သင့် စမတ်ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို လက်ရှိထက်ပိုပြီး ရှည်ကြာစေချင်ရင်တော့ External Battery များကို အသုံးပြုနိုင်ပါတယ်။ External Battery လို့ဆိုရာမှာလည်း Battery Case , Extended Battery နဲ့ Power Bank စတဲ့ ရွေးချယ်စရာ နည်းလမ်းတွေ ရှိပါတယ်။ အဲဒီရွေးချယ်စရာ နည်းလမ်းတစ်ခုချင်းစီရဲ့ အားသာချက်၊ အားနည်းချက်များကို သိရှိမှသာ သင့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ နည်းလမ်းကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Battery Case
ပထမဆုံး နည်းလမ်းက Battery Case ဖြစ်ပါတယ်။ Battery Case ထဲမှာ သင့်စမတ်ဖုန်းကို ထည့်သွင်း တပ်ဆင်ရမှာ ဖြစ်ပြီး Battery Case များဟာ ဖုန်းကို ကာကွယ်ပေးတဲ့ Case များနဲ့ ဒီဇိုင်း တူညီပါတယ်။ ဒါပေမယ့် Battery Case များမှာ ကိုယ်ပိုင် ဘက်ထရီ ပါရှိတဲ့ အတွက် သာမာန် Case များထက် ပိုထူပြီး ပိုလေးပါတယ်။ Battery Case ဟာ သင့်ဖုန်းရဲ့ Charging Port နဲ့ ချိတ်ဆက်နေတာဖြစ်ပြီး သင့်ဖုန်းကို ဘက်ထရီ အပို အနေနဲ့ ဖြည့်တင်းပေးနေတာ ဖြစ်ပါတယ်။ Case နဲ့ ဖုန်း နှစ်ခုစလုံးရဲ့ ဘက်ထရီကို အားဖြည့်ချင်ရင် Case ရဲ့ Charging Port မှာ အားသွင်းကြိုးကို တပ်ဆင်လိုက်တာနဲ့ ဖုန်းကိုရော Case ကိုပါ အားဖြည့်ပေးမှာ ဖြစ်ပါတယ်။ Case နဲ့ ဖုန်းကို သီးခြားစီ အားသွင်းစရာမလိုပါဘူး။
Battery Case ဟာ သင့်ဖုန်းကို ပိုထူ၊ ပိုလေးစေပေမယ့် ဖုန်းနဲ့ တွဲလျက် ယူဆောင်သွားနိုင်တဲ့အတွက် Power Bank များလို သီးခြား ယူဆောင်သွားရတဲ့ ဒုက္ခ မရှိပါဘူး။ ဒါ့အပြင် Power Bank များကို အသုံးပြုရင် ဖုန်းကို ကြိုးနဲ့ ချိတ်ဆက်ရတဲ့ အလုပ်ရှုပ်မှုရှိနေပါတယ်။ Battery Case များက သင့်ဖုန်းနဲ့ စဉ်ဆက်မပြတ် ချိတ်ဆက်နေပြီး ခလုတ်ကို ဖွင့်လိုက်တာနဲ့ သင့်ဖုန်းကို အားသွင်းပေးမှာ ဖြစ်ပါတယ်။
Battery Case များဟာ ဖုန်းနဲ့ တွဲလျက် ကိုင်ဆောင်နိုင်တဲ့ အတွက် အလွန်အဆင်ပြေပေမယ့် ဖုန်းတိုင်းအတွက်တော့ Battery Case များကို ထုတ်လုပ်ပေးထားခြင်း မရှိပါဘူး။ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများအတွက်သာ Battery Case များ ရောင်းချပေးနေတာ တွေ့ရပါတယ်။ Mophie ရဲ့ iPhone Battery Case များက နာမည်ကြီးပေမယ့် အခြား စမတ်ဖုန်းများအတွက်လည်း Mophie က ထုတ်လုပ်ပေးထားပါတယ်။ Battery Case များ ထုတ်လုပ်နေတဲ့ အခြား ကုမ္ပဏီများစွာလည်း ရှိပြီး စွမ်းဆောင်ရည်မြင့် Android Phone များအတွက်လည်း Battery Case များရှိပါတယ်။ သင့်ဖုန်းရဲ့ မော်ဒယ်နဲ့ ကိုက်ညီတဲ့ Battery Case များကို သေချာ စိစစ်ပြီး ရှာဖွေဝယ်ယူဖို့ အရေးကြီးပါတယ်။
1
Extended Battery
ဖုန်းတိုင်းမှာ ဘက်ထရီကို လဲလှယ်လို့ မရပေမယ့် ဖုန်းအများစုမှာတော့ ဘက်ထရီကို လဲလှယ်နိုင်အောင် ပြုလုပ်ပေးထားကြပါတယ်။ ဘက်ထရီကို လဲလှယ်လို့ ရတဲ့ ဖုန်းများအတွက် နဂိုပါတဲ့ ဘက်ထရီထက် ပိုမို စွမ်းဆောင်ရည်ကောင်းတဲ့ ဘက်ထရီများကို ၀ယ်ယူလဲလှယ်နိုင်ပါတယ်။ သင့်ဖုန်းအတွက် ပိုမိုစွမ်းဆောင်ရည်ကောင်းတဲ့ ဘက်ထရီကို အသုံးပြုဖို့အတွက် “ extended battery “ ဆိုတဲ့ စကားစုနဲ့ သင့်ဖုန်း အမျိုးအစားကို တွဲလျက် Google ကနေ ရှာဖွေနိုင်ပါတယ်။ ဥပမာ အနေနဲ့ Third-Party Company တစ်ခုက Samsung Galaxy S5 ရဲ့ ဘက်ထရီထက် သုံးဆ ပိုမို အသုံးခံတဲ့ ဘက်ထရီကို ဒေါ်လာလေးဆယ်လောက်နဲ့ ရောင်းချပေးနေပါတယ်။
Battery Case များကို အသုံးပြုရင် သင့်ရဲ့ ဖုန်းဟာ ပိုမိုကြီးမားပြီး ဒီဇိုင်းကလည်း ပြောင်းလဲသွားမှာ ဖြစ်ပေမယ့် Extended Battery ကို အသုံးပြုရင် သင့်ဖုန်းရဲ့ နဂို ဒီဇိုင်းကို ထိခိုက်မှာ မဟုတ်ပါဘူး။ Extended Battery နဲ့ နဂိုပါတဲ့ ဘက်ထရီကို တစ်လှည့်စီ လဲလှယ် အသုံးပြုနိုင်ပါသေးတယ်။
2
Power Bank or Battery Pack
နောက်ဆုံး နည်းလမ်းတစ်ခုက Power Bank or Battery Pack များ ဖြစ်ပါတယ်။ Battery Case များ တပ်ဆင်ခြင်းနဲ့ Extended Battery များ လဲလှယ် အသုံးပြုခြင်းထက် Power Bank များကို သွားလေရာ ယူဆောင်ပြီး သင့်ဖုန်းကို အားသွင်းနိုင်ပါတယ်။ နံရံကပ် ပလက်ပေါက် မရှိတဲ့ နေရာများမှာ သင့်ဖုန်းကို Power Bank နဲ့ အားသွင်းကြိုးမှတစ်ဆင့် ချိတ်ဆက် အားသွင်းနိုင်ပါတယ်။ Power Bank များကို အသုံးပြုရင် အပေါ်က နည်းလမ်းနှစ်ခုလို သင့်ဖုန်းရဲ့ အလေးချိန်ကို တိုးလာစေမှာ မဟုတ်တဲ့ အားသာချက်ရှိသလို တက်ဘလက်လို စွမ်းအားပိုမိုလိုအပ်တဲ့ အခြား ကိရိယာများအတွက်လည်း Power Bank က သင့်တော်ပါတယ်။ ဒါပေမယ့် အားနည်းချက်များ အနေနဲ့ Power Bank နဲ့ ဖုန်း နှစ်ခုစလုံးကို သီးခြား ယူဆောင်သွားရမယ့် အလုပ်ရှုပ်မှု ရှိနေပါတယ်။ Power Bank မှာ အားကုန်သွားတဲ့အခါမှာလည်း သီးခြား အားသွင်းပေးရမှာ ဖြစ်ပြီး Battery Case လို ဖုန်းကိုရော Case ကိုပါ အားသွင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် Battery Case လို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဖုန်းကို အားသွင်းပေးမှာ မဟုတ်ဘဲ Power Bank နဲ့ စမတ်ဖုန်းကို အားသွင်းကြိုးနဲ့ ချိတ်ဆက် အားသွင်းရမှာ ဖြစ်ပါတယ်။
Power Bank များ ၀ယ်ယူရင်တော့ သင့်ရဲ့ စမတ်ဖုန်း ၊ တက်ဘလက် အားလုံးအတွက် လုံလောက်တဲ့ စွမ်းအားကို ပံ့ပိုးပေးနိုင်တဲ့ အမျိုးအစားကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒီလို တွက်ချက်ဖို့အတွက် အောက်က ဖော်မြူလာကို အသုံးပြုနိုင်ပါတယ်။
သင့် Device များ အားလုံးရဲ့ စုစုပေါင်း mAh * အားသွင်းမယ့် အကြိမ်အရေအတွက် = လိုအပ်တဲ့ Power Bank ရဲ့ mAh ပမာဏ
ဥပမာ အားဖြင့် Samsung Galaxy SIII နဲ့ iPad Air နှစ်ခုပေါင်းရဲ့ ဘက်ထရီ ပမာဏဟာ 13,660mAh ဖြစ်ပါတယ်။ အဲဒီ Device နှစ်ခုကို တစ်ခါ အားအပြည့်သွင်းပေးနိုင်တဲ့ Power Bank ကို လိုချင်ရင် 13,660 mAh ၀င်ဆန့်တဲ့ Power Bank ကို ၀ယ်ယူရမှာ ဖြစ်ပါတယ်။ အဲဒီ Device နှစ်ခုကို နှစ်ကြိမ် အားအပြည့်သွင်းချင်ရင် 27,320mAh Battery Pack လိုအပ်မှာ ဖြစ်ပါတယ်။
Power Bank များ ၀ယ်ယူရာမှာ နောက်ထပ် အရေးကြီးတဲ့အချက်က မှန်ကန်တဲ့ Amperage ကို ရွေးချယ်ဖို့ဖြစ်ပါတယ်။ Power Bank များမှာ 1A နဲ့ 2.1A Ports များ ပါရှိတတ်ပါတယ်။ သင့်စမတ်ဖုန်းကို Port နှစ်ခုစလုံးမှာ အားသွင်းနိုင်ပေမယ့် သင့် စမတ်ဖုန်းဟာ 2.1A ကို အထောက်အပံ့ပေးရင် 2.1A Port နဲ့ ချိတ်ဆက်အားသွင်းတာက ပိုမိုမြန်ဆန်စွာ အားပြည့်မှာ ဖြစ်ပါတယ်။ သင်ပိုင်ဆိုင်တဲ့ Device များရင် များသလို Port များစွာ ပါတဲ့ Power Bank ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။
3
စမတ်ဖုန်းများရဲ့ ဘက်ထရီ နည်းပညာဟာ အခြား စမတ်ဖုန်ုး Hardware နည်းပညာများထက် တိုးတက်မှု နှေးကွေးနေပါသေးတယ်။ အဲဒီအတွက် Battery Case များ၊ Extended Battery များနဲ့ Power Bank များကို ထုတ်လုပ်ရောင်းချနေကြတာ ဖြစ်ပါတယ်။ အဲဒီလို ရွေးချယ်စရာများစွာ ရှိတဲ့ အထဲကမှ သင့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။