♪ ဇော်ဂျီ၊ ယူနီကုတ်နှင့် ကွန်ပျူတာသုံးမြန်မာစာစနစ် အသုံးပြုသူတစ်ဦး၏ အမြင် ♫

1200x630bf

ယခုရက်ပိုင်းအတွင်း ဇော်ဂျီသံ ယူနီကုတ်သံ တညံညံပြန်ကြားရပြန်သည်။ ထုံးစံအတိုင်းမပြီးမစီးနိုင်သေး သည့် အငြင်းပွားမှုကြီးမှာ လက်ရှိအချိန်အထိ အဘက်ဘက်မှ ယောင်ပေပေဖြင့် ပေတေတင်းခံနေ ကြဆဲဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုနီးပါး အငြင်းပွားလာခဲ့သည့် အဆိုပါပြဿနာကြီးသည် လက်ရှိအချိန်အထိ ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် တည်ရှိနေဆဲ။

ကျွန်တော်တို့ ဇော်ဂျီလည်း သုံးဖူးကြမည်။ ယူနီကုတ်လည်း သုံးဖူးကြမည်။ ထို့ထက်ပို၍ ကွန်ပျူတာနှင့် စောစောထိတွေ့သူများသည် ဝင်းမြန်မာစာစနစ်လည်း သုံးခဲ့ဖူးကြမည်။ မည်သည့်မြန်မာစာ စနစ်မဆို အဓိက ရည်မှန်းချက်သည် ကွန်ပြူတာနှင့် စက်လည်ပတ်စနစ်များပေါ်တွင် မြန်မာစာကို အဆင်ပြေပြေ လွယ်လွယ်ကူကူ အသုံးပြုနိုင်စေရေးပင်ဖြစ်သည်။

ယခုတော့ ဒီလိုမဟုတ်ပေ။ နည်းပညာလောကနှင့် တစ်နိုင်ငံလုံးအတွက် အရေးပါလှသည့် ကွန်ပျူတာသုံး မြန်မာစာစနစ်တည်ဆောက်ရေးတွင် အဓိကအစုအဖွဲ့ကြီး နှစ်ခု၏ အငြင်းပွားမှုများကြောင့် ကွန်ပျူတာသုံး မြန်မာစာစနစ်ရှေ့ဆက်တိုးရေးမှာ အောင်မြင်လုနီးမှ တန့်နေရသည်။

ဇော်ဂျီမြန်မာစာစနစ်ကို ၂၀၀၄ ခုနှစ်တွင် စတင်ထွက်ရှိလာသည်။ ယူနီကုတ် 4.1 စံသတ်မှတ်ချက်က ၂၀၀၈ ခုနှစ်မ ထွက်ရှိလာသည်။ ထို့ကြောင့် ယူနီကုတ်စံသတ်မှတ်ချက်ကို လိုက်နာရန်ခက်ခဲခဲ့ခြင်းဖြစ်သည်ဟု ဇော်ဂျီဘက်ကဆိုကြသည်။ ယူနီကုတ်သမားများကြလည်း မြန်မာစာ ယူနီကုတ်စံသတ်မှတ်ချက်များမှာ ၁၉၉၉ ယူနီကုတ် 3.0 ကတည်းပါ ပါလာသည်ဟု ငြင်းကြပြန်သည်။

မည်သို့ပင်ဖြစ်စေ ယူနီကုတ်စနစ်အကောင်အထည်ပေါ်မှသာ တိုင်းရင်းသားစာပေများ ကွန်ပျူတာပေါ်တွင် ရှင်သန်နိုင်မည်ဖြစ်သကဲ့သို့ ဇော်ဂျီအသုံးပြုသူများလိုက်ပါလာမှသာ ယူနီကုတ်လည်း ရှေ့ဆက်၍ ရမည်ဖြစ်သည်။ ဇော်ဂျီကို Upgrade လုပ်ခြင်း၊ ယူနီကုတ်ကို ပြောင်းကြခြင်းများသည် ပညာရှင်များ၏ အပိုင်းသာဖြစ်ပြီး အသုံးပြုသူများအတွက်မူ အဆင်ပြေလွယ်ကူခြင်းသည်သာ ပဓာနဖြစ်သည်ကို မမေ့ကြသင့်ပေ။


လက်ရှိအချိန်တွင် ဇော်ဂျီစနစ်မှာ လူသုံးအများဆုံး မြန်မာစာစနစ်ဖြစ်သည်။ ပြည်တွင်းပြည်ပရှိ မြန်မာများအသုံးပြုနေသည့် ကွန်ပျူတာတိုင်း ဖုန်းတိုင်းတွင် ဇော်ဂျီစနစ်ကိုသာ အသုံးပြုနေကြသည်။ ယူနီကုတ်မှာ နိုင်ငံတကာသုံး စံသတ်မှတ်ချက်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုသူ လက်တစ်ဆုပ်စာဖြင့်သာ တန့်နေရသည်။

ယင်းအပေါ် နှစ်ဘက် တာဝန်ရှိသူများ၏ အမြင်လွဲမှားမှုများကလည်း ရှိနေသည်။ သူပြောင်းသင့်သည် ငါပြောင်းသင့်သည်နှင့် လိုရင်းကိုမရောက်နိုင်တော့။ သေချာသည်ကတော့ မည်သို့ပင်အငြင်းပွား သည်ဖြစ်စေ ယူနီကုတ်စနစ်ကိုကတော့ သေချာပေါက် ပြောင်းလဲရမည်ဖြစ်သည်။ ယင်းသို့သေချာပေါက် ပြောင်းလဲရမည်ဖြစ်သောကြောင့် ယူနီကုတ်ဘက်က အမြင်ကို လိုက်လျောရမည်ဟု မဆိုလို။ အကြောင်းအရင်းမှာ ထုနှင့်ထည်နှင့်ရှိနေသော ဇော်ဂျီသုံးစွဲသူများ စိတ်ပါလက်ပါ လိုက်လာအာင် ဖန်တီးပေးရမည်ဖြစ်သောကြောင့် ဖြစ်သည်။

လူအများ၏ သဘောမှာ ရှင်းပါသည်။ မည်သည့်အပြောင်းအလဲကိုမဆို တန်သည်ထင်လျှင် မည်သူမှ တိုက်တွန်းစရာမလို သူဆန္ဒအလျောက်ကို ပြောင်းချလာပါလိမ့်မည်။ သူတို့၏ ရင်ထဲအသဲထဲရောက်အောင် လုပ်ပြနိုင်ဖို့သာလိုသည်။

သည်အတိုင်းနေရင်းပင်လျှင် Software များ App များကို ဖုန်းဘီလ်အကုန်ခံ Update လုပ်ကြသေးသည်။ ကွန်ပျူတာ၊ အင်တာနက်နှင့် မိုဘိုင်းဖုန်းများပေါ်တွင် မြန်မာလို ပို၍အဆင်ပြေပြေ တိတိကျကျ လွယ်လွယ်ကူကူသုံးနိုင်မည်မှာ သေချာနေသော ယူနီကုတ်ကို အဘယ်ကြောင့် မသုံးချင်မည်နည်း။ ပိုပင်သုံးချင်ကြဦးမည်ထင်သည်။ ထို့ကြောင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် အလျော့ပေးညှိနှိုင်း၍ အဆိုပါကိစ္စလေးတစ်ခုကိုတော့ဖြင့် ပြီးစီးအောင်မြင်အောင် လုပ်ဆောင်ကြစေလိုသည်။ သို့မဟုတ်ပါ လျှင်မူ မြန်မာစာစနစ်သည် စာစီစာရိုက်စနစ်တစ်ခုအဆင့်မျှသာ ရှိနေဦးမည်ဖြစ်သည်။

ထို့ကြောင့် တိုင်းပြည်၏ နည်းပညာကဏ္ဍဖွံ့ဖြိုးရေးတွင် အရေးပါလှသည့်ကိစ္စကြီးကို ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ အာဏာပိုင်များဘက်ကလည်း ယခင်ကဲ့သို့ ပေါ့ပေါ့တန်တန် အလေးဂရုမပြုခြင်းမျိုး မလုပ်သင့်တော့ပေ။ လေးလေးနက်နက် အာရုံစိုက်ကာ ဝင်ရောက်ဦးဆောင်ပေးခြင်းမျိုး လုပ်ဆောင်သင့်သည်။ သက်ဆိုင်ရာ Stakeholders များမှ အမှန်တကယ်အလုပ်ဖြစ်နိုင်မည့် အနေအထားအထိ ညှိနှိုင်းပေးခြင်းဖြင့် ရှေ့ဆက်တိုးသင့်ပေသည်။

တီထွင်ဖန်တီးသူများတွင် မည်သည့် စံနှုန်းသတ်မှတ်ချက်များ၊ မည်သို့သော တီထွင်ဆန်းသစ်မှုများရှိနေသည်ဖြစ်စေ အသုံးပြုသူများအတွက်မူ အဆင်ပြေပြေ လွယ်လွယ်ကူကူ သုံးနိုင်ရေးသည်သာ အဓိကဖြစ်သည်။ မည်သို့စံနှုန်းသတ်မှတ်သည်၊ မည်သို့ ဖန်တီး တီထွင်ရသည်ဆိုသည်ကို လူတိုင်းနားလည်နိုင်မည်မဟုတ်ပေ။ ပညာရှင်များသာ နားလည်နိုင်သည့် ကိစ္စရပ်များအကြား အငြင်းပွားမှုများအတွက် အသုံးပြုရမည့် ပြည်သူများ နစ်နာနေခြင်းများ မသင့်လျော်လှပေ။

နှစ်ဖက်လုံး၏ အဓိကရည်မှန်းချက်မှာလည်း အသုံးပြုသူများအဆင်ပြေပြေသုံးနိုင်အောင် ဖန်တီးပေးချင်သည့် စေတနာပင်ဖြစ်မည်ဟု ထင်သည်။ ဤသို့ဆိုလျှင် အသုံးပြုသူများ၏ မျက်နှာကိုသာကြည့်၍ ပြောင်းလဲကြလျှင် မရပါမည်လော။

တစ်ဖက်နှင့်တစ်ဖက် လက်ညှိုးထိုး၍ တင်းခံနေကြမည့်အစား တစ်နိုင်ငံလုံးမှ ပြည်သူများ၏ မျက်နှာကို ကြည့်၍သာ ပြေင်းသင့်သည်ကို ခပ်မြန်မြန်ပြောင်းလဲခြင်းသည် အားလုံးကောင်းဖို့ဖြစ်လာမည်ဖြစ်သည်။ သို့မဟုတ်ပါက တိုင်းပြည်၏ နည်းပညာကဏ္ဍဖွံ့ဖြိုးရေးနှင့် မြန်မာစာစနစ်ဖွံ့ဖြိုးရေးတွင် အချိန်ကြန့်ကြာသွားသည်သာ အဖတ်တင်မည်ဖြစ်သည်။

လာမည့် ၂၀၁၇ တွင် သေချာပေါက် ယူနီကုတ်တစ်မျိုးသား သုံးစွဲရတော့မည်ဟု သတင်းကြားမိသည်။ ဟုတ်မဟုတ်တော့မသေချာ။ ကြိုဆိုသင့်သည့် သေချာပါက သတင်းတစ်ခုဖြစ်သည်။ သို့သော်လည်း သက်ဆိုင်ရာ ပညာရှင်များ တာဝန်ရှိသူများအနေဖြင့် သုံးစွဲသူများ၏ မျက်နှာကိုသာ ကြည့်၍ လက်ရှိပြဿနာများကို လျှင်လျှင်မြန်မြန်ဖြေရှင်းနိုင်လျှင် ၂၀၁၇ ပင်စောင့်စရာမလိုဟု ထင်မိပါသည်။

~မောင်မိုးဇွန်~

Credit to ==> Myanmar Digital Life Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

2 comments:

This comment has been removed by the author.
This comment has been removed by the author.

Post a Comment