♪ “Social Media တွေကြောင့် အနုပညာလုပ်ရတာပိုပြီးကျယ်ပြန့်လာတယ်လို့ ဆိုတဲ့ လုလုအောင် နှင့် တွေ့ဆုံခြင်း” ♫


ညီမလေးအနေနဲ့ ဆိုရှယ်မီဒီယာပိုင်းမှာ ဘယ်လိုဟာတွေကို အသုံးပြုဖြစ်နေ တယ်ဆိုတာ ပြောပြပေးပါဦး။

----- ဆိုရှယ်မီဒီယာကတော့ အဝေးက သူငယ်ချင်းတွေနဲ့ ဆက်သွယ်လို့ရမယ့် Viber တို့ Wechat တို့သုံးတယ်၊ Instagram လည်းသုံးဖြစ်တယ်၊ ဖေ့ဘုတ် ကတော့ အဓိကသုံးဖြစ်တဲ့ဟာပေါ့။ အဲဒါတွေတင် မကဘူး Google ကိုလည်း တစ်ခုခုရှာဖို့၊ လေ့လာဖို့သုံးဖြစ်တယ်။

ညီမလေးရဲ့ Facebook Account နဲ့ Facebook Page ကိုလည်း မိတ်ဆက် ပေးပါဦး။

----- ဖေ့ဘုတ်အကောင့်ကတော့ Lu Lu Aung ပါ။ Page ကလည်း လုလုအောင် ပဲ၊ ဒါပေမယ့် သူက a အသေးနဲ့ ပေါင်းတာပါ။ အင်စတာဂရမ်မှာ လည်း လုလုအောင်ပဲ ဒါပေမယ့် အင်စတာဂရမ်ကိုတော့ ပုံတွေဘာတွေ သိပ်မတင်ဖြစ်ဘူး၊ တစ်ခါတလေမှလည်း ၀င်ကြည့်ဖြစ်တာ။ သူငယ်ချင်း အများစုကလည်း ဖေ့ဘုတ်ပဲသုံးတော့လေ။

ညီမလေးအနေနဲ့ ဆိုရှယ်မီဒီယာက အနုပညာနဲ့ ဘယ်လိုပုံစံ ဆက်စပ်နေတယ် လို့ မြင်မိလဲ။

----- ဆိုရှယ်မီဒီယာတွေ ရှိလာတော့ အနုပညာလုပ်ရတာပိုပြီး ကျယ်ပြန့်လာ တယ်လို့ ခံစားရတယ်၊အရင်ကဆို ဆိုရှယ်မီဒီယာမရှိတော့အရမ်းကို ထိုးဖောက် ရခက်တယ်။ အခုက ဖေ့ဘုတ်ကိုလူတိုင်းလိုကလည်း သုံးနေတာဆို တော့ မြန်မြန်နဲ့ ခရီးရောက်တယ်။ လူလည်း ပိုသိလွယ်တယ်လို့ မြင်ပါတယ်။

ညီမလေးအရင်တုန်းက အနုပညာလုပ်ခဲ့တယ်ဆိုလားလို့

----- ဟုတ်တယ်။ အဲဒါက ၂၀၀၄ ခုနှစ်လောက်ကဖြစ်မယ်၊ အဲဒီတုန်းက ဆိုရှယ်မီဒီယာတွေ ဘာတွေခေတ်မစား သေးတော့ မဂ္ဂဇင်းတွေမှာ ပါဖို့ ကြိုးစားရတယ်၊ အဲဒါကလည်းအရမ်းခက်တယ်။ သူ့အလှည့်ကိုယ့်အလှည့်နဲ့ ကိုယ့်အလှည့်ရောက်ဖို့ တော်တော်စောင့်ရတယ်။ ပြီးတော့ ညီမကစာမေးပွဲ ဖြေဖို့ မြစ်ကြီးနားပြန်ပြန်သွား လိုက်တော့ အဆက်အသွယ်ပြတ်သလိုဖြစ်သွား တယ်။ အဲဒီကြားထဲမှာ အိမ်ထောင်လည်းကျသွားတော့ အနုပညာဘက်ကို မလုပ်ဖြစ်တော့တာပါ။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကမှ ကိုယ့်ဘာသာ Relax ဖြစ်အောင် အားလပ်ချိန်လေးတွေမှာ ရိုက်ထားတဲ့ ပုံလေးတွေ ဖေ့ဘုတ်မှာ တင်ရင်းနဲ့ အားပေးမှုတွေ ရလာတာပါ။

ညီမလေးအနေနဲ့ အနုပညာအတွက် ဆိုရှယ်မီဒီယာကိုအသုံးချပြီး ကိုယ့်ကိုယ် ကိုယ် လူသိလာအောင်လုပ်တာမျိုး ရှိလား။

----- အဲဒီလိုမျိုးတော့ မရှိပါဘူး၊ ကိုယ့်ဘာသာ ၀ါသနာအရ ပုံလေးတွေရိုက်ဖြစ် တယ်၊ တင်ဖြစ်တယ်။ အဲဒီကနေပဲ လူသိတာပါ။ ညီမဆို ဖေ့ဘုတ်ကိုပိုက်ဆံ ပေးရတဲ့ sponsor post တောင်မလုပ်ဖြစ်ဘူး၊ ဒီတိုင်း တင်တာပဲ။

ညီမလေးမှာ သမီးလေးရှိတယ်ဆိုတော့ သမီးနဲ့ပတ်သက်ပြီး ဘယ်လို ဆက်ဆံမှုမျိုးတည်ဆောက်ထားလဲ။

----- သမီးကလည်း Happy Type ပဲ၊ အမေကိုဂျီကျတာမျိုးဘာညာ သိပ်မရှိ ဘူး၊ အမေနဲ့ ဆုံရင်လည်း ကစားလိုက်ပြု လိုက်နေတာပါ။

ညီမလေးက ဖေ့ဘုတ်အပြင် တခြားအင်စတာဂရမ်တို့ ဘာတို့လည်းသုံးတော့ ဖေ့ဘုတ်နဲ့တခြား ဆိုရှယ်မီဒီယာ တွေက ဘယ်လိုကွာခြားတယ်လို့ မြင်မိလဲ။

----- အင်စတာဂရမ်ကတော့ ဒီကလူတွေကသုံးပေမယ့် ဖေ့ဘုတ်ကိုပဲ ပိုသုံးကြ တယ်လေ။ ကျွန်မလည်း ဖေ့ဘုတ်ကို ပဲ ပိုသုံးဖြစ်တယ်။ Viber ကြတော့လည်း အမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ Video call ခေါ်တာတွေအတွက် လွယ်တော့သုံးဖြစ်တယ်။ ညီမအတွက်ကတော့ ဖေ့ဘုတ်နဲ့ Viber ကတော့ အဓိက အသုံးဝင်တယ်။

ညီမလေးဖေ့ဘုတ်အကောင့် ဟက်ခံရတာမျိုး ရှိသေးလား။

----- တစ်ခါမှမကြုံဖူးဘူး။ သူများတွေတော့ အကောင့်ဟက်ခံရတယ် ဘာညာ ပြောသံကြားတယ်လေ၊ ညီမတော့ မဖြစ်ဖူးပါဘူး။

ဖေ့ဘုတ်နဲ့ ပတ်သက်ပြီး Security ပိုင်းတွေဘာတွေ လေ့လာ ဖြစ်တာမျိုးရော ရှိသေးလား။

----- ဖေ့ဘုတ်ပဲမဟုတ်ဘူး၊ ဖုန်းတွေဘာတွေဆိုလည်း မကလိတတ်ဘူး။ ဖေ့ဘုတ်ကလည်း ရိုးရိုးပဲသုံးတတ်တယ်။ လုံခြုံရေးတွေဘာတွေတောင် သိပ်မသိဘူး။

ဆိုရှယ်မီဒီယာကို သုံးတာက အနုပညာပိုင်းအတွက်အကောင်းနဲ့ အဆိုး ဘယ်ဟာကပိုများတယ်လို့ ထင်မိလဲ။

----- အကောင်းနဲ့အဆိုးက ဒွန်တွဲနေတော့ ၅၀ ၊ ၅၀ လို့ထင်တယ်။ ကောင်းတဲ့ အချက်က ဒီပေါ်ကိုတင်လိုက်ရင် မြန်မြန်ဆန်ဆန်ပဲ ပရိသတ်လက်ထဲကို ရောက်တယ်။ မကောင်းတာကတော့ ကိုယ့်ကိုမနှစ်သက်တဲ့လူက ကိုယ့်ကို ဆိုးဆိုးရွားရွားလာပြောရင် စိတ်ညစ်ရတာပေါ့။ အမျိုးမျိုးပါပဲ။

ညီမလေးကိုရော အဲဒီလိုမျိုး အဆိုးတွေပြောခံရတာမျိုး ရှိသေးလား။ အဆိုးဆုံး အနေနဲ့ ဘယ်လိုမျိုးတွေ ပြောကြလဲ။

----- အဆိုးဆုံးကတော့ ဟိုတလောက ညီမတင်တဲ့ပုံလေးတွေကို ပြင်ပြီး တင်တာကို လို့ထင်တာပဲ။ တခြားတော့ မတွေ့မိတာက ညီမပဲ Website တွေ ၀င်မကြည့်ဖြစ်လို့လားမသိဘူး၊ မတွေ့မိဘူး။

အဲဒီတုန်းက ညီမလေးက ဟုတ်တယ် ဒီပုံလေးတွေက ပြင်ထားတယ်ဆိုပြီး ၀န်ခံလိုက်တော့ လူပိုသိသွားတယ်လို့ရော ထင်မိလား။

----- ဟုတ်တယ်၊ လူသိများသွားတာပေါ့။ ညီမကတော့ ဒါကို အဆိုးလို့လည်း မမြင်ပါဘူး။ အကောင်းလို့လည်း မမြင်ဘူး။ ခုခေတ်ကတော်တော်များများက ဒီလိုပဲ ပုံလေးတွေကို ပြင်လေ့ရှိတာပဲလေ။ သူတို့ပြောတော့ ကိုယ်ကလည်း ပြင်ထားတာဆိုတော့ စိတ်ထဲအများကြီးတော့ မရှိပါဘူး။

ညီမလေးက ဓာတ်ပုံရိုက်တာ၊ ပြင်တာကို သီးသန့်ဝါသနာပါတာ မျိုးလား။

----- မဟုတ်ပါဘူး၊ အရင်တုန်းကတော့ ဓာတ်ပုံတွေရိုက်ရင် သူငယ်ချင်းက ရိုက်ပေးတာလည်း ရှိတယ်၊ နီးစပ်ရာ ၀န်ထမ်းလေးတွေဖြစ်ဖြစ် ရိုက်ခိုင်းတာ လည်းရှိတယ်။ တချို့က ရိုက်ပေးတတ်တာရှိသလို၊ တချို့ကလည်း ရိုက်မပေး တတ်တာရှိတယ်လေ။ ပုံမှာ ကိုယ်ကပိုပြီး ပုသွားသလိုဖြစ်နေရင် ဒါလေးကို ပြင်လိုက်ရင် ဒီပုံလေးက ပိုအဆင်ပြေ သွားမယ်ဆိုပြီး ပြင်တာတော့ရှိပါတယ်။

ဆိုရှယ်မီဒီယာမှာ ဒီလိုမျိုး အဆိုးပြောခံရတော့ ဘယ်လိုစိတ်မျိုး ဖြစ်မိလဲ။

----- ကိုယ်ကဘာရယ်မဟုတ်လုပ်လိုက်ပေမယ့် ကိုယ့်ကို အဆိုးမြင်ပြီး ပြောနေတာက တစ်ယောက်နှစ်ယောက် မဟုတ်တော့ဘဲ အများကြီး ဆက်တိုက်ပြောလာကြတဲ့အခါကျတော့ ဟာ..ငါ့ကို ဒီလောက်တောင် စိတ်ဝင်စား ကြတာလားပေါ့။ စိတ်ထဲမှာတော့ ဘာမှသိပ်မဖြစ်တော့ပါဘူး။ အဲဒီပုံကိုလည်း မဖျက်ဘူး၊ ဒီတိုင်းပဲထားတယ်။

ညီမလေးအနေနဲ့ အဲဒီပြဿနာဖြစ်ပြီးနောက်ပိုင်း အနုပညာ အလုပ်တွေ ပိုလုပ်လာရတယ်လို့ ထင်မိလား။

----- ဟုတ်တယ်၊ အရင်ကတော့ အားလပ်ချိန်လေးမှာ အေးအေးဆေးဆေး ပုံလေးတွေရိုက်တယ်၊ တင်တယ်။ ဒီလောက်ပဲကနေ ရုတ်တရက်ဆိုရှယ်မီဒီယာ မှာ ကျွန်မပုံတွေ share တဲ့အခါကြတော့ လူသိများသွားတာပေါ့။
စီးပွားရေး လုပ်ငန်းရှင်တွေဆိုလည်း ဖေ့ဘုတ်မှာ လူသိများတဲ့သူဆိုရင် သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ကြော်ငြာ ပေးစေချင် ကြတယ်လေ။ အဲဒီကိစ္စ ကြောင့်ပဲ အလုပ်ပိုပြီးလုပ်လာရတယ်ပဲ ပြောရမှာပါ။

ညီမလေးရဲ့ သမီးလေးကရော ဘယ်နှတန်းတက်နေပြီလဲ။

----- သူက လေးတန်းတက်နေပါတယ်။

ကုမ္ပဏီတွေက အလုပ်တွေ ကမ်းလှမ်းလာတဲ့အခါမှာ အရင်က ကိုယ်က Sexy ဘက်ဆန်တဲ့ပုံတွေ တင်ဖူးတော့ အလုပ်မှာ သက်ရောက်မှုတွေဘာတွေရှိလား။

----- ညီမက စိတ်ကို အမြဲ free ပဲထားထားတယ်။ သူတို့ကြိုက်လို့ လာ ကမ်းလှမ်း တယ်လို့ပဲ ယူဆတယ်လေ။ ညီမက ပုံဟောင်းတွေလည်း မဖျက်ထားပါဘူး။ လုပ်ငန်းရှင်တွေကလည်း သူတို့ကြိုက်လို့ကို ကမ်းလှမ်း လာတယ်လို့ ယူဆပါတယ်။ အဲဒီအပိုင်းကိုလည်း သိပ်မစိုးရိမ်ပါဘူး။

ညီမလေးကို လူပိုသိလာပြီးတဲ့နောက်မှာ ဘယ်လိုကိစ္စမျိုးကိုတော့ ဆိုရှယ် မီဒီယာမှာ မတင်ဘူးဆိုပြီး ရှောင်ဖြစ်တာမျိုးရှိလား။

----- အရင်တုန်းကဆိုရင် ဟာသပုံစံလေးတွေကို share လိုက်ရမှ ကျေနပ်တာ၊ အခုနောက်ပိုင်းတော့ ကိုယ်တိုင် လည်း ဟာသပုံစံတွေ သိပ်မရေးဖြစ်သလို၊ ဟာသတွေတွေ့ရင်လည်း သိပ်ပြီး မ share ဖြစ်တော့ဘူး။ ဒါတောင် တစ်ခါတလေ မနေနိုင်ဘူး။ share တာပဲ။

ဆိုရှယ်မီဒီယာပေါ်မှာ လုံးဝမတင်ဖြစ်အောင် သတိထားမိတာ မျိုးရှိလား။

----- အဲလိုမရှိပါဘူး။ လွတ်လွတ်လပ်လပ်ပါပဲ။

ကိုယ်က ရိုးရိုးပဲတင်လိုက်ပေမယ့် အဲဒီပေါ်မှာ တခြားသူက အထင်အမြင်လွဲပြီး ပြောခံရတာမျိုးရောရှိလား။

----- မကြုံဖူးသလောက်ပါပဲ။ ကိုယ့်ကို ဘယ်သူများပြောမလဲဆိုတာမျိုး သိပ်ပြီးစိတ်မ၀င်စားတတ်တာရယ်။ ပြီးရင် တင်တဲ့ဟာတွေကလည်း သူများ ကိုပုတ်ခတ်တာမျိုးလည်း မရှိတော့ ထိခိုက်မိမယ်လို့လည်း မထင်ပါဘူး။

ကိုယ်တင်လိုက်တာပေါ်မှာ အဆိုးပြောခံရတာမျိုး ရှိဖူးလား။

----- ရှိပါတယ်။ ကိုယ်ကတော့ တင်လိုက်ပြီးရင် အကုန်လုံးက ဘာတွေပြော နေတယ်ဆိုတာတော့ လိုက်မကြည့်နိုင် တာလည်း ရှိတယ်လေ။သူတို့ကတော့ အဆိုးမြင်ပြီးပြောနေတာတွေလည်း ရှိတာပေါ့။ ဒါပေမယ့် သိပ်တော့ စိတ်ထဲ မထားဖြစ်ပါဘူး။ အများအားဖြင့် Reply လည်း သိပ်မလုပ်ဖြစ်ဘူး၊ သူ့ကျ တော့ပြန်တယ်၊ သူ့ကျတော့ မပြန်ဘူး အဲဒီလိုဖြစ်မှာစိုးလို့လေ။ ဖေ့ဘုတ် သုံးတယ် ဆိုတာကလည်း ဖွင့်လိုက်တယ်၊ ကိုယ်တင်ချင်တာလေး တင်တယ်၊သူငယ်ချင်းတွေတင်ထားတာကို အသိအမှတ်ပြုတဲ့အနေနဲ့ like လုပ်ပေးတယ်။ ပြီးရင် YouTube ကြည့်တယ်၊ အဲလောက်ပါပဲ။

ဟိုတလောက အင်တာဗျူးမှာ လုလုအောင်က အိမ်ထောင် ထပ်မပြုတော့ဘူး၊ စိတ်ချလို့ရပြီဆိုပြီး ညီမလေးရဲ့ Interview ကဟာကို share ကြတော့ ညီမလေးကိုယ်တိုင်ကရော အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး နောက်ထပ် ဘယ်လိုစဉ်းစားထား လို့လဲ။

----- အဲလိုကြီးတော့ သေချာဆုံးဖြတ်တာမျိုးမရှိပါဘူး။ စကားကို ကုန်အောင် မပြောနဲ့ဆိုတာမျိုးကလည်း ရှိတော့လေ၊ အချိန်ရာသီနဲ့ ဒေသအလိုက်ပါပဲ။ အခုလက်ရှိမှာတော့ ဒါကိုလုံးဝမစဉ်းစားသေးဘူး၊ နောက်ပိုင်းတော့ မပြော တတ်သေးပါဘူး။

ညီမလေး အခုတစ်လော ဓာတ်ပုံတင်တာဘာညာနဲ့ ပတ်သက်ပြီး အရင်နဲ့ မတူတဲ့ ပုံစံတွေဝတ်လာဖြစ်တာမျိုး ရှိလား။

----- အရင်တုန်းကတော့ ကိုယ့်ဘာသာအဆင်ပြေတာလေး ၀တ်တာလေ၊ အခုကြတော့ ဒီဇိုင်နာတွေက အဆင်ပြေမယ့် ပုံစံလေးတွေ ချုပ်ပေးတယ်လေ။ သူတို့ကလည်း ကျွန်မအရင်တုန်းက ၀တ်တဲ့ပုံစံလေးတွေ မဟုတ်တဲ့ဟာ မျိုး လုပ်ပေးတာလည်းပါတယ်။ Taste အမျိုးမျိုး ဖြစ်အောင်ပေါ့။

ဆိုရှယ်မီဒီယာမှာ အဖော်အချွတ်လိုင်းသွားတာရှိတယ်၊ Sexy ပုံစံသွားတာလို့ လည်း တချို့ပြောကြတယ်၊ ညီမလေးကရော ဘယ်လိုပုံစံကိုအားသာတာလဲ။

----- ညီမက Fitness Model ပုံစံမျိုးကို ပိုအားသာပါတယ်။ စမတ်ကျပြီး Fitness ဆန်တဲ့ မော်ဒယ်မျိုး ပိုဖြစ်ချင်ပါတယ်။

အခုလက်ရှိ အနုပညာလှုပ်ရှားမှုလေးတွေ မိတ်ဆက်ပေးပါဦး။

----- ကြော်ငြာလေးတွေရိုက်တယ်၊ မဂ္ဂဇင်းတွေအတွက်ရိုက်တယ်၊ အရင်တုန်း ကလည်း ဒီလိုပဲ ဓာတ်ပုံမော်ဒယ် အနေနဲ့လုပ်တယ်။

သရုပ်ဆောင်ပိုင်းရော လုပ်ဖူးလား၊ ကမ်းလှမ်းလာရင်ရော လုပ်ဖို့ရှိလား။

----- အရင်တည်းက ဇာတ်ကားတွေဘာတွေ သရုပ်ဆောင်ပိုင်းတော့ မလုပ်ဖူး ဘူး။ နောက်လည်း ကမ်းလှမ်းလာရင် လည်း လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ သရုပ်ဆောင်အလုပ်ကတော့ လုပ်ဖို့အစီအစဉ် လုံးဝမရှိပါဘူး။

ညီမလေးရဲ့ Life style ခံယူချက်လေးကို ပြောပြပေးပါဦး။

----- ညီမအနေနဲ့ ဒီလိုလေးပဲ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် သမီးလေးနဲ့ပဲ ဖြတ်သန်းချင်ပါတယ်။ အများကြီးမျှော်လင့် ထားတာလည်း မရှိပါဘူး။

ကွန်မန့်တွေမှာ သူက သမီးလေးရှိရဲ့သားနဲ့ ဘာလို့ဒီလိုပုံလေးတွေ တင်လဲ မသိဘူးပြောကြတာကိုရော ဘယ်လို မြင်မိလဲ။

----- အမှန်ကတော့ သူတို့က မြန်မာအမျိုးသမီးတွေရဲ့ရိုးရာအတိုင်း ပြောတာ ပေါ့လေ။ ဒါကသူတို့အမြင်ဆိုတော့ ဘာမှတော့ မဝေဖန်ချင်ပါဘူး၊ ဒါက ကိုယ့်ဘ၀နဲ့ပဲ ဆိုင်တာလေ သူတို့ကလည်း သူတို့လွတ်လပ်ပိုင်ခွင့်နဲ့ ပြော တယ်။ ကျွန်မလည်း ကိုယ်လုပ်စရာရှိတာပဲ လုပ်ပါတယ်။

ညီမလေးက အိမ်ထောင်ကွဲခဲ့ဖူးတော့ နောက်တစ်ခါဆိုတာမျိုးကို လန့်သွား တာမျိုး ဖြစ်မိသေးလား။

----- အဲဒီလိုက အနည်းနဲ့အများတော့ ရှိကောင်းရှိမှာပါ။ ကိုယ့်စိတ်ကိုယ်လည်း သေချာမဆန်းစစ်မိတော့ ရှိမယ်လို့ပဲ ထင်ပါတယ်။

ညီမလေးအနေနဲ့ အိမ်ထောင်တစ်ခုမှာ ကွဲကွာစေတဲ့ အကြောင်းအရာတွေ၊ တွန်းအားတွေက ဘယ်လိုဟာတွေ လို့ ထင်မိလဲ။

----- တစ်ယောက်နဲ့တစ်ယောက်ပွင့်ပွင့်လင်းလင်းနဲ့ ငါတော့ ဒီလိုခံစား နေရတယ်၊ ငါတော့ ဒီလိုဖြစ်နေတယ်ဆိုပြီး အပြန်အလှန် သူ့စိတ်လည်းပြောပြ၊ ကိုယ့်စိတ်လည်း အပြန်အလှန်မပြောပြဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲတာမျိုးဖြစ်တတ်တာပေါ့။ ဒါကြောင့် အခုလက်ရှိ အတွဲတွေ၊ အိမ်ထောင်ဖက်တွေကို ပြောချင်တာက တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းဖို့ ပြောချင်ပါတယ်။

အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment