♪ စမတ်ဖုန်းဈေးကွက်ကနေ အရှုံးပေးထွက်ခွာပြီဖြစ်ကြောင်း BlackBerry တရားဝင်ကြေငြာ ♫


နာမည်ကျော်ကနေဒါစမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Blackberry ဟာ စမတ်ဖုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး၊ ဆော့ဖ်ဝဲထုတ်လုပ်မှုကိုပဲ အာရုံစိုက်သွားတော့မှာဖြစ်ကြောင်း ယမန်နေ့က တရားဝင်ကြေငြာခဲ့ပါတယ်။

Blackberry Ltd. က ထုတ်ပြန်ခဲ့တဲ့ ဒုတိယသုံးလပတ်အစီရင်ခံစာအရ ကုမ္ပဏီအနေနဲ့ ဆော့ဖ်ဝဲထုတ်လုပ်ရောင်းချမှုပိုင်းမှာ ယမန်နှစ်ကထက် ၈၉ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိခဲ့ပေမယ့်၊ စုစုပေါင်းလုပ်ငန်းလည်ပတ်မှုအရှုံးပေါ်ငွေက ကန်ဒေါ်လာ ၃၇၂ သန်းအထိ ရှိခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် ဈေးကွက်လေ့လာသူတွေ ခန့်မှန်းထားတဲ့ အရှုံးငွေပမာဏက ဒီထက်တောင်များသေးတာကြောင့် Blackberry အနေနဲ့ ဖြေသာတယ်လို့ ဆိုရမှာပါ။

Blackberry ဟာ လွန်ခဲ့တဲ့လအနည်းငယ်က DTEK50 ဆိုတဲ့ စမတ်ဖုန်းမော်ဒယ်အသစ်ကို ထုတ်ခဲ့ပေမယ့်၊ အဆိုပါဖုန်းဟာ Alcatel ရဲ့ Idol 4 ဖုန်းကို Blackberry ရဲ့ Android ဗားရှင်းထည့်ထားတဲ့ဖုန်းတစ်လုံးအဆင့် လောက်သာရှိသာပြီး၊ Blackberry ရဲ့ ကိုယ်ပိုင်ဒီဇိုင်းမျိုး မတွေ့ခဲ့ရတာကိုကြည့်ရင် Blackberry ဟာ အစောကတည်းက ဟာ့ဒ်ဝဲထုတ်လုပ်မှုကုန်ကျစရိတ်တွေကို လျော့ချနေခဲ့တာ သိသာပါတယ်။

BlackBerry ဟာ BlackBerry OS ကနေ စွန့်ခွာပြီး၊ Android OS ဘက် ပြောင်းပြီးကတည်းက ဟာ့ဒ်ဝဲပိုင်းကို အားထုတ်မှုသိပ်မရှိခဲ့ပါဘူး။ Priv ဖုန်းက မဆိုးဘူးလို့ ဆိုနိုင်ပေမယ့်၊ ဈေးကြီးတာကြောင့် လူတန်းစားမရွေးမကိုင်နိုင်တဲ့အပြင်၊ အရောင်းပိုင်းအောင်မြင်မှုမရခဲ့တဲ့ဖုန်းဖြစ်ပါတယ်။

BlackBerry ရဲ့ ရှေ့ဆက်မယ့်လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်ပြီး CEO John Chen က အခုလို ပြောကြားခဲ့ပါတယ်။

“ ယခုစီးပွားရေးဗျူဟာမှာတော့၊ ကျနော်တို့အနေနဲ့ လုံခြုံရေးပိုင်းနဲ့ အက်ပလီကေးရှင်းတွေ ပါဝင်တဲ့ ဆော့ဖ်ဝဲ ထုတ်လုပ်မှုအပိုင်းကို အာရုံစိုက်သွားမှာပါ။ ကုမ္ပဏီတွင်းဟာ့ဒ်ဝဲထုတ်လုပ်မှု လုပ်ငန်းစဉ်တွေ အကုန်လုံးကို ရပ်ဆိုင်းသွားမှာဖြစ်ပြီး၊ ဟာ့ဒ်ဝဲအပိုင်းကို မိတ်ဖက်ကုမ္ပဏီတွေနဲ့ပဲ စာချုပ်ချုပ်ဆိုလုပ်ဆောင်သွား မှာဖြစ်ပါတယ်။”

BlackBerry အမှတ်တံဆိပ်ကို ဖုန်းတွေမှာ ဆက်လက်မြင်ရဖို့ မျှော်လင့်ချက်ရှိသေးပေမယ့်၊ BlackBerry ကိုယ်တိုင်ထုတ်တဲ့ ဖုန်းတွေကိုတော့ မြင်ရဖို့မရှိတော့ဘဲ၊ တခြားကုမ္ပဏီတစ်ခုခုက ထုတ်လုပ်ပေးတဲ့ဖုန်းအနေနဲ့ပဲ ထွက်လာမှာပါ။



Credit to ==> Digital Times












<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment