♪ " တက်ဘလက်တစ်လုံးနဲ့ အသက်ကိုကယ်နိုင်သည် " ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်) ♫


ဥစ္စာကံစောင့်၊ အသက်ဥာဏ်စောင့်တဲ့ ... မြန်မာဆိုရိုးရှိတယ်။ အသက်ရှည်ရှည်နေချင်ရင် ဥာဏ်အမျှော် အမြင်နဲ့ ကိုယ့်ကိုယ်ကို စောင့်ရှောက်မှဖြစ်လိမ့်မယ်။ ကိုယ့်ကိုယ်ကို ဘာတွေစောင့်ရှောက်ရမလဲ။ သင့်တော်လျှောက်ပတ်တဲ့ နေထိုင်စားသောက်မှုပုံစံထဲမှာ ဘောင်ဝင်အောင်နေတတ်ရပါမယ်။ လေလုံး ကြီးကြီးနဲ့ပြောရင် Lifestyle ပေါ့။ 

လူတစ်ယောက်အသက်မရှည်ရတဲ့ အဓိကအကြောင်းကြီးနှစ်ချက်ပဲရှိပါတယ်။ ပထမအချက်က ထိခိုက်ရှနာအန္တရာယ်ကြောင့် အသက်မရှည်တာ။ ထိခိုက်ရှနာက ကြိုတင်မြင်နိုင်တဲ့အရာမဟုတ် လို့ ရှောင်လွှဲရတာမလွယ်ပေမယ့် ကျန်းမာရေးမကောင်းတာကိုတော့ နေထိုင်စားသောက်ပုံပြုပြင်ပြီး ရှောင်လွှဲလို့ရပါတယ်။ ကျန်းမာရေးကောင်းတာဟာ သေချိန်မတန်ဘဲ မသေရအောင်စောင့်ရှောက်တဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။


ကျန်းမာရေးကောင်းအောင်စောင့်ရှောက်ပါဆိုရင် လူတွေက ဓာတ်မှန်တို့ CT Scan တို့ MRI တို့ကို ပြေးမြင် တယ်။ ဓာတ်ခွဲခန်းမှာ သွေးစစ်တာကို ပြေးမြင်တယ်။ မဟုတ်ဘူးဗျ။ ကျန်းမာရေးကောင်းစေ မယ့် နေထိုင် စားသောက်ပုံအတိုင်း လိုက်နာကျင့်ကြံနေထိုင်မှသာ ကျန်းမာရေးကို စောင့်ရှောက်တာမည်ပါတယ်။ ဒီအလုပ်တွေကိုတက်ဘလက်တစ်လုံးက ကူညီပြီး လုပ်ပေးနိုင်ပါတယ်။ မှားနေပြီထင်တယ်။ တက်ဘလက်က ဆရာဝန်မှ မဟုတ်တာ။ မိတ်ဆွေတော့လွဲပြန်ပြီ။ ဆရာဝန်ဆီ ဆေးသွားကုမှ ကျန်းမာရေးစောင့်ရှောက်တယ်ဆိုတာဟာ တလွဲအတွေးအခေါ်ပဲဗျ။ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်ရမှာ


ဆရာဝန်က လာပြီး စောင့်ရှောက်မပေးနိုင်ဘူး။ သူက ဆေးကုပေးမယ်။ လိုတာညွှန်ပေးမယ်ဆိုတာလောက် လုပ်တာ။ ကောင်းပြီ။ တက်ဘလက်တစ်လုံးနဲ့ ကျန်းမာရေးကိုစောင့်ရှောက်မယ်ဆိုရင် ဘယ်ကစကြမှာ လည်း။ အစာအာဟာရပိုင်းက စကြပါမယ်။ ရေမသောက်ပဲနေရင်၊ အာဟာရပြည့်ဝအောင်မစားဘူးဆိုရင် ကျန်းမာရေး ဘယ်ကလာပြီး ကောင်းမှာတုန်း။ တက်ဘလက်က ဘိုနိုင်ငံမှာ အစပြုတာဖြစ်လို့ သူက ကျန်းမာရေးကို ဘိုလိုပဲ စောင့်ရှောက်တတ်ပါတယ်။ အဲဒီတော့ စားသောက်ရာမှာအရေးပါတဲ့ တစ်နေ့ကယ်လိုရီဘယ်လောက်စားမိသလဲဆိုတာ သူက တွက်ချက်ပေးနိုင်ပါတယ်။ အစာကြေချက်အား သိပ်ကောင်းနေတဲ့ အရွယ်ကလွဲပြီး အစားအသောက် မီးလိုတောက်တာ မကောင်းဘူးလေ။ 

တစ်နေ့တစ်နေ့စားမိတဲ့ ကယ်လိုရီပမာဏကိုတွက်ချက်ဖို့ တက်ဘလက်ပေါ်မှာသုံးနိုင်တဲ့ app တွေရှိပါတယ်။ တစ်မျိုးကတော့ My Fitness Pal ကထုတ်တဲ့ Calorie Counter & Diet Tracker app ပါ။ Android အတွက် app ကို www.snipca.com/16754 ကနေ အခမဲ့ download ဆွဲချပြီး သုံးနိုင်ပါတယ်။ iOS အတွက်ဆိုရင် www.snipca.com/16753 ကနေ download ဆွဲနိုင်ပါတယ်။ App ထဲမှာ ကြော်ငြာဆိုတဲ့ဒဏ်ကိုခံနိုင်သရွှေ့ အခမဲ့သုံးနိုင်ပါတယ်။ ကြော်ငြာဒဏ်မခံနိုင်ရင် တစ်လကို ဆယ်ဒေါ်လာအကုန်ခံပြီး ကြော်ငြာလွတ် app ကို သုံးနိုင်ပါတယ်။


သူ့ကိုသုံးချင်ရင် အခမဲ့ account တစ်ခုဖွင့်ရမယ်။ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေ ပေးရမယ်။ အဲဒီအထဲမှာ အသက်၊ အရပ်၊ ကိုယ်အလေးချိန်နဲ့ ကိုယ်ထိန်းသိမ်းထားချင်တဲ့ မျှော်လင့်ကိုယ့်အလေးချိန်ပါ တယ်။ ဒီ app က ကိုယ့်ရည်မှန်းချက်ရောက်အောင် နေ့စဉ်စားရမယ့် ကယ်လိုရီပမာဏကို တွက်ပေးပါမယ်။ ဒီ app ထဲကို နေ့စဉ်ကိုယ်စားတဲ့အစားအစာတွေကို ရိုက်ထည့်ပေးနိုင်တယ်။ သူက ထိန်းသိမ်းထားတဲ့ database ကြီးကိုသုံးပြီး တစ်နေ့မှာ စုစုပေါင်း ကယ်လိုရီဘယ်လောက်စားဖြစ်တယ်ဆိုတာ တွက်ပေးပါမယ်။ တကယ်လို့များ ဖုန်းတွေတက်ဘလက်တွေနဲ့ တွဲပြီးသုံးလို့ရတဲ့ Fitness band လက်ပတ်ကြိုးတွေကို သုံးနေတယ်ဆိုရင် အဲဒီထဲက နေ့စဉ်လျှောက်တဲ့ခြေလှမ်းနဲ့ နေ့စဉ်လှုပ်ရှားမှု data တွေကို လွှဲယူပြီး ကယ်လိုရီဘယ်လောက်ကျွမ်းပစ်တယ်ဆိုတာကို တွက်ပေးနိုင်ပါသေးတယ်။ 


အစားကိစ္စပြီးရင် အရေးကြီးတာ အအိပ်ပါ။ နေ့စဉ်အချိန်မှန်အိပ်ယာဝင်ဖို့ လိုတယ်။ ညဆယ်နာရီမှာ အိပ်ယာဝင်မယ်ဆိုရင် အဲဒီအချိန် ပုံမှန်အိပ်ယာဝင်ရမယ်။ အသက်အရွယ်အလိုက် လိုတဲ့အိပ်ချိန်ပြည့်အောင် အိပ်ရမယ်။ လူငယ်ပိုင်းက တစ်နေ့မှာ ၈ နာရီအိပ်ပြီး လူကြီးပိုင်းက ၇ နာရီအိပ်ဖို့ လိုပါတယ်။ အိပ်ရေးမ၀ရင် လူကစိတ်တိုတယ်။ တစ်ကိုယ်လုံးနုံးချိပြီး ရက်ရှည်လာရင် ရောဂါကြီးငယ်ပေါင်းစုံဖြစ်နိုင်တယ်။ အဲဒီထဲမှာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အ၀လွန်ရောဂါနဲ့ ဆီးချိုရောဂါတွေပါတယ်။ အိပ်ရေးမ၀တာဟာ ခန္ဓာကိုယ်ရဲ့ ရောဂါခုခံအားကိုကျဆင်းစေတဲ့ အကြောင်းတစ်ခုခုလည်းဖြစ်ပါတယ်။ ခုခံအားကျရင် ကူးစက်ရောဂါပေါင်းစုံ ဖြစ်နိုင်ပါတယ်။


ကျန်းမာရေးလက်ပတ်ကြိုးတွေက လူတစ်ယောက်အိပ်စက်ပုံကို ခြေရာခံပေးနိုင်ပါတယ်။ ဒါပေမဲ့ တက်ဘလက်သုံးပြီးလည်း ခြေရာခံနိုင်တာပါပဲ။ Sleep Bot ဆိုတာ အိပ်စက်ပုံကိုခြေရာခံပေးနိုင်တဲ့ တက်ဘလက်သုံး app ဖြစ်ပါတယ်။ Android စနစ်အတွက်ဆိုရင် www.snipca.com/16756 ကနေ download ဆွဲချပြီး သုံးနိုင်ပါတယ်။ iOS အတွက်ဆိုရင် www.snipca.com/16755 ကနေ download ဆွဲချပြီး သုံးနိုင်ပါတယ်။ တက်ဘလက်ကို အားအပြည့်သွင်းပြီး အိပ်ယာနံဘေးမှာ ချထားလိုက်ပါတယ်။ ဒီ app က ကိုယ်ညဘက်အိပ်နေတုန်းလုပ်ခဲ့တဲ့ လှုပ်ရှားမှုနဲ့ အသံပလံတွေကို ခြေရာခံမှတ်တမ်းတင်ပါမယ်။ ကိုယ့်ရဲ့ sleepcycle နဲ့ပတ်သက်ပြီး အထောက်အပံ့ဖြစ်စေမယ့် သတင်းအချက်အလက်တွေကို ပေးပါမယ်။ 


အချိန်အတိုင်းအတာတစ်ခုလွန်မြောက်လာပြီဆိုရင် အိပ်စက်တာနဲ့ပတ်သက်ပြီး ကိုယ်ဖြစ်ချင်တာကို ပုံစံချရတော့မယ်။ ကိုယ့်ရဲ့အိပ်စက်ပုံနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို ဆန်းစစ်ရမယ်။ Light Sleep လို့ခေါ်တဲ့ အိပ်မပျော်တပျော်အခြေအနေမှာနှိုးဖို့ Smart alarm လုပ်နိုင်ပါတယ်။ တာရှည်အိပ်မပျော်တာကို အကူအညီပေးနိုင်တဲ့ တခြား app တွေလည်း ရှိပါသေးတယ်။ iOS အတွက် သုံးနိုင်တာက Sleep 10 ဖြစ်ပါတယ်။ www.snipca.com/16757 ကနေ download ဆွဲချပြီး သုံးနိုင်ပါတယ်။ အခမဲ့ဆိုပေမယ့် အိပ်မပျော်တာကိုကျော်လွှားနိုင်စေမယ့် နည်းလမ်းတွေလိုချင်တယ်ဆိုရင် တစ်လကို ဆယ်ဒေါ်လာပေးပြီး သုံးရပါမယ်။ အခမဲ့ဆိုပေမယ့် ကိုယ်နဲ့အလုပ်ဖြစ်၏ မဖြစ်၏ကို အခမဲ့ကာလတစ်ခုအတွင်းမှာ စမ်းကြည့်နိုင်ပါတယ်။


မကျန်းမမာဖြစ်ပြီး စောစောစီးစီးမသေချင်ရင် လှုပ်လှုပ်ရှားရှားနေဖို့လည်း လိုတယ်။ တစ်နေ့ကို မိနစ်နှစ်ဆယ်လောက် ခပ်သွက်သွက်လေးလမ်းလျှောက်မယ်ဆိုရင် လက်ရှိမျှော်မှန်းနိုင်တဲ့ အသက်ထက် ပိုရှည်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။ တစ်ရက်ကို ခြေလှမ်းတစ်သောင်းလျှောက်ပါလို့ပြောတာလည်း ရှိပါတယ်။ ဒီကိစ္စအတွက် App တွေရှိပေမယ့် တက်ဘလက်က built-in GPS ပါဖို့လိုပါတယ်။ ဒါကြောင့် အတော်များများက GPS ပါတဲ့ ဖုန်းတွေမှာပဲ အဆင်ပြေပါတယ်။ တကယ်လို့ အခုနောက်ပိုင်းထွက် အဆင့်မြင့်တက်ဘလက်သုံးမယ်ဆိုရင် GPS ပါတဲ့အတွက် Moves ဆိုတဲ့ app ကိုသုံးနိုင်ပါတယ်။ Android အတွက် www. snipca.com/19751 ကနေ download ဆွဲနိုင်ပြီး iOS အတွက် www.snipca.com/ 19752 ကနေ downlaod ဆွဲနိုင်ပါတယ်။ Android စနစ်သုံးသူတွေအတွက် Google Fit app လည်း သုံးနိုင်ပါတယ်။


ကျန်းမာရေးကို စပြီးစောင့်ရှောက်တာက ဟုတ်ပါပြီ။ ဘယ်အရွယ်ကစပြီး စောင့်ရှောက်မှာလဲ။ ဒီအလုပ်က ငယ်ငယ်မှာစပြီးလုပ်လေ ကောင်းလေပါ။ အသက်ကြီးမှ စပြီးလုပ်ဖြစ်တယ်ဆိုရင်ဖြင့် ရောဂါ တချို့က ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါအတွက် ကိုယ့်ဘာသာစစ်ဆေးနိုင်တဲ့ app တချို့ရှိပါတယ်။ အရေပြားပေါ်မှာ ကြွက်နို့တွေပေါက်ပြီး ကြွက်နို့တွေက ပုံစံတဖြည်းဖြည်းပြောင်းလာသလား။ ဒါဆို အန္တရာယ်ရှိနိုင်တယ်။ Doctor Mole app ကို Android အတွက် www.snipca.com/16774 ကရနိုင်ပြီး iOS အတွက် ၅ ဒေါ်လာကျပါမယ်။ www.snipca.com/16810 ကနေ ရပါမယ်။ 


ဆီးချိုရှိတယ်လို့မသင်္ကာရင် Gluco-smart app ကို သုံးနိုင်ပါတယ်။ Android အတွက် www.snipca.com/16811 ကနေရနိုင်ပြီး iOS အတွက် www.snipca.com / 1677 ကနေ ရနိုင်ပါတယ်။ App က အခမဲ့ဖြစ်ပေမယ့် တွဲသုံးရမယ့် iHealth Wireless Glucose Monitor အတွက်က ဒေါ်လာရှစ်ဆယ်နီးပါးကျပါမယ်။ ကိုယ့်မှာခံစားနေရတဲ့ တခြားလက္ခဏာတွေက ဘာရောဂါကြောင့်ဆိုတာသိချင်ရင် health and Symptom Checker app ကိုသုံးနိုင်ပါတယ်။ လုံးဝ အခမဲ့ပါ။ Android စနစ်အတွက် www.snipca.com/16770 ကရနိုင်ပြီး iOS အတွက် www.snipca.com/16769 ကနေ ရနိုင်ပါတယ်။ ကိုင်း ... တက်ဘလက်တစ်လုံးနဲ့ အသက်ကယ်နိုင်တယ်ဆိုတာ ယုံပြီလား။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 









www.pyaephyo.com

0 comments:

Post a Comment