♪ ဈေးသင့်ပြီး၊ အသံစွမ်းရည်ကောင်းတဲ့ Xiaomi Mi Bluetooth စပီကာ (Review) ♫


အရည်အသွေးမြင့်၊တန်ဖိုးနည်းစမတ်ဖုန်းတွေနဲ့ မြန်မာပရိတ်သတ်ရင်ထဲ နေရာတစ်နေရာယူနိုင်ခဲ့တဲ့ Xiaomi ကုမ္ပဏီဟာ စမတ်ဖုန်းတွေအပြင်၊ power bank ၊ နားကြပ်၊ ဘလူးတုသ်စပီကာ ကအစ၊ စမတ်ထမင်းပေါင်းအိုး တွေအထိ ထုတ်လုပ်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်။
ဒီလိုများပြားလှတဲ့ Xiaomi ထုတ်ကုန်တွေထဲမှာ လူကြိုက်များ၊ရေပန်းစားတဲ့ထုတ်ကုန်တစ်ခုဖြစ်တဲ့ Mi Bluetooth စပီကာအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။ ဒီစပီကာဟာ မကြာသေးခင်ကမှာ အိန္ဒိယနိုင်ငံမှာ Redmi Note 3 ဖုန်းနဲ့အတူတူ ဖြန့်ချိသွားခဲ့တဲ့ပစ္စည်းဖြစ်ပြီး၊ တန်ဖိုးအားဖြင့် ၃ သောင်းခွဲနီးပါး ရှိပါတယ်။

ဒီဇိုင်းပိုင်း

Mi Bluetooth စပီကာရဲ့ ဒီဇိုင်းကတော့ အမြင်နဲ့တင် သက်သေပြနေပါတယ်။ သေသပ်လှပမှုရှိသလို၊ ကိုယ်ထည်က တောင့်တင်းခိုင်မာမှုလည်း ရှိပါတယ်။ Apple ရဲ့ ရိုးရိုးရှင်းရှင်းထုတ်ကုန်ဒီဇိုင်းကို အနည်းငယ် တုပထားသလို ထင်ရပါတယ်။
အရောင်အသွေးစုံနဲ့လည်း ရရှိနိုင်ပြီး၊ အရောင်တူ Mi ဖုန်းနဲ့ တွဲသုံးမယ်ဆိုရင် တကယ်ဖက်ရှင်ကျပါတယ်။
01Mi-Bluetooth-Speaker
စပီကာရဲ့ ညာဘက်ခြမ်းမှာ၊ ပါဝါနဲ့ ရပ်တဲ့ခလုတ်အကြီးတစ်ခု၊ အသံအတိုးအချဲ့ ခလုတ်နှစ်ခု (ဒီခလုတ်နှစ်ခုမှာ ရှေ့/နောက် ကျော်တဲ့ခလုတ်ကို ပေါင်းထည့်ထားပါတယ်။ ဖိနှိပ်ပေးရမှာပါ) ၊ဘက်ထရီပမာဏနဲ့ bluetooth ရှာတဲ့ ခလုတ်၊ အားလုံးပေါင်း ခလုတ် ၄ ခုပဲ ပါဝင်ပါတယ်။
03Mi-Bluetooth-Speaker-right-side
စပီကာဘယ်ဘက်ခြမ်းမှာတော့၊ Aux-in အပေါက်တစ်ပေါက်၊ microUSB အားသွင်းပေါက်တစ်ပေါက် နဲ့ မိုက်ခရိုဖုန်းအပေါက်တစ်ပေါက်တို့ ပါဝင်ပါတယ်။ အိန္ဒိယမှာဖြန့်တဲ့အလုံးတွေမှာတော့ microSD ကတ်ထည့်ဖို့နေရာ ပါဝင်လာတာမတွေ့ရပါဘူး။
04Mi-Bluetooth-Speaker-left-side
အလေးချိန်က ၂၇၀ ဂရမ်သာရှိပြီး၊ သယ်ဆောင်ရတာ ပေါ့ပါးလွယ်ကူပါတယ်။ ဒါပေမယ့် အိတ်ကပ်တွေထဲ ထည့်ယူသွားဖို့အထိတော့ အဆင်မပြေပါဘူး။
05Mi-Bluetooth-Speaker-size-weight

အသံအရည်အသွေးနဲ့ စွမ်းဆောင်ရည်

Mi Bluetooth စပီကာဟာ အသံအရည်အသွေးမဆိုးဘူးလို့ ပြောလို့ရပါတယ်။ တန်ဖိုးနည်းစပီကာဆိုတော့ အသံအရည်အသွေးအမြင့်စားကြီး မျှော်မှန်းလို့မရပေမယ့်၊ ဆိုးဆိုးရွားရွားမဟုတ်ပါဘူး။ တခြား bluetooth စပီကာတွေထက် ဘေ့စ်သံပိုကျယ်ပေမယ့်၊ အသံဘောက်စ်က သေးနေတော့ နည်းနည်းအသံခါပါတယ်။ ဂီတတူရိယာတွေအများကြီးတစ်ပြိုင်တည်းတီးခတ်တဲ့ techno ၊ trance ၊ heavy-metal သီချင်းတွေမှာ၊ စပီကာက အသံတိုင်းမထွက်နိုင်ဘဲ၊ အသံတွေရောကာ၊ အနည်းငယ်ဆူညံသွားပါတယ်။
အနည်းငယ်သံစဉ်ငြိမ့်တဲ့ The Beatles တို့ The Doors တို့ သီချင်းတွေဆိုရင်တော့ စပီကာက အသံထွက် တော်တော်ကောင်းပါတယ်။ 36mm စပီကာဒရိုင်ဘာနှစ်ခုပါရှိပြီး၊ ချယ်နယ်တစ်ခုကို output 3W ရှိပါတယ်။
ကြိုးမဲ့ချိတ်ဆက်ဖို့အတွက် Bluetooth 4.0 ကို အသုံးပြုထားပြီး၊ ဖုန်းတွေ တက်ဘလက်တွေနဲ့ bluetooth pairing လုပ်တာ တော်တော်မြန်ပါတယ်။
07Mi-Bluetooth-Speaker-internals

ဖုန်းခေါ်ဆိုမှု

မိုက်ခရိုဖုန်းပေါက်ပါတဲ့အတွက် စပီကာကနေ hands-free ဖုန်းပြောလို့ရပါတယ်။ ဖုန်းအ၀င်အသံကတော့ ကြည်လင်ကျယ်လောင်ပါတယ်။ ကိုယ်ကပြန်ပြောတဲ့အသံကတော့ တခြား bluetooth စပီကာလိုပဲ၊ တစ်ဖက်လူအတွက် သိပ်အဆင်ပြေပြေကြားရမှာမဟုတ်ပါဘူး။

ဘက်ထရီ

စပီကာထဲမှာပါတဲ့ 1500mAh ဘက်ထရီက သီချင်းဆက်တိုက်ဖွင့်ထားရင်တောင် ၅ နာရီကနေ ၆ နာရီကြား ခံပါတယ်။ ဖုန်းက micro-USB ကြိုးနဲ့လည်း အားသွင်းနိုင်တာကြောင့် တော်တော်အဆင်ပြေပါတယ်။

အဆုံးသတ်သုံးသပ်ချက်

ဒီဇိုင်းပိုင်းက ရိုးရှင်းလှပသလို၊ အရောင်အသွေးစုံနဲ့လည်း ရရှိနိုင်တယ်ဆိုတော့ လူငယ်တွေအကြိုက်ပါပဲ။ မြန်မာငွေ ၃ သောင်းလောက်နဲ့ အသံအရည်အသွေးမဆိုးတဲ့ bluetooth စပီကာ ၀ယ်နိုင်ဖို့ဆိုတာက သိပ်တော့မလွယ်ပါဘူး။ အဓိကကတော့ ကိုယ့်မှာ Xiaomi ဖုန်းလေးလည်းရှိ၊ အရောင်တူ စပီကာလေးနဲ့ ဟန်ကျချင်တယ်ဆိုရင်တော့ ၀ယ်သင့်တဲ့စပီကာပါ။ ခရီးတွေဘာတွေထွက်တဲ့အခါလည်း အဆင်ပြေတာပေါ့။ ဒါပေမယ့် အိမ်မှာပဲ သီချင်းကို ကောင်းကောင်းနားဆင်ချင်တဲ့လူတွေကတော့ ကြိုးတပ်စပီကာတွေကိုပဲ ပိုအကြိုက်တွေ့မှာပါ။

Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment