♪ “ပိုမိုထူးခြားဆန်းပြားသော စမတ်ထုတ်ကုန်များအတွက် အသင့်အနေအထားရှိနေပြီဖြစ်သော Intel Curie” ♫


ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကျင်းပပြီးစီးခဲ့သော CES လူသုံးကုန် အီလက်ထရွန်းနစ်ပြပွဲတွင် ဆန်းသစ်သော နည်းပညာအသစ်များထက် မကြာသေးမီနှစ်များအတွင်းကျင်းပပြုလုပ်ခဲ့သော CES ပွဲများတွင် မိတ်ဆက် ခဲ့သော နည်းပညာ များနှင့်ပတ်သက်သည့် ထုတ်ကုန်များကို့ ပြင်ပဈေးကွက် အတွင်းဝင်ရန်အတွက် အသင့်အနေအထားအခြေအနေများကို ထုတ်ဖော် ပြသ နိုင်ခဲ့ကြသည်။ များစွာသော contents များဖြင့်ပံ့ပိုးပေးထားသည့် 4K TV များ၊ မိမိကိုယ်တိုင်ထိန်းချုပ်မောင်းနှင် သွားလာနိုင်သော စက်ရုပ်များ၊ ကားများ၊ Virtual Reality နည်းပညာများ၊ ၊Wearable devices များ၊ ကျန်းမာရေးအထောက် အကူပြုစမတ်ကိရိယာများစွာက CES ပြပွဲအား ဖုံးလွှမ်း သွားခဲ့သည်။

Samsung အနေဖြင့် မျက်နှာပြင်ပုံဖော်နည်းပညာသစ် ဖြစ်သော Quantum Dot အားအသုံးပြုထားသည့် SUHD TV ကိုမိတ်ဆက်ခဲ့ သကဲ့သို့ TCL ကလည်း ဈေးနှုန်းသင့်တင့်စွာဖြင့်ဝယ်ယူနိုင်မည့် 4K TV များကို မိတ်ဆက်ခဲ့သည်။ CES ပွဲတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိခဲ့ပေမယ့် 4K TV များအတွက် အရေးကြီးသည့်သတင်းတစ်ပုဒ်ကတော့ 4K ရုပ်သံလိုင်း များအား ထုတ်လွှင့်ပေးနိုင်မည့် Satellite TV Provider တစ်ဦးဖြစ်သည့် DirecTV က 4K content များကိုထုတ်လွှင့်ပေးနိုင်ရန်အတွက် မည်သည့် hardware ပစ္စည်းမှထပ်မံဝယ်ယူစရာမလိုဘဲ subscribers များထံသို့ 2016 ခုနှစ်အတွင်း၌ ထုတ်လွှင့်ပေးနိုင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အထူးသဖြင့်တော့ အားကစားထုတ်လွှင့်မှုရုပ်သံလိုင်းများအနေဖြင့် DirecTV ရဲ့ 4K ထုတ်လွှင့်မှု များမှာ အာရုံစိုက်လာဖွယ်ရှိသည်။အလားတူစွာပဲ Ultra HD Blu-ray စက်များကိုလည်း CES ပွဲမှာမြင်တွေ့ခဲ့ရသည်။ ဥပမာ အားဖြင့် Panasonic ရဲ့DMP-UB900 နှင့် Sony ရဲ့ Dolby 3D ပတ်လည်သံပြေး စနစ်ကို ထောက်ပံ့ပေးသော 4K Blu-rays စက်များဖြစ်သည်။ ယခုနှစ် CES ပွဲမှာသိသာထင်ရှားစွာပြသခဲ့ကြတာတွေကတော့ Drones များပဲဖြစ်ကြပါ တယ်။ ယခင်ကတော့ ကြိုးမဲ့ စနစ်နဲ့ အဝေးကနေထိန်းချုပ်ပျံသန်းရတဲ့ Drone တွေဟာ ယခုအခါမှာတော့ တမူထူးခြားသော စိတ်ကူးသစ်များစွာနဲ့ ပွဲထွက် လာခဲ့ပါတယ်။ ဥပမာအားဖြင့် Parrot Disco ဆိုတဲ့ drone ဟာ သမားရိုးကျ drone များကဲ့သို့ မဟုတ်ဘဲ လေယာဉ်ပျံတစ်စင်း အသွင်နဲ့ ဦးတည်ရာတစ်ခုတည်းဖက်သို့ ပဲ့ထိန်းပန်ကာတစ်ခုတည်းနဲ့ မောင်းနှင်နိုင် မယ့် အသွင်သဏ္ဍာန်ဖြင့်ပြုလုပ်ထားပါ တယ်။

 အဆိုပါ drone ဟာအမြန်နှုန်း ပိုမိုမြန်ဆန်ပြီး တစ်နာရီကို မိုင်၅၀ နှုန်းနဲ့ ၄၅မိနစ်ကြာပျံသန်းနိုင် မှာဖြစ်ပါ တယ်။ Drone တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုအဆင့်မြှင့်တင် ပေးလိုက် တာကတော့ Intel ရဲ့ RealSense ကင်မရာပဲဖြစ်ပါတယ်။ Intel ရဲ့ အဆိုပါ 3D depth-sensing optics ကိုအသုံးပြုထားတဲ့ Yunee ရဲ့Typhoon H Drone ဟာ ပျံသန်းရာလမ်းကြောင်းမှာရှိတဲ့ အတားအဆီးများကို တိကျစွာ စစ်ဆေးသိရှိနိုင်ပြီး ရှောင်လွှဲသွားနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုးအဆင့်မြှင့်တင် လာနိုင်မှုဟာ drones ကိုအသုံးပြုနေကြသူများအတွက်ကြီးမားသော တိုးတက်မှုတစ်ခုဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ 360 ဒီဂရီ ကင်မရာတွေတပ်ဆင်ပြီး ရုပ်ရှင်ရိုက်ကူးတဲ့အခါတွေမှာ များစွာ အထောက် အကူ ပြုနိုင်မှာဖြစ်ပါတယ်။

Drone တွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ လူလိုက်ပါနိုင်တဲ့ပထမဦးဆုံးသော Drone ကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Ehang Inc ကမိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ Drone ကို Ehang 184 ဆိုပြီးအမည်ပေးထားပါတယ်။ Ehang 184 ဟာ အလေးချိန်အားဖြင့် ပေါင် ၂၂၀ လေးပြီး အားပြည့်နေလျှင် ၂ နာရီအထိပျံသန်းနိုင်မှာဖြစ်ပါတယ်။

လူတစ်ယောက် သက်သောင့် သက်သာစွာလိုက်ပါစီးနင်းနိုင်စေဖို့ လုံလောက်တဲ့ အကျယ်အဝန်းပမာဏရှိပြီး အဲယားကွန်းပါရှိကာ စာဖတ် နိုင်ရန် အတွက် လုံလောက်တဲ့အလင်းရောင်လည်းရရှိနိုင်မှာဖြစ်ပါတယ်။ တစ်နာရီမှာ ၆၃မိုင်နှုန်းနဲ့ပျံသန်းနိုင်ပြီး အမြင့်ပေ၁၀၀၀ မှ ၁၆၅၀ အတော အတွင်းပျံသန်းနိုင်စေဖို့ ဒီဇိုင်းပြုလုပ်ထားပါတယ်။ VR Headset များအနေ ဖြင့်လည်း အာရုံခံဆင်ဆာစနစ်အဆင့်မြှင့်တင်မှုများနဲ့ ပြသခဲ့ကြတဲ့HTC Vive Pre နှင့် Oculus Rift တို့ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး စိတ်ဝင်စားဖွယ်ရာ ထုတ်ကုန်များစွာ ရာထောင်ချီပြသခဲ့တဲ့ CES ပွဲမှာ အရေးပါ လှသော အရာတစ်ခုကို Intel ကပြသခဲ့ပါတယ်။ အဲဒါကတော့ အကျီကြယ်သီးအရွယ်အစားရှိတဲ့ chip ပြားကလေးဖြစ်ပါတယ်။ အဆိုပါ chip ပြားကို ရေဒီယိုသတ္တိကြွမှုကို ဖော်ထုတ်တွေ့ရှိခဲ့တဲ့ မဒမ်ကျူရီရဲ့ အမည်မှ Curie ကို ယူကာ Intel Curie ဟု အမည်ပေးထားပါတယ်။

မကြာသေးမီနှစ်များအတွင်း ဝတ်ဆင်အသုံးပြုနိုင်တဲ့ wearable device များဟာ လူအများအကြား ကျယ်ကျယ်ပြန့်ပြန့်ထိုးဖောက်ဝင်ရောက် လာပါတယ်။ Intel ဟာ အဆိုပါ wearable device များရဲ့ လုပ်ဆောင်နိုင်စွမ်း တွေကို ပိုမိုတိုးချဲ့နိုင်စေဖို့ ဒီ chip ပြားကိုထုတ်လုပ်ခဲ့တာဖြစ်ပြီး wearable devices များစွာအတွက်သာမက drone တွေ၊ မောင်းသူမဲ့ ကားတွေ၊ စက်ရုပ်တွေ သာမက စက်ဘီးများ၊ရေလွှာလျှောစီးဘုတ်များအစရှိသော အားကစားပစ္စည်းကိရိယာပေါင်းများစွာမှာ တပ်ဆင်အသုံးပြုနိုင်မှာဖြစ်ပါ တယ်။ Intel ရဲ့ CEO Brain Krzanich ဟာ CES ပွဲမှာ BMX စက်ဘီးစီးသူများ၊ ရေလွှာလျှောစီးသူများနှင့် သရုပ်ပြတင်ဆက် သွားခဲ့ပါတယ်။

ဒီ ကြယ်သီး ခန့်ရှိတဲ့ chip ပြားလေးကိုအားကစားပစ္စည်းကိရိယာများနှင့် အားကစား သမား များရဲ့ ကိုယ်ခန္ဓာမှာ တပ်ဆင်ထားခြင်းဖြင့် အဆိုပါ ပစ္စည်းကိရိယာ များနှင့်အားကစားသမားများရဲ့ စွမ်းဆောင်ရည်နှင့်ပတ်သက်သော အချက် အလက်များကိုပို့လွှတ်ပေးနိုင်စေမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် စကိတ်ဘုတ် များတွင်တပ်ဆင်ထားပါက စကိတ်စီးနေစဉ် အမြန်နှုန်း၊ ခုန်သည့်အမြင့်၊ အကွာအဝေး၊ လေထဲ၌ရပ်တန့်သည့်ကြာချိန် စသည့် အချက်အလက်များကို ချက်ချင်းပို့လွှတ်နိုင်မှာ ဖြစ်တဲ့အတွက် အားကစားနှင့် ပတ်သက်သည့် တိုက်ရိုက်ရုပ်သံလွှင့်အစီအစဉ်များမှာ အဆိုပါ အချက်အလက် များကို တိကျစွာ ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Intel Curie ရဲ့အနာဂတ်ဟာ မည်သည့်အားကစားနယ်ပယ်မှာမဆို နေရာ ယူသွားနိုင်မှာ ဖြစ်ပါတယ်။

Intel ဟာ Curie ကိုပရိုမိုးရှင်းလုပ်တဲ့ အနေနဲ့ ESPN အား မကြာမီ ကျင်းပမယ့် Winter X Games (နှင်းလျှောစီး ပြိုင်ပွဲ)မှာ စပွန်ဆာအဖြစ် ပူးပေါင်းပါဝင်ထားတဲ့အတွက် Curie ကထုတ်လွှင့်လိုက်တဲ့ real time အချက်အလက်များကို အဆိုပါ နှင်းလျှောစီးပြိုင်ပွဲ ရုပ်သံထုတ်လွှင့်မှုများမှာ ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။Intel ဟာ BMX စက်ဘီးကုမ္ပဏီနဲ့တွဲဖက်ပြီး ပထမဦးဆုံးသော စမတ် BMX စက်ဘီးကိုဖန်တီးခဲ့ပါတယ်။ BMX စက်ဘီး ရဲ့ လက်ကိုင်ဘားနဲ့ ဖင်ထိုင်ခုံစသည်တို့မှာတပ်ဆင်ထား တဲ့ sensor များမှ ဖမ်းယူရရှိတဲ့ လှုပ်ရှားမှုဆိုင်ရာ အချက်အလက်များ မှတစ်ဆင့် အမြန်နှုန်း နဲ့ရွေ့လျားမှုများကိုတိုင်းတာနိုင်မှာဖြစ်ပါတယ်။ စက်ဘီးစီးသမားများ ရဲ့စတန့်ပြကွက်များနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်များစွာ ကိုရရှိနိုင်မှာဖြစ်ပါတယ်။

Intel ရဲ့ Curie moudule ဟာ အရွယ်အစား သေးငယ်ပြီးပါဝါစားသုံးမှုနိမ့်တဲ့ wearable deviceများအတွက်ရည်ရွယ် ထုတ်လုပ်ခဲ့တဲ့ Intel Quark SoC ရဲ့ မျိုးဆက်သစ်တစ်ခုဖြစ်ပါတယ်။Curie module ကို wearable နည်းပညာများကို အသုံးပြုကာ စမတ်ထုတ်ကုန် များကို ထုတ်လုပ်လိုတဲ့ အတွေ့အကြုံနည်းပါးသော ဖန်တီးသူများ အတွက်ရည်ရွယ်ပြီး ဒီဇိုင်းပြုလုပ်ထား တာဖြစ်ပါတယ်။ Curie ကို 32-bit Intel Quark SoC တပ်ဆင်ထားပြီး flash memory က 384kB နဲ့ SRAM က 80kB ပါဝင် ပါတယ်။ Curie ဟာ ရွေ့လျားမှုများကိုအာရုံခံနိုင်စေဖို့နဲ့ gesture များကို သိရှိနားလည်နိုင်စေဖို့ six-axis combo accelero-meter နဲ့ gyroscope sensor များနဲ့လွယ်လင့်တကူ ချိတ်ဆက်လုပ်ဆောင်နိုင် စေမှာဖြစ်ပါတယ်။ Curie ဟာ pattern-matching accelerator တစ်ခုပါရှိတဲ့ digital sensor တစ်ခုအဖြစ်လည်းလုပ်ဆောင်နိုင်စေမှာ ဖြစ်ပြီး battery အားသွင်း ဆားကစ်များအတွက် အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ Curie အနေဖြင့် devices များနဲ့ချိတ်ဆက်လုပ်ဆောင်ဖို့ ပါဝါစားသုံးမှု နည်းသည့် Bluetooth ကြိုးမဲ့ချိတ်ဆက်စနစ်ကိုအသုံးပြုထားပါတယ်။

Intel Curie SoC ကို ကိုယ်တိုင်လုပ် ပရောဂျက်များဖန်တီးနိုင်သည့် Arduino board များနဲ့တွဲဖက်ကာ Arduino 101 ဆိုတဲ့မော်ဒယ်ကို Intel က Maker Faire Rome မှာထုတ်ပြန်ကြေညာခဲ့ပြီးအဲဒါဟာ Curie moudle ကို ပထမဦးဆုံးအသုံးပြုတဲ့ Arduino board ပဲဖြစ်ပါတယ်။ Arduino ဟာ အီတလီ ကုမ္ပဏီတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ဆယ်စုနှစ်များမှာ စတင်လေ့လာ သူများ အတွက် ပရိုဂရမ်းမင်း၊ ကုဒ်ရေးသားမှု၊အီလက်ထရောနစ် နည်းပညာ များနဲ့ ကိုယ်ပိုင် ထုတ်လုပ်ဖန်တီးနိုင်တဲ့ ပစ္စည်းများ လုပ်ဆောင် နိုင်စေမယ့် Arduino board များစွာကို ထုတ်လုပ်ခဲ့ပါတယ်။ယခုအခါ Curie နဲ့ပေါင်းစပ်ဖန်တီးနိုင်ခဲ့တဲ့အတွက် Arduino 101 ဟာ ပိုမိုလုပ်ဆောင်နိုင်မှု များကို ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် သင့်ရဲ့ဖုန်းကနေ Bluetooth နဲ့ချိတ်ဆက် ရာမှာ ပိုမိုလွယ်ကူလာနိုင်မှာဖြစ်သလို accelerometer နဲ့ gyroscope များရဲ့ အချက်အလက်များကို ရယူပြီး အသုံးပြုထားတဲ့ projects များကိုဖန်တီးနိုင်လာမှာဖြစ်ပါတယ်။ Arduino 101 ကို ၂၀၁၆ခုနှစ်ရဲ့ ပထမလေးလပတ်ကာလအတွင်း USD 30 နဲ့ ရောင်းချသွားမှာဖြစ်ကာ US ရဲ့ပြင်ပနိုင်ငံများအဖို့ Genuino 101 လို့အမည် ခေါ်တွင်မှာဖြစ်ပါတယ်။

Intel အနေဖြင့် အလိုအလျောက်မောင်းနှင်နိုင်တဲ့ စက်ပစ္စည်းများမှာ သူ့ရဲ့ Curie နဲ့ RealSense နည်းပညာများနဲ့ ပိုမိုစွမ်းဆောင်လာနိုင်တဲ့ ထုတ်ကုန် များကိုလုပ်ဆောင်လာနိုင်စေဖို့ ဦးတည်ချက်အမြင်များ ချမှတ်လုပ်ဆောင် နေတာလည်းဖြစ်ပါတယ်။ စက်ရုပ်တွေရဲ့အာရုံခံစနစ်တွေက ပတ်ဝန်းကျင် အခြေအနေများကိုတိကျစွာ အာရုံခံနိုင်ပြီး ဆုံးဖြတ်ချက်များချမှတ်ကာ အလိုအလျောက်လုပ်ဆောင်နိုင်မှုများကိုလုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ Intel Curie sensor တပ်ဆင်ထားတဲ့ သွားလာရေး ယာဉ်များဟာ မိမိတို့ ကိုယ်တိုင် ဟန်ချက်ညီညီနဲ့ထိန်းကျောင်းသွားလာနိုင်မှာဖြစ်ကာ အတား အဆီးများကို ကွေ့ဝိုက်ကာ ကျော်လွှားဖြတ်သန်းသွားနိုင်မှာဖြစ်ပါတယ်။ အဲဒါကို Intel ရဲ့ CEO Brain Krazinch က Segway ကို စတိတ်စင်ပေါ်မှာ မောင်းနှင်ပြီးပြသခဲ့ပါတယ်။ Sensor တွေကပေးပို့တဲ့အချက်အလက်များကို ရယူပြီးနောက် စက်ရုပ်များအနေဖြင့် အချိန်နဲ့ တပြေးညီဆုံးဖြတ်ချက်များ လုပ်ဆောင်နိုင်မှုတွေအတွက် Intel ရဲ့ နောက်ဆုံးသောမျိုးဆက် Skylake Core m7 processor ကလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

စက်ရုပ်များသာမက ကောင်းကင်မှာပျံသန်းနိုင်မယ့် drone တွေအနေဖြင့် မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ချက်တွေနဲ့ အလိုအလျောက်ထိန်းကျောင်း ပျံသန်းလာနိုင်စေဖို့ Intel ရဲ့ RealSense ကင်မရာများမှထောက်ပံ့ပေး မှာဖြစ်ပြီး drone တွေဟာ သစ် တောထဲမှာရှိတဲ့သစ်ပင်တွေကြားမှာ အတားအဆီးများကို ကွေ့ဝိုက်ပျံသန်းလာနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် အားကစားနဲ့ ဂိမ်း ပိုင်းဆိုင်ရာနယ်ပယ်များမှာလည်း Intel Curie ဟာ ကျယ်ကျယ်ပြန့်ပြန့်နေရာယူလာနိုင်မှာဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်မှာ Intel Curie ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေဦးဆောင်ပါဝင်လာမှာဖြစ်ပြီး ဘယ်လိုမျိုး ထူးခြားဆန်းပြားတဲ့ စမတ်ထုတ်ကုန်တွေထွက်ပေါ် လာနိုင်မလဲ ဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ငြိမ်းချမ်း(BE-IT)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment