစားခွင့်တွေ ထပ်မံပေးအပ်သွားမှာပါ။
အနီးစပ်ဆုံးဥပမာပေးရမယ်ဆိုရင် Vodafone လို ကုမ္ပဏီတွေဟာ အရောင် အလိုက်ရွေးချယ် မှာယူသူတွေကို Huawei w2 watch အပြင် အခြား ခံစားခွင့်တွေအနေနဲ့ 2GB data plan, Unlimited texts ပေးပို့ နိုင်စွမ်းတွေ ပေးအပ်သွားမှာပါ။ ၂၀၁၃ ခုနှစ်တည်းက စတင်ထုတ်လုပ်လာခဲ့တဲ့ P series တွေရဲ့ လေးဆက်မြောက် မျိုးဆက်လို့သတ်မှတ် နိုင်မယ့် P9 ဟာ လတ်တလောထွက်ထားတဲ့ စမတ်ဖုန်းတွေနဲ့ယှဉ်လိုက်မယ်ဆိုရင် ကင်မရာ လုပ်ဆောင်ချက်ပိုင်းမှာ အကောင်း ဆုံးအဆင့်မှာရှိပါတယ်။ ဥရောပ ဈေးကွက်ကို တဖြည်းဖြည်း ခြေဆန့်လာခဲ့တဲ့ Huawei ဟာ မိတ်ဆက် ပြသခဲ့တဲ့နေ့မှာ ယူရို ဈေးနှုန်းကိုသာ ပြောကြားသွားခဲ့ပြီး US ဈေးနှုန်း ကိုတော့ ပြောကြားသွားခြင်း မရှိပါဘူး။ P9 ရဲ့ ဈေးနှုန်းတွေကတော့ ၄၄၉ ယူရိုနဲ့ ၅၆၉ ယူရို ကြားမှာရှိနိုင်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ မတူကွဲပြားတဲ့ RAM, Storage အမျိုးအစားတွေကို ရွေးချယ်ဝယ်ယူရ ပါလိမ့်မယ်။ ကင်မရာ စမတ်ဖုန်း ထုတ်လုပ်မှုပုံစံအရ P6 ကနေစလို့ တဖြည်းဖြည်းအဆင့်မြှင့်တင် လာမှုတွေကိုလည်း ပွဲမှာ အသေးစိတ်ပြောကြားခဲ့ပါတယ်။ Huawei အနေနဲ့ P9 ကို ယခုပုံစံအတိုင်းထုတ်လုပ်နိုင်စေဖို့အတွက် လေ့လာမှုပေါင်းများစွာနဲ့ အတူ ဒီဇိုင်းပိုင်းနဲ့ပတ်သက်လို့လည်း စိတ်ကြိုက်မဖြစ်မချင်း အကောင် အထည်ဖော်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီဇိုင်းအရောင် ပိုင်းတွေနဲ့ပတ်သက် လို့ ကုမ္ပဏီရဲ့ဒီဇိုင်းထုတ်လုပ်မှုပိုင်းမှာ တာဝန်ယူထားသူတွေဟာ ပြင်သစ် မှာသွားရောက်လေ့လာခဲ့ကြ ပါတယ်။ ဖုန်းထုတ်လုပ်မှုပိုင်းနဲ့ ပတ်သက်လို့ အာရှ၊ ဥရောပနဲ့ အမေရိကန်မှာ ဘယ်လိုအရောင်တွေကို လူကြိုက်များ နေတယ် ဆိုတာကစလို့ ဘေးဘောင်တွေရဲ့ အကွေးဒီဇိုင်း ပုံဖော်မှုတွေ အဆုံးကို အဖွဲ့ဝင်များစွာပါဝင်တဲ့ Design Team တစ်ခုဖွဲ့ပြီး လေ့လာ စေခဲ့တာပါ။
ဒါကို Huawei ရဲ့ YouTube မှာ တင်ထားတဲ့ ဒီဇိုင်းအဖွဲ့ရဲ့ Video တွေကို ကြည့်လိုက်တာနဲ့သိနိုင်ပါတယ်။ P9 ရဲ့ဒီဇိုင်းပိုင်းကို ကြည့်လိုက်မယ် ဆိုရင် သူ့ရှေ့မှာထွက်ထားတဲ့ Series တွေနဲ့ အရွယ်အစားတူညီပါတယ်။ ၅.၂ လက်မ နဲ့သာ ထုတ်လုပ်ထားတာကြောင့်ပါ။ လက်ရှိထွက်ထားတဲ့ပြိုင်ဘက် ထုတ်လုပ်သူတွေဖြစ်တဲ့ Galaxy S7(5.1inch),LG G5 (5.3inch) တို့ရဲ့ ကြားအရွယ်အစားမှာ ရှိပါတယ်။ ဖုန်းရဲ့နောက်ကျောဘက်မှာတော့ လေးထောင့်သဏ္ဌာန် Fingerprint Sensor ကိုတပ်ဆင်ထားပါတယ်။ သွက်လက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်မယ့် Leica ကင်မရာတွေကတော့ နောက်ကျောဘက်ရဲ့ထိပ်ဆုံးမှာ သီးသန့်တည်ရှိနေ ပါလိမ့်မယ်။ ကင်မရာကိုပူးပေါင်းထုတ်လုပ်ထားတဲ့ ကင်မရာကုမ္ပဏီရဲ့ အမှတ်အသားကိုလည်း ထည့်သွင်းပေးထားမှာဖြစ်ပြီးHuawei အမှတ်အသား ကတော့ ဖုန်းရဲ့အောက်နားမှာ ခတ်နှိပ်ထား မှာပါ။ P9 အရွယ်အစားဟာ 145×71×7mm ရှိမှာဖြစ်ပြီး အလေးချိန်ကတော့ ၁၄၄ဂရမ်ရှိမှာပါ။ ကျစ်လျစ်သပ်ရပ်ပြီး ပေါ့ပါးတဲ့ စတိုင်ရှိတဲ့ Android ဖုန်းအဖြစ် ပုံဖော်ထားပြီး ဘေးအနားသတ်ဘောင်လေးတွေလည်း သေးသွယ်ကျဉ်းမြောင်းပါတယ်။ 3000mAh ဘက်ထရီထည့်ထားတယ်ဆိုပေမယ့် 7mm ဟာ သိပ်အထူကြီး တော့မဟုတ်ပါဘူး။ SIM, SD card slot တွေကတော့ ဖုန်းကိုယ်ထည်မှာရှိတဲ့ Tray ကို ထုတ်ယူပြီး ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ၅.၂လက်မရှိတဲ့ ဖန်သားမှာ FHD LCD panel ကို သုံးထားပါတယ်။
ပုံရိပ်တွေကိုဖော်ပြနိုင်စွမ်းကောင်းမွန်ပြီး နေ့အလင်းရောင်၊ နေရောင် တိုက်ရိုက်ကျတဲ့အချိန်မှာတောင် ဖန်သား က ပြတ်သားမှုရှိရှိ ဖော်ပြနိုင် တယ်လို့ဆိုပါတယ်။ ဘေးဘက် edge အ၀ိုက်လေးတွေဟာ 1.7mm သာရှိမှာပါ။ 2.5D ဒီဇိုင်းဖြစ်ပြီး အခြားဖုန်းတွေမှာ လက်ရှိထည့်သွင်းပေးနေ တဲ့ always-on လုပ်ဆောင်ချက်ကိုတော့ မထည့်ပေးထားပါဘူး။ Galaxy S7 နဲ့ LG G5 မှာတော့ OLED Display ကိုသုံးထားပြီး always-on လုပ်ဆောင် ချက်ကို သုံးနိုင်ပါတယ်။ P9 မှာဖုန်းရဲ့လုပ်ဆောင်ချက်တွေကို သွက်လက် မြန်ဆန်စွာအသုံးချနိုင်ဖို့အတွက် Fingerprint Sensor, Gesture Control တွေကိုသုံးနိုင်ပါလိမ့်မယ်။ Huawei ဟာ ဒီလုပ်ဆောင်ချက်တွေကို GR5 မှာ အတော်ကြီးကိုပြသခဲ့ပြီးသွားပါပြီ။ GR5 ဟာ Huawei ကိုင်ဆောင်သူတွေ အတွက် Fingerprint တစ်ခုအနေနဲ့ ဘယ်လောက်ထိအသုံးချနိုင်စွမ်း ရှိတယ်ဆိုတာ ပြသနိုင်ခဲ့တဲ့ Flagship ဖုန်းတစ်လုံးပါ။ မျက်နှာပြင်ကို နှစ်ချက်ခေါက်လိုက်တာနဲ့ screen shot ရိုက်တာတွေကို ပြုလုပ်နိုင်မှာပါ။ Fingerprint ဟာ နောက်ကျောဘက်မှာ ထည့်သွင်း ထားတာကြောင့် ကင်မရာလုပ်ဆောင်ချက်၊ Recent တွေ ရှင်းထုတ်တာတွေအပြင် အခြား လူတယောက်ဝင်ရောက်သုံးစွဲတဲ့ အခါမှာ မသုံးစေချင်တဲ့ Software လုပ်ဆောင်ချက်ပိတ်ထားနိုင်မှုတွေကိုပါပြုလုပ် နိုင်ပါလိမ့်မယ်။
ကင်မရာရဲ့စွမ်းဆောင်ချက်နဲ့ OS တစ်ခုရဲ့လုပ်ဆောင်မှုတွေကို အသား ကျစွာ ထိန်းချုပ်နိုင်စေဖို့အတွက် သူ့မှာသုံးစွဲ ထားတဲ့ ပရိုဆက်ဆာကတော့ ကိုယ်တိုင်ထုတ်လုပ်တဲ့ Hisilicon Kirin 955 ဖြစ်ပါတယ်။ 2.5GHz Quad-Core နဲ့ 1.5GHz Quad-core ပရိုဆက်ဆာပေါင်းစပ်မှုဖြစ်ပြီး LTE ကွန်ရက် မှာလည်း စွမ်းဆောင်ချက်ကောင်းမွန်ပါလိမ့်မယ်။ ပြိုင်လမ်းပေါ်မှာ အရှိန်နှုန်းမြင့်မြင့်နဲ့မောင်းနေတဲ့ ကားတစ်စင်းလို့ စွမ်းဆောင်ချက်တွေကို ရရှိစေမှာဖြစ်ပါတယ်။ မိုဘိုင်းချိတ်ဆက်မှုတွေကို အကြားအလပ်မရှိ ဖမ်းယူ နိုင်စေဖို့အတွက် ဖုန်းမှာ စွမ်းရည်ပြည့် Antenna တွေကို တပ်ဆင်ပေးထား ပါတယ်။ ကွန်ရက်လှိုင်းနှုန်း အနိမ်အမြင့်အလိုက် ဒေတာဖမ်းယူမှုတွေကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ အတွက်တော့ ဖုန်းရဲ့ အောက်ခြေမှာ စပီကာကို တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ ပြင်ပဆူညံသံ တွေကို လျှော့ချပေးပြီး ကြည်လင်ပြတ်သားတဲ့ အသံရရှိအောင် စွမ်းဆောင် ပေးမယ်လို့ပြေားထားပေမယ့် Ear Phone နဲ့ နားဆင်တာကတော့ စိတ်အချ ရဆုံးဖြစ်ပါလိမ့်မယ်။ P9 မှာ သုံးစွဲသူတွေ စိတ်ကြိုက်လိုအပ်တဲ့သိုလှောင်မှုနဲ့ ၀ယ်နိုင်စေဖို့ 3GB RAM (32GB Storage), 4GB RAM (64GB storage) တွေနဲ့ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏပေါ်လိုက်ပြီး ဒေါ်လာ(၁၀၀)လောက် တော့ ကွာလောက်ပါတယ်။ ဒေတာအချက်အလက်ပြောင်းလဲမှုမြန်ဆန် စေဖို့အတွက် USB type-C ကိုသုံးထားပါတယ်။ သူ့ကြောင့်ပဲ ဘက်ထရီ အားသွင်းမြန်ဆန်ပြီး အခြား Device တွေနဲ့ ချိတ်ဆက် အချက်အလက် ပေးပို့တာ မြန်ဆန်ပါလိမ့်မယ်။ P9 Plus ကို သုံးမယ်သူတွေအတွက်ဆိုရင် တော့ 3D Touch Display ကိုပါ သုံးနိုင်ပါလိမ့်မယ်။
ဆော့ဝဲပိုင်းနဲ့ပတ်သက်ရင်တော့ Android ရဲ့ နောက်ဆုံး ထွက်ထားတဲ့ ဗားရှင်း 6.0.1(Marshmallow) နဲ့ဖြစ်ပြီး Emotion UI 4.1 ပါ တွဲဖက် သုံးနိုင်ပါလိမ့်မယ်။ လိုအပ်သလိုပြောင်းလဲသုံးစွဲနိုင်မယ့် UI တွေကို Packages လိုက်ထည့်သွင်း ပေးထားပါတယ်။ Huawei ID သာရှိမယ်ဆိုရင် theme အသစ်တွေကို ထပ်မံဒေါင်းလုပ်စ်ပြုလုပ်နိုင်ဦးမှာပါ။ ဖုန်းရဲ့ နောက်ကွယ် ကနေ စွမ်းအားအလေအလွင့်ဖြစ်အောင် ပြုလုပ်နေတဲ့ App တွေကိုလည်း စီမံခန့်ခွဲထားနိုင်ပါသေးတယ်။ App တွေကို Backup, Restore ပြုလုပ်ပြီးတော့ အခြား Huawei ဖုန်းတွေဆီကို လွှဲပြောင်းနိုင်ပါလိမ့်မယ်။ ကင်မရာပိုင်းမှာဆိုရင်တော့ ဂျာမန်ကုမ္ပဏီနဲ့ ပေါင်းစပ်မှုဟာ အခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် စောင်ကြည့်ချင်စရာအခြေအနေပါ။ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ နံပတ်(၃)နေရာအဖြစ် ရပ်တည်လျက်ရှိတဲ့ Huawei ဟာ ကင်မရာဖုန်း ထုတ်လုပ်မှုအတွက် အာရုံစိုက်မှုအပြည့်ထားခဲ့ တယ် ဆိုပေမယ့် Dual-Lens ကင်မရာနဲ့ စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ ပထမဆုံးလို့ သတ်မှတ်လို့မရတော့ပါဘူး။ ဘာကြောင့်လဲ ဆိုရင် သူ့ရှေ့မှာ ထွက်ထားခဲ့တဲ့ LG G5 ဟာ Two Lens သုံးထားတဲ့ ဖုန်းပါ။ ဒါပေမယ့် LG G5 ရဲ့ ကင်မရာလုပ်ဆောင်ချက် ဟာ ပထမ Lens က Wide Shots အတွက် ဖြစ်ပြီး၊ နောက် Lens တစ်ခုကတော့ ပုံမှန်ရိုက်ကူးမှုအတွက်ဖြစ်ပါတယ်။ လက်ရှိလုပ် ဆောင်ချက်တွေနှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ P9 က ပိုကောင်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဂျာမန်ကင်မရာထုတ်လုပ်သူ Leica ဟာ Huawei အတွက်အကောင်းဆုံး မိတ်ဖက်အဖြစ်ရှိနေလို့ပါ။
Huawei ရဲ့ P9 မှာသုံးထားတဲ့ ကင်မရာရဲ့နည်းပညာက ပိုဆန်းသစ်နေပါ တယ်။ မတူကွဲပြားတဲ့ ကင်မရာလုပ်ဆောင်ချက်တွေနဲ့ ပုံရိပ်တွေဖမ်းယူပေး မှာပါ။ ကင်မရာတစ်ခုဟာ RGB Sensor ပါဝင်ပြီး အရောင်စုံနဲ့ ပုံတွေ ရိုက်ကူးတဲ့ ပုံစံဖြစ်ကာ ကင်မရာတစ်ခုမှာတော့ Monochrome Sensor နဲ့ဖြစ်ပါတယ်။ တိကျစွာဆိုရမယ်ဆိုရင် အဖြူ၊ အမည်းရိုက်ကူးနိုင်စွမ်းပါ။ ပုံမှန် Lens တွေမှာသုံးထားတဲ့ RGB Filtering မပါတော့တာကြောင့် အလင်း အမှောင်သိပ်သည်းဆကိုပဲ တိုက်ရိုက်အာရုံခံပေးတော့မှာဖြစ်ပါတယ်။ ဒါကြောင့် Object တစ်ခုကိုရိုက်ကူးလိုက်တာနဲ့ Lens နှစ်ခုဟာ သူတို့ လုပ်ဆောင်ချက်တစ်ခုချင်းကို ပြုလုပ်ပေးပြီး အလင်းအမှောင်ပြတ်သား၍ Focus တည်ငြိမ်တဲ့ပုံကောင်း တစ်ပုံ ထုတ်ပေးမှာပါ။ အလင်းရောင် အရမ်း အားနည်းတဲ့ အချိန်မှာတောင် ပြတ်သားတဲ့ပုံထွက်ကိုပေးပါလိမ့်မယ်။ ဒါကြောင့် P9 နဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ အလင်းအမှောင် ပြတ်သား နိုင်စွမ်း ဟာ iPhone 6S ထက်၂၇၀ ရာခိုင်နှုန်း၊ Galaxy S7 ထက် ၇၀ ရာခိုင်နှုန်း ပိုကောင်းသွားမယ်လို့ Theverge မှာ ဖော်ပြထားပါတယ်။ အဓိကကင်မရာဟာ 12MP Sensor မှာ f/2.2 aperture နဲ့ဖြစ်ပြီး Selfie ကင်မရာကတော့ 8MP မှာ f/2.4 နဲ့ဖြစ်ပါတယ်။ ဘက်ထရီဟာ ဖုန်းကို ကြာရှည်စွာသုံးတဲ့သူတွေအတွက် အဆင်ပြေ မယ့်စွမ်းအားနဲ့ဖြစ်ပြီး 3000mAh ဟာ ဗီဒီယိုတွေ ကြည့်ရှုတာ၊ ဓာတ်ပုံရိုက်တာတွေကို အချိန် ကြာကြာပြုလုပ်နိုင်တဲ့အပြင် အားသွင်းရတာလည်း မြန်ဆန်ပါလိမ့်မယ်။ ၁၀ မိနစ်ကြာ အားသွင်းလိုက်တာနဲ့ ၅ နာရီကြာ အသုံးပြုနိုင်ပါလိမ့်မယ်။
<Premium Stylish>
ကမ္ဘာ့ထိပ်တန်းအဆင့်ရှိတဲ့ ဒီဇိုင်းသမားတွေဟာ P9 ရဲ့ကိုယ်ထည်ကို အကြမ်းခံပြီး၊ ကျစ်လျစ်လှပသပ်ရပ်တဲ့ ပုံစံရ အောင်ဖန်တီးထားကြပါတယ်။ စိန်သွားပုံသဏ္ဌာန်ရှိတဲ့ edge display ၊ လှပသပ်ရပ်တဲ့ အကွေးဒီဇိုင်းကို ရရှိအောင်ပုံဖော်ထား ပါတယ်။ 2.5D ဖန်သားနဲ့အတူ ကိုယ်ထည်တစ်ခုလုံး ကိုတော့ အာကာသယာဉ်တွေ တည်ဆောက်တဲ့နေရာမှာအသုံးပြုတဲ့ သတ္တု ကို သုံးစွဲထားပါတယ်။
<Superb selfies>
လက်ရှိခေတ်အစားဆုံးကိုယ်တိုင်ရိုက်ပုံရိပ် selfie အတွက်လည်း ဘယ်လို အချိန်မျိုးမှာရိုက်ပါစေ ရှင်းလင်းပြတ်သားတဲ့ပုံ ရရှိစေဖို့အတွက် 8MP ကင်မရာကိုတပ်ဆင်ပေးထားပါတယ်။
<Colourful display>
ပြင်ပကမ္ဘာမှာမြင်တွေ့နေရတဲ့အရောင်ထက် ရှင်းလင်းပြတ်သားတဲ့ ပုံရိပ် တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ၅.၂လက်မ မျက်နှာပြင်မှာ မြင်တွေ့ရတဲ့ ရှုခင်းတွေဟာ စိုပြည်တောက်ပနေတဲ့အရောင်ကို ၉.၆ ရာခိုင်နှုန်းနီးပါး လောက် ခံစားရရှိအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။
<Ground Breaking dual-lens>
ပုံရိပ်တစ်ခုကိုရိုက်ကူးတဲ့အချိန်မှာ စိုပြည်သွက်လက်တဲ့ အရောင်တွေ အပြင်၊ မပီသဘဲ ၀ိုးတ၀ါးနိုင်လှတဲ့ပုံရိပ်တွေပါ ၀င်ရောက်လာတတ်ပါတယ်။ ဒါကြောင့် Leica Lens ဟာအရောင်တွေကို သီးသန့်ဖမ်းယူပေးမယ့် Lens နဲ့ အဖြူ၊ အမည်းကိုသာ သီးသန့်ဖမ်းယူပေးမယ့် Lens တွေပေါင်းစပ်ပြီး ပုံရိပ်စစ်တစ်ခုတည်းထွက်အောင် ပြုလုပ်ပေးမှာပါ။ သူ့မှာ Sensor နှစ်ခု ပါဝင်ပြီး RGB နဲ့ Monochrome တို့ပဲဖြစ်ပါတယ်။ ဆင်ဆာနှစ်ခု ပေါင်းစပ်ပြီး ထွက်လာတဲ့ပုံရိပ်ဟာ အခြားပုံတွေထက်အလင်းရောင် မျှတနေစေမှာပါ။ Huawei P9 မှာ IMAGEsmart 5.0 နည်းပညာကို သုံးထားတာကြောင့် ပရို ကင်မရာတွေနဲ့ရိုက်ကူးသလိုမျိုး ပုံရိပ်တွေကို ရရှိနိုင်စေမယ့်အပြင် Dual 12MP ကင်မရာကလည်း အလင်းရောင် လျော့နည်းတဲ့နေရာတွေမှာ ပိုကောင်းတဲ့ ပုံရိပ်တွေရရှိစေဖို့ 1.25um pixel size နဲ့ဖြစ်ပါတယ်။ P9 မှာ Leica ရဲ့ ကင်မရာကိုတပ်ဆင်လိုက်တာမဟုတ်ပါဘူး။ ဂျာမန် ကင်မရာ ကုမ္ပဏီရဲ့ ကင်မရာမှာသုံးတဲ့ နည်းပညာတွေကိုပါ ယူဆောင်လာခဲ့တာပါ။
<Professional camera effect>
ပုံရိပ်တစ်ခုကို ရိုက်ကူးတဲ့အချိန်မှာ သာမန် Setting ထဲမှာ auto ထားပြီး ရိုက်ကူးတာထက်စာရင် သူ့မှာထည့်သွင်းပေး ထားတဲ့ အခြားသော Function တွေကိုအသုံးပြုပြီး ရိုက်ကူးရတာဟာ ဆန်းသစ်တဲ့အတွေ့အကြုံ ကို ရရှိစေပါလိမ့်မယ်။ ပရို ရိုက်ကူးလိုသူတွေ အသုံးပြုနိုင်တဲ့ Effect တွေ အများကြီးထည့်သွင်းပေးထားပါတယ်။ Wide Aperture Effect တွေထည့် မလား၊ ရိုက်ကူးတော့မယ့်ပုံရိပ်ရဲ့ အရောင်တွေကို ချိန်းချင်သေးလား၊ သင် ရိုက်ကူးနေတဲ့ နေ့ရှုခင်းကို ဆည်းဆာနောက်ခံပုံစံမျိုး လိုချင်သလား အားလုံး ဟာ မရိုက်ကူးမီထဲက ကြိုတင်စီစဉ်ထားလို့ ရနိုင်ပါတယ်။ အပျော်တမ်း ရိုက်ကူးမှုထက်ပိုတဲ့ပုံတွေ ရိုက်ကူးတဲ့အချိန်မှာ မိမိရိုက်ကူးတော့မယ့် ပုံရိပ် တစ်ခုချင်းဆီကို Focus သေချာချိန်ထားနိုင်ပါလိမ့်မယ်။
<Clear, Fast, Precise Imagery>
ဓာတ်ပုံကောင်းတစ်ခုဖြစ်လာစေဖို့အတွက် ကင်မရာရဲ့ အဆင့်ဆင့်သော လုပ်ဆောင်ချက်တွေ သွက်လက်မြန်ဆန်စေဖို့၊ မှန်ကန်တဲ့ Focus နဲ့ ပုံရိပ်ရဲ့အမှောင်ဆုံး အပိုင်းတွေကို ဖယ်ရှားရှင်းထုတ်နိုင်မှုတွေက အရေးပါ ပါတယ်။ ဒီလို ရှင်းလင်းတဲ့ပုံရိပ် တွေဖြစ်စေဖို့သူ့မှာ Dual-Core ISP, Professional DSP တို့တစ်ပါတည်းထည့်သွင်းပေးထားပါတယ်။ ဓာတ်ပုံတွေ ရိုက်ကူးတဲ့ အခါ မယုံကြည်နိုင်လောက်အောင် ပြည့်စုံတဲ့ အလျင်၊ နက်မှောင် မှုနဲ့ ရှင်းလင်းပြတ်သားမှုရရှိစေမယ့် Hybrid Focus နည်းပညာ ကို သုံးထား ပါတယ်။ စွမ်းဆောင်နိုင်မှုတွေအတွက်လည်း Chipset ကသူတို့ရဲ့ကိုယ်ပိုင် kirin955 ပရိုဆက်ဆာကိုသုံးထား ပါတယ်။ ပုံရိပ်တွေရဲ့မပြတ်သားမှုနဲ့ အရောင်တွေကို အကောင်းဆုံးအခြေအနေထိ ရောက်ရှိအောင် စွမ်းဆောင် ပေးမှာပါ။
<Functional>
သက်တမ်းရှည်ကြာတဲ့ ဘက်ထရီသက်တမ်းကြောင့် ဘယ်လို အခိုက်အတန့် မျိုးကိုမှ လွတ်စေမှာမဟုတ်တော့ဘူး။ Triple antenna နည်းပညာကြောင့် မိုဘိုင်းကွန်ရက်ချိတ်ဆက်မှုတွေ မြန်ဆန်ပြီး လိုင်းပျောက်သွားတာမျိုးတွေ မဖြစ်အောင် ပြုလုပ်ပေးပါလိမ့်မယ်။ ၀ိုင်ယာလက် ကွန်ရက်ချိတ်ဆက်နိုင် စွမ်းလည်း ပိုကောင်းလာပြီး အနီးအနားမှာရှိတဲ့ WiFi ကွန်ရက်တွေ ကို အလိုအလျောက်ရှာဖွေချိတ်ဆက်ပေးပါလိမ့်မယ်။ လက်ဗွေဖတ်စနစ်က ပိုမိုအဆင့်မြင့်လာပြီး၊ Second ပိုင်းအတွင်း လက်ဗွေကို မှတ်မိသိရှိနိုင်စွမ်း၊ ဖွင့်လှစ်ပြသနိုင်စွမ်းတွေနဲ့ အခြားသူ တစ်ယောက်ဝင်ရောက် သုံးစွဲနိုင်စေ ဖို့အတွက် Guest Mode တစ်ခုပြုလုပ် ပေးထားနိုင်ပါလိမ့်မယ်။
<Reinvent Smartphone Photography>
ဆန်းသစ်တီထွင်မှုအရှိဆုံး ဓာတ်ပုံရိုက်ကူးနိုင်မယ့် စမတ်ဖုန်းအဖြစ် သတ်မှတ် နိုင်ပါလိမ့်မယ်။ ကျစ်လျစ်သပ်ရပ်တဲ့ အရွယ်အစားနဲ့ ပုံရိပ်တွေကို အနှောင့်အယှက်မရှိ ကြည်လင်ပြတ်သားစွာရိုက်ကူးနိုင်မယ့် လက်ကိုင်ဖုန်း ဖြစ်နေစေဖို့ အကောင်း ဆုံးပါဆိုတဲ့ Software နဲ့ Hardware ပေါင်းစပ်မှု ဖြစ်လာမယ့် Leica dual-lens နဲ့ P9 စမတ်ဖုန်းပါပဲ။ အရည်အသွေး မြင့်မား တဲ့ ပုံရိပ်တွေကို အချိန်တိုင်းမှာဖမ်းယူနိုင်ပါလိမ့်မယ်။
ပိုင်စေသောဝ်
Mobile Guide Journal (Every Monday)

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

0 comments:

Post a Comment